11 August 2010

ပတ်စပို့ လျှောက်ထားရာတွင် ဘွဲ့လျော်ကြေးပေးကာ လျှောက်ထားသူများ ယခင်ကထက် ပိုမိုများပြားလာ

နိုင်ငံကူးလက်မှတ် ပတ်စပို့ လျှောက်ထားသူများတွင် မိမိ၏ ပညာအရည်အချင်း အတွက် ဘွဲ့လျော်ကြေး(ခ) EC ပြုလုပ်၍ ပတ်စပို့ လျှောက်ထား ခြင်းအား ယခင်ကထက် ပိုမိုပြုလုပ်လာကြကြောင်း သိရသည်။ အဆိုပါ ဘွဲ့လျော်ကြေး (ခ)EC ဆိုသည်မှာ အကြောင်း အမျိုးမျိုးကြောင့် ပြည်ပ သွားရောက်မည့်သူများ အနေဖြင့် နိုင်ငံကူးလက်မှတ် ပတ်စပို့ လျှောက်ထားရာတွင် မိမိ၏ ပညာအရည်အချင်းအတွက် ဘွဲ့လျော်ကြေး (ခ) EC ပေးသွင်းရခြင်း ဖြစ်ပြီး မည်သူမဆို မြန်မာနိုင်ငံရှိ တက္ကသိုလ်များတွင် ဒုတိယနှစ်အောင်မှစ၍ ဘွဲ့ရပြီးသော သူများ အားလုံး ပေးဆောင်ရကြောင်း၊ ပတ်စပို့အား စက်ဖြင့် ဖတ်ရှုစစ်ဆေးနိုင်သော (MRP) စနစ်သစ်ဖြင့် ပြောင်းလဲ လိုက်ပြီးနောက် ဘွဲ့လျော်ကြေး (ခ)EC ပြုလုပ်၍ ပတ်စပို့ လျှောက်ထားသူများမှာ ယခင်ကထက် ပို၍များပြား လာကြောင်း သိရသည်။

ဘွဲ့လျော်ကြေး (ခ)ECအား အဆင့်မြင့်ပညာ ဦးစီးဌာန (အဝေးသင်တက္ကသိုလ်) တွင် သွားရောက် ပြုလုပ်နိုင်ပြီး ဘဏ်တွင် ငွေသွင်းခြင်းအား ဘာတာမှတ်တိုင်အနီးရှိ မြန်မာ့စီးပွားရေးဘဏ် (ကမာရွတ်) ဘဏ်ခွဲတွင် ဆောင်ရွက်ရကြောင်း၊ လျော်ကြေးငွေအား ဘွဲ့အလိုက် (ဘွဲ့လွန်မပါ) ကျပ်တစ်သောင်းမှ တစ်သောင်း ငါးထောင်ကျော် အထိ ပေးသွင်းရကြောင်း၊ ဘဏ်မှ ပေးလိုက်သော စာရွက်အား မိတ္တူကူးကာ အဆင့်မြင့်ပညာ ဦးစီးဌာနသို့ ချလန်တစ်စောင်နှင့် မိတ္တူပေးရန် လိုအပ်ကြောင်း Flower News ဂျာနယ်တွင် ဖော်ပြထားပါသည်။