13 August 2010

၂၀၁၀ ရွေးကောက်ပွဲကို လာမည့် နိုဝင်ဘာလ(၇)ရက်နေ့တွင် ကျင်းပပြုလုပ်မည်ဟု ကြေငြာချက်နဲ့ ပတ်သတ်ပြီး ရှေ့နေကြီး ဦးဥာဏ်ဝင်း ပြောဆိုချက်..

၂၀၁၀ ရွေးကောက်ပွဲအား လာမည့် နိုဝင်ဘာလ (၇)ရက်နေ့မှာ ကျင်းပပြုလုပ်မှာ ဖြစ်ကြောင်း ယနေ့ မနက်(၁၀)နာရီက စစ်အစိုးရ (MRTV) သတင်းမှ ကြေငြာသွားပါတယ်..။ ထိုသတင်းနဲ့ ပတ်သတ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် CEC အဖွဲ့ဝင် ရှေ့နေကြီးဦးဥာဏ်ဝင်းရဲ့ ပြောဆိုချက်ကို တင်ပြလိုက်ရပါတယ်..။

ဒီနေ့မနက် (၁၀)နာရီက (MRTV) သတင်းဋ္ဌာနကနေပြီးတော့ လာမည့် နိုဝင်ဘာလ (၇)ရက်နေ့မှာ ကျင်းပပြုလုပ်မယ်လို့ ကြေငြာသွားပါတယ်။ အန်ကယ်အမြင်ကို ပြောရရင် ဒီအချိန်နဲ့ ဒီအခြေအနေ ရွေးကောက်ပွဲ ကြေငြာတဲ့ရက်နဲ့ ကျင်းပမယ့်ရက်နဲ့ ဒီလောက်နီးတာ ဘယ်လိုလုပ်.. ... အဆင်ပြေ နိုင်မလဲဗျာ...ဒါကတစ်ချက် .. ဒုတိတစ်ချက်က အခုအချိန်အထိ ဘာမှ ထုတ်ပြန်ခွင့်မရှိဘူး ပါတီတွေက ..နောက် သတင်းရယူခွင့် သတင်းထုတ်ပြန်ခွင့် မရှိဘူး.. နှစ်ခုပေါ့နော် အဲ့ဒါတွေကြောင့် ဘယ်လိုမှ Free and Fair မဖြစ်နိုင်ဘူး..

နောက်ဒေါ်အောင်ဆန်းစုကြည်က လာမည့်နိုဝင်ဘာလ (၁၃)ရက်နေ့မှ နေအိမ်အကျယ်ချုပ်မှ လွတ်ရက်စေ့မှာဖြစ်ပါတယ်.. ထိုအကြောင်းနဲ့ ပတ်သတ်ပြီး မေးမြန်းရာမှာ.. ဒေါ်အောင်ဆန်းစုကြည်က လာမည့်နိုဝင်ဘာလ (၁၃)ရက်နေ့ သူတို့ဥပဒေအရဆိုရင် ပြန်လွတ်ရမှာ ဖြစ်ပါတယ်...။ အဲ့ဒီမတိုင်ခင် ကျင်းပတာပေါ့လေ.. အဲ့ဒါကို ရှောင်တာ မရှောင်တာတော့ သူတို့ ဘယ်လို ဆုံးဖြတ်လဲတော့ မသိဘူးပေါ့ ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် CEC အဖွဲ့ဝင် ရှေ့နေကြီးဦးဥာဏ်ဝင်းက ပြောဆိုသွားပါတယ်..


ဒီမိုဝေယံ

......................................................................................................................................................................



မြန်မာနိုင်ငံ ရွေးကောက်ပွဲ ကော်မရှင် (UEC) မှ ၂၀၁၀ ရွေးကောက်ပွဲ ကျင်းပ ပြုလုပ်မည့်ရက် ထုတ်ပြန် ကြေငြာ




၂၀၁၀ ရွေးကောက်ပွဲအား နိုဝင်ဘာလ ၇ ရက်နေ့ (တနင်္ဂနွေနေ့တွင်) ကျင်းပမည် ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် (UEC) က ယနေ့ သတင်း ထုတ်ပြန် ခဲ့သည်။ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥပဒေ ၈ ပါ တာဝန် နှင့် လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ သက်ဆိုင်ရာ လွှတ်တော် ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၃၄ (ဂ) နှင့် နည်းဥပဒေ ၁၆ (ဃ) တို့အရ ၁၃၇၂ ခုနှစ် တန်ဆောင်မုန်းလဆန်း ၁ ရက်နေ့ ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလ ၇ ရက် တနင်္ဂနွေနေ့တွင် လွှတ်တော် အသီးသီး အတွက် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲများ ကျင်း ပြုလုပ်မည် ဖြစ်ကြောင်း ယနေ့ နံနက်ခင်း သတင်းတွင် မြန်မာ့ ရုပ်မြင် သံကြား (MRTV) လည်း ကြေညာခဲ့ခြင်း ဖြစ်သည်။

ပြည်သူ့ လွှတ်တော် မဲဆန္ဒနယ် ၃၃ဝ ဟု ကော်မရှင် က သတ်မှတ် (၁၁.၈.၂၀၁၀) နေတွင် သတ်မှတ် ကြေငြာ ပြီးနောက် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲများ ကျင်း ပြုလုပ်မည် ဖြစ်ကြောင်း ထပ်မံကြေငြာခြင်း ဖြစ်သည်။ လက်ရှိ၌ နိုင်ငံရေး ပါတီ တည်ထောင် ခွင့်နှင့် ဆက်လက် တည်ထောင်ခွင့် လျှောက်ထားသည့် ပါတီ ၄၇ ပါတီ ရှိသွားပြီ ဖြစ်ပြီး နိုင်ငံရေး ပါတီ မှတ်ပုံတင်ခွင့် လျှောက်ထားသည့် ပါတီ ၄၁ ပါတီ အနက် ပါတီ ၄၀ ကို မှတ်ပုံ တင်ခွင့် ပြုခဲ့ပြီး ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ ထုတ်ပြန် ချက်များအရ သိရှိရပါသည်။