11 August 2010

မြန်မာပြည်ရှိ အဆောက်အဦးများကို မဆောက်နိုင်ဘဲ ကန်ထရိုက်တချို့လိမ်လည်မှုများပြုလုပ်နေသည်ကိုခံနေရသော မြေရှင်များ၏ရင်ဖွင်သံ


ကန်ထရိုက်တိုက်များကို အချိန်မီပြီးစီးစေရန် မဆောက်လုပ်နိုင်ဘဲ ကန်ထရိုက်တာအချို့တိမ်းရှောင်သည့် ဖြစ်ရပ်များရှိခဲ့ပြီး အဆောက်အအုံ အပြီးမဆောက်လုပ်နိုင်၍ မြေရှင်က ကိုယ်စားလှယ်လွှဲစာ ရုပ်သိမ်းပေးရန် တောင်းဆိုမှုအပေါ်တွင် အကျပ်ကိုင်ငွေတောင်းမှုနှင့် လျော်ကြေးတောင်းခံမှုများလည်း ရှိကြောင်း သိရသည်။

ကန်ထရိုက်တာများနှင့် မြေရှင်များအကြား ဖြစ်ပွားခဲ့သော ကိစ္စရပ်များထဲတွင် ကန်ထရိုက်တာက သတ်မှတ်ကာလအတွင်း အဆောက်အအုံကို ပြီးဆုံးအောင် မဆောက်လုပ်နိုင်ခြင်း၊ မြေရှင်နှင့် ကန်ထရိုက်တာများအကြား သဘောတူ ကတိစာချုပ်များ ချုပ်ဆိုပြီး ကိုယ်စားလှယ်လွှဲစာ လွှဲအပ်ပြီးနောက် ကန်ထရိုက်တာက နှစ်ချီကြာသည်အထိ လုပ်ငန်းမစတင်ခြင်းတို့ ပါဝင်ကြောင်း သိရသည်။

ထို့ပြင် ကန်ထရိုက်တာများနှင့် မြေရှင်များအကြား ဖြစ်ပွားခဲ့သော ကိစ္စရပ်များထဲတွင် ကန်ထရိုက်တာတစ်ဦးက သတ်မှတ်ကာလအတွင်း အဆောက်အအုံကို ပြီးဆုံးအောင် မဆောက်လုပ်နိုင်သည်ကို နောက်တစ်ဦးအား ထပ်မံ၍ အလုပ်အပ်ရာမှ ထပ်မံ၍ အလိမ်ခံရခြင်း၊ ကန်ထရိုက်တာ ထွက်ပြေး၍ ကြိုပွိုင့်ဝယ်ထားသူများ နစ်နာခဲ့ရခြင်း၊ အဆောက်အအုံ အကြမ်းထည်နီးပါး ပြီးဆုံးချိန်တွင် ဆက်မဆောက်ဘဲ ကန်ထရိုက်ထွက်ပြေးခဲ့ရာ ကြိုပွိုင့် ၀ယ်ထားသူများနေစရာမရှိ၍ အကြမ်းထည်သာ ပြီးသေးသည့်တိုက်ပေါ်တွင် နေထိုင်ရခြင်းတို့ ပါဝင်ကြောင်းသိရသည်။

ကန်ထရိုက်တာများက အဆောက်အအုံများကို အချိန်မီပြီးစီးစေရန် ဆောက်လုပ်နိုင်ခြင်း မရှိသည်ဟုဆိုရာတွင် လူအများနေထိုင်လျက်ရှိသော အဆောက်အအုံကို ကန်ထရိုက်တိုက်အဖြစ် ဆောက်လုပ်ရန် နေထိုင်သူများကို ဖယ်ခိုင်းပြီးနောက် အဆောက်အအုံကို ဖြိုဖျက်ကာ ဆက်လက် မဆောက်လုပ်နိုင်သည့် ဖြစ်ရပ်များရှိခဲ့ကြောင်း၊ လူနေထိုင်သောအိမ်အား မဖျက်သေးသော်လည်း အဆောက်အအုံ ဆောက်လုပ်ရန် လိုအပ်သည့်လုပ်ငန်း ဆောင်ရွက်မှုဆိုင်ရာ စာရွက်စာတမ်းကိစ္စ၊ သက်ဆိုင်ရာသို့ လျှောက်ထားခွင့်ပြုချက် ရယူရမည့်ကိစ္စများကို နှစ်ချီသည် အထိ မလုပ်ဆောင်ဘဲ နေခြင်းများလည်း ရှိကြောင်း သိရသည်။

ဆောက်လုပ်ဆဲ အဆောက်အဦတစ်ခုကို တွေ့ရစဉ်

"ကျွန်မတို့ အိမ်ကိုဖျက်ပြီး ကန်ထရိုက်တိုက်ဆောက်ဖို့ ကန်ထရိုက်တာ တစ်ဦးနဲ့သဘောတူညီမှုရတယ်။ ပြီးတော့လိုအပ်တဲ့ စာရွက်စာတမ်းတွေ နဲ့ ခိုင်မာတဲ့ သဘောတူညီမှု စာချုပ်တွေ ဘာတွေချုပ်ဆိုပြီး တိုက်ကိုစဆောက်တယ်။ ကြိုပွိုင့် ၀ယ်ထားသူတွေလည်း ရှိတယ်။ ကန်ထရိုက်က ဆက်ပြီးမဆောက်တော့ဘဲ ထွက်လည်းပြေးရော မြေရှင်ရော၊ ကြိုပွိုင့်ယူထားသူတွေပါ ပြဿနာ တက်ကုန်တယ်။ ဒါနဲ့ နောက် ကန်ထရိုက်တစ်ယောက်ကို ထပ်အပ်ပြီး ဆက်ဆောက်တော့လည်း ထပ်ပြီး ထွက်ပြေးတယ်။ နောက်ဆုံး မြေရှင်ရယ်၊ ကြိုပွိုင့်ဝယ်ထားသူတွေရယ် စရိတ်မျှခံပြီး တိုက်ကိုမပြီးပြီးအောင် မနည်းဆောက်လိုက်ရတယ်။ အဲဒီမှာ ဘာပြဿနာတက်လဲဆိုတော့ အခန်းပိုင်ရှင်တွေက တိုက်ခန်းတွေကို ပြန်လည်းရောင်းရော တချို့က၀ယ်ပေမယ့် တချို့ကကန်ထရိုက်တွေ ခဏ ခဏပြောင်းနေတာ အရှုပ်အရှင်းရှိ တယ်ထင်ပြီး မ၀ယ်ရဲကြဘူး"ဟု ဗဟန်းမြို့နယ်နေ ကိုယ်တိုင်ကြုံရသူ မြေရှင်တစ်ဦးက ဆိုပါသည်။

"မြေရှင်က ကန်ထရိုက်တာနဲ့ သဘောတူညီချက် ရယူတယ်။ ပြီးတော့ စာချုပ်ချုပ်ဆိုပြီး ကိုယ်စားလှယ်လွှဲစာ လွှဲအပ်ခဲ့တယ်။ တစ်နှစ်သာကျော် သွားတယ် အဆောက်အအုံဖြိုဖျက်ခွင့်၊ အဆောက်အအုံ ဆောက်လုပ်ခွင့်နဲ့အခြား လိုအပ်တဲ့သက်ဆိုင်ရာနဲ့ ဆောက်ရွက် ရမယ့် ကိစ္စရပ်တွေကို လုံးဝမလုပ်ဆောင်သေးဘူး။ ဒါကြောင့် နောက်တစ်ယောက်နဲ့ ပြောင်းဆောက်ဖို့ ကိုယ်စားလှယ် လွှဲစာရုပ်ပေးဖို့ပြောတော့ လျော်ကြေးတောင်းတယ်"ဟု ကမာရွတ် မြို့နယ်အတွင်း နေထိုင်သူတစ်ဦးက ဆိုပါသည်။

အချို့သော ကန်ထရိုက်တာများသည် မြေရှင်နှင့်စာချုပ်ချုပ်ဆိုရာတွင် သဘောတူစာချုပ်ထဲ၌ မည်သည့်အချိန် စတင်ဆောက်လုပ် ပေးမည်ဟူသည့် အချက်အားမထည့်ကြောင်းနှင့် အိမ်ရှင်မှ တောင်းဆိုပါကလည်း ရုံးများနှင့် ခွင့်ပြုချက်ယူပြီး လုပ်ရမည့်အလုပ်ဖြစ်သည်ဟု အကြောင်းပြကာ အချိန်အတိ အကျထည့်ရန် ငြင်းဆိုကြကြောင်း သိရသည်။

ဘယ်လိုဘယ်ပုံ တိုက်တာ အဆောက်အအုံကြီးတွေ ဆောက်မှာ ဖြစ်လို့ ဖယ်ပေးကြပါဆိုလို့ လက်ရှိ နေထိုင်နေသူတွေက ဖယ်ပေးလိုက်ရတယ်။ ပြီးစီးအောင်လည်း မဆောက်နိုင်တဲ့အခါ နေရာဖယ်ပေးရလို့ နေစရာမရှိအောင် ဒုက္ခရောက်ရသူတွေ အများကြီးပါပဲ။ အဲဒီလို လူတွေ ဘ၀ မထိစေနိုင်အောင် စာနာစိတ်နဲ့ အမြန်ဆုံးပြီးအောင်တော့ ဆောက်ပေးကြစေချင်ပါတယ်။

ယခုနောက်ပိုင်းတွင် စာချုပ်ထဲ၌ ဖြစ်နိုင်ခြေရှိပြီးတရားမျှတသည့် စတင်ဆောက်လုပ်နိုင်မည့် ရက်အတိုင်းအတာကိုပါ ချုပ်ဆိုရန်လိုအပ်လာကြောင်း နှင့် ယင်းသို့ ထည့်သွင်းချုပ်ဆိုထားမှသာ ယင်းအပေါ်တွင် အခွင့်အရေး ယူကာ အချိန်ဆွဲခြင်းများ ပြုလုပ်နိုင်တော့မည်မဟုတ်ကြောင်း ဆောက်လုပ်ရေးလုပ်ငန်းနှင့် နီးစပ်သူတစ်ဦးက ဆိုပါသည်။

"ခွင့်ပြုမိန့်ကျတာနဲ့တိုက်ကို စဆောက်ပေမယ့် စာချုပ်ပါသတ်မှတ် ကာလသာကျော်သွားတယ်။ တိုက်က တစ်ဝက်တောင်မပြီးဘူး။ ဒါနဲ့ ကျွန်မတို့လည်း တခြားကန်ထရိုက်နဲ့ ပြောင်းဆောက်မယ်ဆိုပြီး ကိုယ်စားလှယ်လွှဲ စာပြန်ရုပ်သိမ်းပေးဖို့ ကန်ထရိုက်ကို ပြောတယ်။ သူကပြန်မရုပ်သိမ်းပေးဘဲ ပစ္စည်းဈေးတွေတက်လို့ ဆက်မဆောက် သေးတာလို့အကြောင်းပြတယ်။ ကိုယ်စားလှယ်လွှဲစာ ရုပ်သိမ်းပေးဖို့ပြောတော့ တစ်ပိုင်းတစ်စဆောက်လုပ်ခဲ့စဉ် ကုန်ကျငွေထက်ပိုတဲ့ ငွေပေးဖို့ မြေရှင်ကိုအကျပ်ကိုင် ငွေတောင်းပါတယ်။ ကိုယ်စားလှယ်လွှဲစာ ရုပ်သိမ်းမပေးတော့ တခြား ကန်ထရိုက်နဲ့ အလုပ်ဆက်လုပ်လို့မရဘူး။ တရားစွဲမယ်ဆိုတော့လည်း စာချုပ်ကို ခိုင်ခိုင်မာမာချုပ် မထားမိတာနဲ့ တရားမစွဲဖြစ်ခဲ့ဘူး"ဟု ကြည့်မြင်တိုင်မြို့နယ်နေ မြေရှင် တစ်ဦးက ရှင်းပြသည်။

"ဆောက်လုပ်ရေး ကန်ထရိုက်တာတွေကို လွှဲပေးထားတဲ့ ကိုယ်စားလှယ် လွှဲစာကိုပြန်ရုပ်သိမ်းချင်တယ်ဆိုရင် ကိုယ်စားလှယ်လွှဲအပ်သူရော လွှဲအပ်ခံရသူပါ နှစ်ဦးစလုံး စာချုပ်စာတမ်း မှတ်ပုံတင် အရာရှိရှေ့မှာ နှစ်ဦး သဘောတူ လက်မှတ်ရေးထိုးပြီး ပြန်ရုပ်သိမ်းမှရတာကြောင့် ကိုယ်စားလှယ် လွှဲအပ်ခံရသူကညစ်ရင် လွှဲအပ်ထားသူတွေက ဒုက္ခရောက်ရပါတယ်"ဟု အထက်တန်းရှေ့နေတစ်ဦးက ဆိုပါသည်။


ကန်ထရိုက်တာများအား ကိုယ်စားလှယ်လွှဲစာ ပေးအပ်ရခြင်းမှာ အိမ်ဖြိုဖျက်ခွင့် ခွင့်ပြုချက်တင်ရန်၊ အိမ်ဆောက်လုပ်ခွင့် ခွင့်ပြုချက်တင်ရန်နှင့် မြေပုံမြေရာဇ၀င်ကူးရန် ကိစ္စရပ်များ အပါအ၀င် အခြားသောကိစ္စရပ်များကို ဆောင်ရွက်ရန်ဖြစ်ကြောင်း သိရှိရသည်။

"ဘယ်လိုဘယ်ပုံ တိုက်တာ အဆောက်အအုံကြီးတွေ ဆောက်မှာ ဖြစ်လို့ ဖယ်ပေးကြပါဆိုလို့ လက်ရှိ နေထိုင်နေသူတွေက ဖယ်ပေးလိုက်ရတယ်။ ပြီးစီးအောင်လည်း မဆောက်နိုင်တဲ့အခါ နေရာဖယ်ပေးရလို့ နေစရာမရှိအောင် ဒုက္ခရောက်ရသူတွေ အများကြီးပါပဲ။ အဲဒီလို လူတွေ ဘ၀ မထိစေနိုင်အောင် စာနာစိတ်နဲ့ အမြန်ဆုံးပြီးအောင်တော့ ဆောက်ပေးကြစေချင်ပါတယ်။ ဖယ်ပေးလိုက်ရသူတွေလည်း အခြေအနေမပျက် ရပ်တည်နိုင်အောင် ဆောင်ရွက်ပေးလိုက်ကြပါ"ဟု ဆောက်လုပ်ရေး လောကတွင်နှစ်ပေါင်းများစွာ ကျင်လည်ခဲ့သူတစ်ဦးက အကြံပေးခဲ့သည်။

ကန်ထရိုက်တာများထဲတွင် ကတိတည်စွာ ဆောင်ရွက်သူ ကန်ထရိုက် တာများလည်းရှိကြောင်းနှင့် နာမည်ရပြီး ဆောက်လုပ်ရေးလုပ်ငန်းများလည်း ရှိကြောင်း၊ ကတိတည်ပြီး အဆောက်အအုံ ဆောက်လုပ်ရာတွင် ခိုင်ခန့်သပ် ရပ်မှုရှိသည်ဟု နာမည်ကောင်းရသည့် ဆောက်လုပ်ရေး လုပ်ငန်းကြီးအများစုသည် လမ်းမတန်းများတွင်သာ ဆောက်လုပ်မှုများပြားကြောင်း၊ နာမည်ရပြီးသော ဆောက်လုပ်ရေးလုပ်ငန်း အများစုသည် မြေရှင်များနှင့်တိုက်ခန်းပေး၊ တိုက်ခန်းယူစနစ် ဆောက်လုပ်ခြင်းထက် မြေအပြီးဝယ်ယူပြီးမှသာ ဆောက်လုပ်ခြင်းမျိုး ပိုများကြောင်း ဆောက်လုပ်ရေးလောကတွင် နှစ်ပေါင်းများစွာ လုပ်ကိုင်ခဲ့သူတစ်ဦးက ဆိုပါသည် ဟု news-eleven. ဂျာနယ်တွင် ဖော်ပြပါရှိပါသည်.။