09 August 2010

အင်းစိန်အောင်ဇေယျတံတားအဆင်းတွင် ယာဉ်နှစ်စီးညှပ်တိုက်၍ ၁၂၅ယာဉ်မီးလောင်တိမ်းမှောက် ခရီးသည် ၁၅ဦးဒဏ်ရာရရှိခဲ့


အင်းစိန်အောင်ဇေယျကြိုးတံတားအဆင်းတွင် ယာဉ်နှစ်စီးညှပ်တိုက်ပြီး ၁၂၅ယာဉ် မီးလောင်တိမ်းမှောက်ကာ ခရီးသည် ၁၅ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါမီးလောင်ခံရသည့် ၁၂၅ ယာဉ်ပေါ်တွင် လိုက်ပါလာသူများအနက် ၁၅ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အင်းစိန်ဆေးရုံတွင် ကုသမှုခံယူနေရကြောင်း သိရသည်။

ခရီးသည် ၁၅ ဦးဒဏ်ရာရရှိခဲ့သော်လည်း အသက်အန္တရာယ်စိုးရိမ်ရသည့် အခြေအနေတွင်မရှိကြောင်း အင်းစိန်အထွေထွေရောဂါကုဆေးရုံမှ ဆေးရုံအုပ်ကြီး ဒေါက်တာကျော်ကျော်က ရန်ကုန်တိုင်းမ်ဂျာနယ်သို့ ပြောသည်။

''အဲဒီနေ့ဖြစ်ပွားမှုကြောင့် ဒဏ်ရာရရှိသူ ငါးဦးက ပြင်ပလူနာအဖြစ် ကုသမှုခံယူနေပြီး ကျန်တဲ့ ၁၀ဦးကတော့ ခွဲစိတ်ဆောင်နဲ့ အရိုးကုသဆောင် မှာ ကုသမှုခံယူနေ ပါတယ်။ အသက်အန္တရာယ်တော့ စိုးရိမ်ရတဲ့အနေအထားမှာမရှိပါဘူး''ဟု အင်းစိန်အထွေထွေရောဂါကုဆေးရုံမှ ဆေးရုံအုပ်ကြီး ဒေါက်တာကျော်ကျော်က ရှင်းလင်း ပြောဆိုသည်။

အင်းစိန်ဆေးရုံ၌ အတွင်းလူနာအဖြစ် ကုသမှုခံယူနေသည့် လူနာ ၁၀ ဦးအနက် အမျိုးသား လေးဦး၊ အမျိုးသမီးသုံးဦး စုစုပေါင်း ခုနစ်ဦးသည် ခွဲစိတ်ဆောင်၌ ကုသမှုခံယူနေကြပြီး အမျိုးသားတစ်ဦး၊ အမျိုးသမီးနှစ်ဦး စုစုပေါင်းသုံးဦးသည် အရိုးကုသဆောင်တွင် ကုသမှုများခံယူလျက်ရှိကြောင်း သိရသည်။


သတင်း...YMG