11 August 2010

ငါးသိန်းတန် ဖုန်းကတ်ထုတ်ပြီး တစ်လအတွင်း အက်ဖ်အီးစီမသွင်းလျှင် နိုင်ငံခြားဖုန်း အဝင်၊ အထွက်မရနိုင်

ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်အများစုတွင် နယ်မြေကန့်သတ်ချက် မရှိ အသုံးပြုနိုင်ပြီ ဖြစ်သော CDMA 800 MHz ခေါ် ငါးသိန်းတန်ဖုန်းများ ကတ်ထုတ်ပြီး တစ်လအတွင်း FEC Prepaid Top-up Card ဝယ်ယူကာ အက်ဖ်အီးစီ မသွင်းထားလျှင် နိုင်ငံခြားဖုန်း အဝင်အထွက် ရရှိမည် မဟုတ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ စုံစမ်းသိရှိရသည်။

ငါးသိန်းတန် စီဒီအမ်အေ မိုဘိုင်းလ်ဖုန်း ရရှိပြီးနောက် နိုင်ငံခြားဖုန်း အဝင်အထွက်ရရှိ အသုံးပြုလိုပါက ဖုန်းကတ်ထုတ်ပြီး အက်ဖ်အီးစီ ယူနစ်တန်ဖိုး ထည့်သွင်းရမည် ဖြစ်ကြောင်း E Lite Tech ဆိုင်များထံမှ သိရှိရသည်။ ငါးသိန်းတန်ဖုန်းကတ် ထုတ်ယူပြီး တစ်လအတွင်း အက်ဖ်အီးစီ ထည့်သွင်း မထားလျှင် တစ်လကျော်သောအခါ နိုင်ငံခြားဖုန်း အဝင်အထွက် အလိုလို ပိတ်သွားမည် ဖြစ်ပြီး ငါးသိန်းတန်ဖုန်းကို ပြည်တွင်းဖုန်း အဝင်အထွက်သာလျှင် အသုံးပြုနိုင်မည် ဖြစ်ကြောင်း၊ နိုင်ငံခြားဖုန်း အဝင်အထွက် ပြန်လည် အသုံးပြုလိုလျှင် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းတွင် နိုင်ငံခြားဖုန်း အဝင်အထွက် အသုံးပြုခွင့် လျှောက်ထားရမည် ဖြစ်ကြောင်း E Lite Tech ဆိုင် တာဝန်ရှိသူများက ဆိုကြသည်။ နိုင်ငံခြားဖုန်း အဝင်အထွက်အတွက် အက်ဖ်အီးစီ ၂၀ တန်နှင့် ၅၀ တန် Prepaid Top-up Card များကို E Lite Tech ဆိုင်များတွင် ဝယ်ယူ ထည့်သွင်းနိုင်ကြောင်း၊ နိုင်ငံခြားမှ ဖုန်းအဝင်အတွက် အက်ဖ်အီးစီပေးရန် မလိုဘဲ နိုင်ငံခြားသို့ ဖုန်းခေါ်ဆိုခြင်းအတွက် တစ်မိနစ်လျှင် အက်ဖ်အီးစီ ၀ ဒသမ ၉ ယူနစ်သာ ကျသင့်ကြောင်း E Lite Tech ဆိုင်တာဝန်ရှိသူ တစ်ဦး၏ အဆိုအရ သိရကြောင်း News Watch Weekly ဂျာနယ်တွင် ဖော်ပြထားပါသည်။