11 August 2010

ရှေ့နေကြီးများ၏ သတင်းစာ ကြေညာချက်များ ဂရုပြုဖွယ် ဦးနေလ (တရားရုံးချုပ်ရှေ့နေ)


နေ့စဉ် သတင်းစာများတွင် ရှေ့နေကြီးများ၏ ကြေညာချက် များတွေ့ နေရသည်။ မမြင်ချင် မတွေ့ချင်၍ မရ။ အများပြည်သူတို့ အလယ်တွင် ရှေ့နေကြီးများ၏ ကြေညာချက်များကို အာရုံစိုက် ဖတ်ရှုနေသူတို့ ရှိနေသည်။ ထိုသူတို့က ကြေညာချက်ကို အထူး စိတ်ဝင်စားသူများ ဖြစ်ကြသည်။ ထိုသူတို့၏ အသံကို နားထောင်သင့်သည်။ ရှေ့နေကြီးများ၏ ဘွဲ့ထူးဂုဏ်ထူး ကိစ္စ ဆန်းစစ်လေ့လာသူ အချို့က ဆိုသည်။

ရှေ့နေကြီးများ၏ အဓိက ကြေညာချက်နှင့် ရှေ့နေကြီးများ၏ ဘွဲ့ထူးဂုဏ်ထူး တို့သည် သတင်းစာ၌ အညီအမျှ နေရာယူထားသည်။ ဘွဲ့ထူးဂုဏ်ထူး များပြားသော သူများပေတည်း။ ငွေကြေးစိုက်ထုတ်သူက ကြည်ဖြူပါရဲ့လား။ အများအမြင် ကဲ့ရဲ့ခြင်းကင်းလွတ်ပါရဲ့လား။ မိမိ၏ဘွဲ့ထူးဂုဏ်ထူးများထက် ရှေ့နေကြီးများ၏နာမည်က ပို၍ အရေးမကြီး ပေဘူးလား။

ရှေ့နေကြီးများ၏နာမည်ကို မှန်ဘီလူးနှင့်ရှာရပေမည်။ ရှေ့နေကြီး၏ ဘွဲ့ထူးဂုဏ်ထူးတွင်ဖော်ပြသောဘွဲ့ထက် အရန်ဒီပလိုမာများ လက်မှတ် များက ပို၍ရှည်လျားလွန်းလှသည်။ H.G.P., LL.B.,LL.M., D.L.P.(WIPO) (Graduate Intellectual Property) Geneva, Switzerland., D.M.L., D.I.L., D.A.Psy., D.A.E. Dip. in Globel English M.A.II (Business Law) Diploma in Business Law, စီးပွားရေးနှင့် ဥပဒေအတိုင်ပင်ခံ Advocate များပြားသော ဘွဲ့ထူးဂုဏ်ထူးများကို မျက်စိလည်ရသည်။ မည်သည့်အတွက် ဥပဒေဘွဲ့၊ မဟာဥပဒေဘွဲ့များဖော်ပြပြီးနောက် သေးငယ်သော ဒီပလိုမာကို Diploma in Business Law ဟု အရှည်ဖော်ပြရတာလဲ။ အကြွားပိုသည်ကို ဂုဏ်ယူစရာဟုမှတ် ယူနေခြင်းပေလား၊ အများအပြောလွတ်စေ ချင်သည်။ ဘွဲ့ထူးဂုဏ်ထူးများသည် ထိုသူတို့ ၏အမည်ထက်ပို၍ အရေးပါသွားကြကုန် သည်။ အများအမြင်ရိုင်းသော ကြေညာချက်များ ရှေ့နေတစ်ဦးကသတင်းစာတွင် ကြေညာသည်။ ကျန်ရှေ့နေတစ်ဦးက ပြန်လှန်ကန့်ကွက်ကြေညာသည်။

ရှေ့နေတို့သည် အမှုသည်တို့၏ ညွှန်ကြားချက်အရ ကြေညာခြင်းဖြစ်သည်။ ဤသည်ကို ဘယ်နေ့သတင်းစာပါ ရှေ့နေကြီး ဘယ်သူနှင့်ဘယ်သူတို့၏ ကြေ ညာချက်သည် မမှန်မကန်ကြေညာခြင်းဖြစ်ကြောင်း ကန့်ကွက်နေကြသည့် ကြေညာ ခေါင်းစဉ်တို့ပါရှိသည်။ မည်သည့်အတွက်ကြောင့် တဖက်ကြေညာသောရှေ့နေ၏အမည်ကို ပြန်လည်ထည့် သွင်းကန့်ကွက်ကြေညာရတာလဲ။ အပြန်အလှန်ကြေညာချက်များသည် ရန်တွေ့သည့်သဘောများတွေ့ရသည်။

အချို့ က ပြင်းထန်စွာဖြေရှင်းတုံ့ပြန်သည်ကိုတွေ့ရသည်။ ငါ့စကားနွားရကြေညာနေကြသည်။ ဤသည်ကို အများပြည်သူတို့က ရင်သတ်ရှုမောကြည့်ရှုနေကြသည်။ သူတို့တစ်တွေ ဟာဖြင့် တိုက်ပွဲပြင်းထန်နေကြပုံဘဲ။ ထိုကြေညာချက်များကို စိတ်ဝင်စားခြင်းထက် စိတ်ရှုပ်စရာဟုမြင်ကြသည်။ ရှေ့နေကြီးများသည် အမှုကို ကြေညာခြင်းလား၊ မိမိကိုယ်မိမိကြေညာခြင်းလား ဆန်းစစ်ကြပါ။ အမှုသည်များ၏ ကြော်ငြာ ကုန်ကျစရိတ်ကိုလည်း ငဲ့ညှာသင့်ပေသည်။ သတင်းစာတွင် တစ်လက်မတစ် ကော်လံကို ကျပ်(၇၅ဝဝ)ပေးသွင်းရသည်။ တချို့ဆိုလျှင်သတင်း စာကြေညာချက်ကို စာလုံးအသေးဖြင့်သုံးကော်လံ မျက်နှာပြည့်ရေးသားနေကြသည်။ သာမန်မျက်လုံးကောင်းသူပင် ဖတ်ရှုရ ခက်ခဲသည်။ ဖြစ်သင့်ရဲ့လားစဉ်းစားကြပါကုန်။

ရှေ့နေတို့၏ ကြေညာချက်၏ သဘောသဘာဝ သတင်းစာ၌ ကြေညာခြင်းသည် အသံ ကောင်း ဟစ်ခြင်းမဟုတ်။ တစ်ဖက်ကို ပုတ်ခတ်စော်ကားရန်လည်း မဟုတ်။ အငြင်းပွားတိုင်းသည်လည်း သတင်းစာပေါ် မရောက်ရှိကြ။ လိုအပ်၍မကြေညာမဖြစ်၍ ကြေညာရခြင်း သာဖြစ်ကြောင်းသိစေအပ်ပါသည်။ အများအားဖြင့် 'တရားစွဲဆိုခြင်း'မပြုမီ ဟန့်တားသင့်သည်ကို ဟန့်တားရန်သာ ဖြစ်သည်။ ပစ္စည်းနှင့်ပတ်သက်၍ အမှုဖြစ်ဖွယ်ရှိသည်ကို မလွှဲပြောင်းရန် ကြိုတင်ဟန့်တားကြေ ညာလေ့ရှိသည်။

ဤတွင် စကားဦးသန်းခြင်းမပေါ်ပေါက်ရန်လိုအပ်သည်။ အချို့ ကြော်ငြာများတွင် တရားစွဲပြီးနောက်တွင်မှပစ္စည်းကိုမလွှဲပြောင်းရန် တားမြစ် လေ့ရှိသည်။ အန္တရာယ်များလှပေစွ။ အမှုအတောအတွင်း ပစ္စည်းလွှဲပြောင်းလျှင် တရားမဝင်ကြောင်း ဥပဒေပြဋ္ဌာန်း ချက်အခိုင်အမာရှိသည်။ လိုအပ်လျှင် 'ယာယီတားဝရမ်း'လျှောက်ထား၍ ဟန့်တားနိုင် သည်။ ဤသည်ကို သတင်းစာမှ အသံကောင်းဟစ်ရန်မလိုအပ်။ အမှုတစ်ခုတွင် ရှမ်းပြည်နယ်တရားရုံး၌ 'အပေးစာချုပ်ပျက်ပြယ်ကြောင်း မြွက်ဟ ကြော်ငြာပေးစေလိုမှု' တရားစွဲဆိုသည်။

အမှုအတောအတွင်း တရားစွဲသူက အချင်း ဖြစ်ပစ္စည်းကိုရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ပေးကမ်းခြင်း စသည်တို့လွှဲပြောင်းခြင်းမပြုလုပ်ရန် 'သတိပေးတားမြစ်ကြေညာချက်'ကို သတင်းစာမှကြေညာသည်။ ယင်းကြေညာချက်သည် အများပြည်သူတို့အထင်အမြင်လွှဲမှားစေသည့်အတွက် တရားစီရင်ခြင်းကိုအနှောင့်အယှက် ပြုရာရောက်သဖြင့် တရားရုံးများ မထေ့မဲ့မြင်ပြုမှုအက်ဥပဒေ ပုဒ်မ(၃)အရ အရေးယူ ရန်လျှောက်ထားခဲ့သည်။ ဗဟိုတရားရုံးစီရင်ရေးအဖွဲ့က အမှုဖြစ်ပစ္စည်းကို ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ လွှဲပြောင်းခြင်း၊ ပေးကမ်းခြင်း၊ ခွဲဝေခြင်း၊ အာမခံတင်သွင်းခြင်း စသည်တို့ကိုမပြုလုပ် ရန်သတိပေးတားမြစ်ကြောင်းဖော်ပြထားခြင်းဖြင့် အချင်းဖြစ်ပစ္စည်းကို တစ်ဖက်အမှုသည် ပိုင်မဟုတ်ဟု 'စကားဦးသန်းရာရောက်သည်' တရားဖြောင့်မှန်ရေးလမ်းစဉ်ကို နှောင့်ယှက်နိုင်သောအရေးအသား အားလုံးသည် တရားရုံးကိုမထီမဲ့မြင်ပြုလုပ်ခြင်းများဖြစ်သည်ဟု အဆုံးအဖြတ် ပြုခဲ့ပြီးဖြစ်သည်။

ရှေ့နေရှေ့ရပ်တို့သည် 'ဟိတ်ဟန်'များတတ်ကြသည်။ များကြပါ။ သို့ရာတွင် အများပြည်သူတို့အလယ်တွင် 'ဟိတ်ဟန်'များသည် မျက်စိစပါးမွှေးစူးသလိုမဖြစ်စေလိုပါ။ အများအမြင်တွင် ရှေ့နေကြီးတို့၏ကြေညာချက်သည် ခံ့ညားရန်လိုသည်။ ကြေညာ ချက်ပါအကြောင်းခြင်းအရာအပေါ် လို-တို-ရှင်း နားလည်စေရန်နှင့် ဥပဒေ အမြင်ဖြင့် ထည့်သွင်းဖော်ပြရန် လိုအပ်ပေသည်။ ဘွဲ့မဟုတ်သော ဒီပလိုမာ၊ အောင်လက်မှတ်များအား အသားပေးဖော်ပြရန်မဟုတ်။ ထို့အတူ အမှုသည်အချင်းချင်း ရန်ဖြစ်နေတိုင်း ရှေ့နေကြီးများက ပါဝင်ရန်မဟုတ် ဆိုသည်ကို သတိချပ်သင့်ပေသည်။ ကျမ်းကိုး - (၁၉၈၆)ခုနှစ်၊ မြန်မာနိုင်ငံစီရင်ထုံး၊ စာ-၁၃၃။ ထိုသတင်းအားလျှပ်တပြက် ဂျာနယ်တွင် ဖော်ပြပါရှိပါသည်။