11 August 2010

ရန်ကုန် ဈေးကွက်အတွင်း ထိုင်းနိုင်ငံမှ ၀င်ရောက်သော အီလက်ထရောနစ် ပစ္စည်း၊ စားသောက်ကုန်နှင့် လူသုံးကုန် ပစ္စည်းအချို့ ဈေးနှုန်းများပြောင်းလဲ

ရန်ကုန် ဈေးကွက်အတွင်းသို့ အိမ်နီးချင်း ထိုင်းနိုင်ငံမှ ၀င်ရောက်လျက်ရှိသော အီလက်ထရောနစ် ပစ္စည်းများ၊ စားသောက်ကုန် ပစ္စည်းများနှင့် လူသုံးကုန်ပစ္စည်းများ အပြောင်းအလဲ ဖြစ်ပေါ်လျက်ရှိကြောင်း အဆိုပါ ပစ္စည်းရောင်းဝယ်ရေး ဈေးကွက်မှ သိရှိရသည်။

ထိုင်းနိုင်ငံမှ ၀င်ရောက်လျက်ရှိသော ပစ္စည်းများမှာ ဇူလိုင်လ ကုန်ပိုင်းမှ စတင်၍ ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံအတွင်းသို့ ကုန်ပစ္စည်း ၀င်ရောက်မှုများ သိသာစွာ နည်းပါးလာသဖြင့် ဈေးနှုန်းများ မြင့်တက်သွားခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။ ထိုင်းနိုင်ငံမှ ၀င်ရောက်သည့် လျှပ်စစ် ပစ္စည်းများ ဖြစ်သော တီဗီ၊ ရေခဲသေတ္တာ၊ အ၀တ်လျှောက်စက်၊ အဲယားကွန်း၊ LCD တီဗီ ဈေးနှုန်းများမှာ ပြောင်းလဲမှု ဖြစ်ပေါ်နေကြောင်း၊ အထူးသဖြင့် LCD တီဗီ ဈေးနှုန်းများမှာ တစ်လုံးလျှင် ကျပ် ၅၀၀၀၀ ၀န်းကျင်အထိ ဈေးနှုန်းများ မြင့်တက်ခဲ့ပြီး ပစ္စည်းပြတ်လပ်မှုများ ဖြစ်ပေါ်နေကြောင်း သိရသည်။

စားသောက်ကုန် ပစ္စည်းဈေးကွက်တွင်လည်း ထိုင်းနိုင်ငံမှ ၀င်ရောက်သော စားသောက်ကုန် ပစ္စည်းများ မြင့်တက်လျက် ရှိကြောင်း သိရှိရသည်။ ထိုင်းနိုင်ငံမှ ရန်ကုန် ဈေးကွက်အတွင်းသို့ ၀င်ရောက်သော စားသောက်ကုန် ဈေးနှုန်းများမှာ ယခင်လပိုင်းများကတည်းက ဈေးနှုန်းများ တရိပ်ရိပ် အတက်ပြခဲ့ပြီး ယခုအခါ ဈေးနှုန်းများ ထပ်မံမြင့်တက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ထို့ပြင် လူသုံးကုန်ပစ္စည်း ဖြစ်သည့် ထိုင်းနိုင်ငံထုတ် ဖိနပ်များ၏ ဈေးနှုန်းများလည်း အနည်းငယ် မြင့်တက်လာခဲ့သည်ဟု ဖိနပ်ရောင်းချသည့် ဆိုင်အချို့ထံမှ သိရှိရသည်။ ထိုင်းနိုင်ငံမှ ၀င်ရောက်သော ပစ္စည်းများဈေးနှုန်း အပြောင်းလဲ ဖြစ်နေခြင်းကြောင့် အများစုမှာ ဈေးနှုန်းသက်သာသော တရုတ်နိုင်ငံမှ ပစ္စည်းများဖြင့် ပိုမိုအရောင်းအ၀ယ် ပြုလုပ်နေရကြောင်း Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။