ဂင်းနစ်မှတ်တမ်း၏ စာရင်းအရ သက်ရှိ ထင်ရှားရှိသော ကမ္ဘာ့အသက်ကြီးဆုံးသူမှာ Eugénie Blanchard ဖြစ်ပြီး ပြင်သစ်နိုင်ငံ၌ ၁၈၉၆ ခုနှစ် ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် မွေးဖွားခဲ့ကြောင်း၊ ၂၀၁၀ ပြည့်နှစ် မေလ ၂ ရက်တွင် ဂျပန်နိုင်ငံရှိ Kama Chinen သေဆုံးပြီးနောက် ကမ္ဘာ့အသက်ကြီးဆုံးသူ ဖြစ်လာခြင်းဖြစ်ကြောင်း သိရသည်။
ဒေါ်မြကြည်သည် မန္တလေးတိုင်း အမရပူရမြို့နယ် ပေါက်ခြံကုန်းကျေးရွာတွင် နေထိုင်ပြီး မြန်မာသက္ကရာဇ် ၁၂၅၄ ခုနှစ် သီတင်းကျွတ်လဆန်း ၁ ရက်နေ့ (၁၈၉၂ ခုနှစ်) တွင် မွေးဖွားခဲ့ကြောင်း၊ လက်ရှိအချိန် တွင် ဒေါ်မြကြည်မှာ ၁၁၈ နှစ် ဖြစ်သောကြောင့် Eugénie Blanchard ထက် အသက်လေးနှစ်ခန့် ပိုကြီးနေသည်ဟု သိရသည်။
မင်္ဂလာဗျူဟာ ပရဟိတအဖွဲ့၏ ကောက်ယူထားသော စာရင်းများအရ အသက် ၁၀၀ နှစ်နှင့်အထက် အဘိုး ၁၃ ဦး၊ အဘွား ၄၄ ဦး၊ သံဃာတော် ၂ ပါး၊ သီလရှင် ၁ ပါးတို့ ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ပြည်သူလူထု မျှော်မှန်းသက်တမ်းသည် ၁၉၈၈ ခုနှစ် က ကျေးလက်ဒေသတွင် အမျိုးသား ၅၆ ဒသမ ၂ နှစ်၊ အမျိုးသမီး ၆၀ ဒသမ ၄ နှစ်နှင့် မြို့ပြဒေသတွင် အမျိုးသား ၅၉ ဒသမ ၀ နှစ်၊ အမျိုး သမီး ၆၃ ဒသမ ၂ နှစ်ရှိခဲ့ရာမှ လက်ရှိ အချိန်တွင် ကျေးလက်ဒေသ၌ နေထိုင်သည့်အမျိုးသားများမှာ ၆၃ ဒသမ ၂ နှစ်၊ အမျိုးသမီး ၆၇ ဒသမ ၁ နှစ်၊ မြို့ပြဒေသတွင် အမျိုးသား ၆၄ ဒသမ ၀ နှစ်၊ အမျိုးသမီး ၆၉ ဒသမ ၀ နှစ် အထိ တိုးတက်လာကြောင်း တရားဝင် ထုတ်ပြန်ချက်များအရ သိရသည်။
ထို့အပြင် ယေဘုယျသေနှုန်းမှာ လူဦးရေတစ်ထောင်လျှင် ကျေးလက်ဒေသတွင် ၉ ဒသမ ၉ နှင့် မြို့ပြ ဒေသတွင် ၈ ဒသမ ၉ ရှိရာမှ ကျေးလက်ဒေသတွင် ၅ ဒသမ ၉ နှင့် မြို့ပြ ဒေသတွင် ၅ ဒသမ ၃ သို့ ကျဆင်း သွားခြင်းဖြစ်ကြောင်း သိရသည်။ ထိုသို့ လူ့သက်တမ်းမြင့်မားလာခြင်းနှင့် ယေဘုယျ သေနှုန်းကျဆင်းလာခြင်း တို့ကြောင့် အသက် ၆၀ နှစ်နှင့် အထက် လူဦးရေများမှာလည်း နှစ်စဉ် မြင့်တက်လျက်ရှိကြောင်း သိရသည်။
လူတစ်ယောက် အသက်ရှည်ဖို့ (ဒါမှမဟုတ်) သက်တမ်းစေ့ နေနိုင်ဖို့ဆိုတာကျန်းမာရေးက အဓိကအခြေခံကျပါတယ်။ ပြီးတော့ ကျန်းမာရေး အသိရှိမှု၊ အမူအကျင့်တွေ၊ ကျန်းမာရေးစောင့်ရှောက်မှုတွေ ဘယ်လောက်ထိရတယ်။ အစား အသောက်နဲ့ ပတ်ဝန်းကျင်က ဘယ်လောက်သန့်ရှင်းမှုရှိလဲ၊ ရေကောင်း ရေသန့်ရရှိမှု စတာတွေအပေါ်မှာလည်း မူတည်နေပါတယ် |
မေး .. အဘွားနေထိုင်ကောင်းရဲ့လား၊ ကျန်းမာရဲ့လား။
ဖြေ.. နေထိုင်ကောင်းတယ်။ ခေါင်းကိုက်တာတစ်ခုပဲ။ နားကတော့ လေးတယ်။ မနည်း နားထောင်ရတာ။
မေး.. အဘွားမွေးရာဇာတိကို စပြောပြပါလား။
ဖြေ... မွေးရွာက တံခွန်တိုင်တောင်ဘက်နားက ထိန်ကုန်းရွာ။ ထိန်ကုန်းမှာ အသက်(၂၀)ကျတော့ ကိုအောင်ဝနဲ့ အိမ်ထောင်ကျခဲ့တယ်။ သူသေပြီးတော့ ဒုတိယအိမ်ထောင်ဦးနီနဲ့ အိမ်ထောင်ကျတော့ အသက်(၄၅)နှစ်ထဲမှာ။ ဒါနဲ့ မယ်တော်စုရွာ ရောက်လာတာ။ အခုနေတဲ့ ပေါက်ခြံကုန်းရွာကို ပြောင်းလာတာက လေးငါးဆယ်နှစ်ထဲ ရောက်ပြီ။ လုပ်ကိုင်စားသောက်ခဲ့ရတာကတော့ ကောက်စိုက်လယ်ရိတ်ပဲ တစ်လျှောက်လုံးလုပ်လာခဲ့တာ။
မေး ... သား၊ သမီး၊ မြေးမြစ်တွေရောရှိလား။
ဖြေ... ဦးနီနဲ့ သမီးသုံးယောက်ရှိခဲ့တာ။ အလတ်မ မကုလားမကသေပြီ။ အကြီးမ မညိုတင်က မယ်တော်စုရွာမှာ။ အငယ်မ မသေးမာက ပျဉ်းကလောမှာ အသက် ၅၅ နှစ်ရှိပြီ။ မြေးတွေလည်း မမှတ်မိတော့ဘူး။ မြစ်တွေလည်း ရှိတယ်။ တီထိရှိတယ်။
မေး... အခုလို ကျန်းမာအသက်ရှည်အောင်ရော ဘယ်လိုနေထိုင် စားသောက်ခဲ့ ပါသလဲ။
ဖြေ ...အခုတော့ ကျောင်းထမင်း၊ ကျောင်းဟင်းပေါ့။ ငရုတ်သီးတို့ ချဉ်ပေါင်ရွက်တို့ပေါ့။ ငယ်ငယ်ကတည်းက တောစာတောင်စာပဲ စားခဲ့တာ။ ၀က်သား၊ အမဲသား၊ ဘဲဥ၊ ကြက်ဥ၊ နွားနို့မစားဘူး။ ငါးမှုန်ငါးမွှားလေးတွေပဲ စားတယ်။ ဆေးလိပ်တော့ ငယ်ငယ်ကတည်းက သောက်တယ်။ အဖေက ဆေးလိပ်မီးတို့ ခိုင်းရင် မီးဖိုနားထိုင်သောက်တာပဲ။ အဖေက ဟဲ့ကောင်မလေး ကြာလှချည်လားဆိုမှ ထပေးတာရယ်၊ အဲဒီတုန်းက ပြောင်းဖူးဖက်တွေပဲ။ ဒီပြင်ဆေးလိပ် ဘာမှမရှိဘူး။
မေး ...ခေတ်အဆက်ဆက်မီခဲ့တာပေါ့။
ဖြေ ...အင်္ဂလိပ်ခေတ်၊ ဂျပန်ခေတ်၊ မြန်မာအစိုးရလက်ထက် အကုန်မီခဲ့တယ်။ ဂျပန်ခေတ်က ဂျပန်ပိုက်ဆံနဲ့ ဆီတစ်ဆယ်သား ငါးထောင်နဲ့ဝယ်ခဲ့ရတာ။ ဗိုလ်ချုပ်အောင်ဆန်းသီချင်းလည်း ရခဲ့တာပဲ။
မေး... ငယ်ငယ်တုန်းက သွားလာခဲ့ရဖူးတာတွေကိုရော မှတ်မိသေးလား။
ဖြေ ...မန္တလေးပဲသွားတာ။ ဓာတ်ရထားတွေနဲ့လေ။ ရဟိုင်းကနေ ဈေးချိုကို ကူးတော့ အသွားတစ်ပြား၊ အပြန်တစ်ပြား။ ကြေးနီပြားပေးစီးရတာ။ ကုန်ပါရင် နှစ်ပြားပေးရတယ်။ ဓာတ်ရထားက ရထားအတိုင်းပဲ။ အပေါ်က ကြေးနန်းနဲ့ သွားရတာ။ စက်နဲ့မဟုတ်ဘူး။ (မန္တလေးမြို့တွင် ဓာတ်ရထားကို ၁၉၀၄ ခုနှစ်တွင် စတင်ပြေးဆွဲပြီး ၁၉၃၉ ခုနှစ်တွင် ရပ်နားခဲ့)
မေး ...ဈေးချိုသွားခဲ့တာတွေရော မှတ်မိသေးလား။
ဖြေ ....အဲဒီတုန်းက ဒီလိုကားတွေမရှိသေးဘူး။ ဈေးချိုကိုသွားပြီး ဈေးဝယ်ကြတာ။ ဆီနှစ်ပြားဖိုးဆို နည်းတာမဟုတ်ဘူးတော့်။ ဆန်တစ်ပြည်မှ တစ်မူးရယ်။ လုံးတုတ်တွေပေါ့။ အင်္ကျီတစ်ထည် ငါးပဲဆိုပြီးခင်းရောင်းတာ။ လုံချည် တစ်ထည် တစ်မတ်။ ငါးပိ၊ ငါးခြောက်၊ ပလော (ပုဇွန်ခြောက်) အကုန်လျှောက်ဝယ်တာပဲ။ ပိုက်ဆံငါးကျပ်လောက်ပါသွားရင် ရွာအပြန်ကုန်သည်ဖို့ လှည်းကြိုမှာရတယ်။ ကိုယ့်ပြတ်နေလို့ တောင်မြင့်သွားဝယ်ရင်တောင် ပလော တစ်ဝက်ဖိုး၊ ငရုတ်သီးတစ်ဝက်ဖိုး၊ ကြက်သွန်တစ်ဝက်ဖိုးဆိုပြီး ၀ယ်ကြတယ်။ ပိုက်ဆံတစ်ပြားပါရင် နှစ်မယ်ရတယ်။
မေး ... မဟာမုနိဘုရားကြီးရော ရောက်လား။
ဖြေ ...အယ်...... နေ့တိုင်းလိုလိုပဲ။ ဆေးရိုးတွေထုရောင်းရင် အဲဒီကိုပဲ။ ရောင်းပြီးရင် ဘုရားကြီးဝင်ဖူးကြတာ။ မယ်တော်စုရောက်တော့မှ မရောက်တော့တာ။ အဲဒီတုန်းက ထိန်ကုန်းကနေ တံခွန်တိုင်ဘူတာကို ခြေကျင်သွားကြတာ။ တံခွန်တိုင် ဘူတာကနေမှ ဘုရားကြီးကို ရထားနဲ့သွားကြတာ။ ရိုးရိုးရထားတွေပဲ။ ရထားခတော့ မမှတ်မိတော့ဘူး။ လက်မှတ်နဲ့ရောင်းတာ။
မေး .. မန္တလေးသူဆိုတော့ ဆိုင်း၊ ဇာတ်ပွဲ၊ အငြိမ့်ပွဲတွေရော ကြိုက်လား။ ဘယ်သူတွေကို ကြည့်ခဲ့ရဖူးသလဲ။
ဖြေ... ကြိုက်တယ်။ ဆိုင်းဆို ဗေဒါကြီးပေါ့။ တောနယ်ဘက်က အလှူတွေက ငှားတော့ စိန်ဗေဒါကို လိုက်ကြည့်ကြတာ။ နောက် ဖိုးစိန်ကြီးတို့၊ ဒုတိယဖိုးစိန်၊ ဖိုးတိမ်နီ၊ အောင်မောင်း၊ ရွှေမန်းတင်မောင်၊ ဒီဘက်ကတောနယ်တွေမှာ ကြည့်ခဲ့ ရတာပဲ။ ဓာတ်ရှင်ကတော့ ဈေးချိုသွားရင်း တော်ဝင်ရုံမှာ ၀င်ကြည့်ကြတာ။ရှင်ဥပဂုတ္တလို ဘုရားကားတွေပဲကြည့်တာများတယ်။
မေး ..အခုလက်ရှိနေထိုင်မှု အခြေအနေကိုလည်း သိပါရစေ။
ဖြေ ....အခု ပေါက်ခြံကုန်း ဘုန်းကြီးကျောင်းမှာပဲ နေတယ်။ ဆရာတော်က စောင့်ရှောက်ထားတယ်။ ဥပုသ်စောင့်တယ်။ တောင်ပေါ်က ကိုယ်တော်လေး မိန့်ထားလို့ အရဟံဂုဏ်တော်ကို ပုတီးစိပ်တယ်။
မိဘအမည်... ဦးကာ+ဒေါ်ဖွားအုံ
မွေးသက္ကရာဇ် .... ၁၂၅၄ ခုနှစ် သီတင်းကျွတ်လဆန်း (၁) ရက်
လက်ရှိနေထိုင်သည့်ဒေသ ... အမရပူရမြို့နယ်၊ ပေါက်ခြံကုန်းရွာ
အဘွားဒေါ်မြကြည်၏ အမေးအဖြေ အား news-eleven ဂျာနယ်တွင်ဖော်ပြထားပါသည်.။