17 January 2010

ဆရာမ နှင်းပန်းအိမ် ရဲ့ မျက်ရည်မိုး ...၊


၂ဝ၁ဝ နှစ်သစ်ကို ကြိုဆိုကြတဲ့ အသံတွေ ဒုက္ခသည်စ ခန်းထဲမှာ သောသောညံ နေပါတယ်။ ဒီဇင်ဘာ ၃၁ ရက် ည ၁၂ နာရီ မရောက်ခင်မှာ သီချင်းသံတွေက လမ်း အချိုးအကွေ့တွေ တဲအိမ်လေးတွေဆီက လွင့်ပျံ လာကြတယ်။ ကီးမှန်မှန်၊ မမှန်မှန် နားထောင်သူရော သီဆိုသူပါ ပျော်ရတာ။ အများဆုံး သီဆိုကြတာကတော့ မြန်မာသံစဉ်တွေပါ။

ဘဝနဲ့ထပ်တူကျတဲ့ သီချင်းတွေရော၊ လက်ရှိဘဝကို သရော်လှောင်ပြောင်တဲ့ သီချင်းတွေရော။ ဘယ်လိုပဲဖြစ်ဖြစ် အားရပါးရ အော်ဟစ်သီဆိုလိုက်တဲ့အခါ သီဆိုသူ ဒုက္ခသည် ရင်ထဲပေါ့သွားတာ အမှန်ပါပဲ။ တမာတန်းကို ပြန်ခဲ့ပါဆိုတဲ့ သီချင်းကို သီချင်းရေးသူနဲ့ သီဆိုသူ ဒေါ်ချိုပြုံး ကြားရင် ငိုသွားအောင်လည်း ဆိုတတ်ကြတယ်။

“ဒုက္ခသည်စခန်းမှာ .. ပျော်တယ်ဆိုတဲ့ .. မောင်ရေ .. မောင်ရေ။ သြစီကို သွားမှာလား .. နော်ဝေကို သွားမှာလား .. ခွဲခွဲခြားခြား ပြောပါမောင်ရေ” .. တဲ့။ ကိုယ်သွားချင်တဲ့ နိုင်ငံကို သီချင်းနဲ့ သွားခွင့်ရတာ ဘယ်လောက်ကောင်းသလဲလို့။ ဒါ့ကြောင့်ပြောတာ၊ ပတ်ဝန်းကျင်က ဘဝကို ပြဋ္ဌာန်းတယ်ဆိုတာ။

ကျမကတော့ သီချင်းသံတွေ နားထောင်ပြီး အိပ်ရာထဲကနေ တောင်တွေးမြောက်တွေးပေါ့။ ၂ဝ၁ဝ ဆို ကျမချစ်တဲ့ မြန်မာပြည်မှာ ရွေးကောက်ပွဲလုပ်မယ်လို့ ကမ္ဘာသိ ကြေညာထားတာလေ။ ဒါပေမဲ့ ဘယ်အချိန်မှာ မဲဆန္ဒခံယူပွဲလုပ်မယ်၊ ပါတီပေါင်းဘယ်လောက် ပါဝင်ယှဉ်ပြိုင်နိုင်မယ်၊ ဘယ်မြို့နယ်၊ ဘယ်ဒေသမှာ ဘယ်ပါတီက အမတ်ရွေးမယ်၊ ဘယ်လွှတ်တော်ကိုယ်စားလှယ်လောင်းက ပြည်သူအတွက် ဘယ်လောက် အကျိုးပြုမယ်ဆိုတာ အခုချိန်ထိ ကျမတို့ သိခွင့်မရသေးပါဘူး။ မဲဆန္ဒရှင်တွေမှာလည်း ဘယ်လိုအမှတ်အသားတွေ၊ ဘယ်လိုစည်းမျဉ်းတွေနဲ့ ရွေးချယ်ရမယ်ဆိုတာ မသိသေးပါဘူး။ စစ်မှန်တဲ့ ဒီမိုကရေစီသာ အမှန်တကယ်ရခဲ့ရင် ကျမတို့အားလုံး ဝေးမြေရပ်ခြားကနေ ကိုယ့်ဇာတိချက်ကြွေ မွေးရပ်မြေကို ပြန်နိုင်ပြီပေါ့။ ကိုယ့်နိုင်ငံ ကိုယ့်မြေကိုယ့်ရေဆိုတဲ့ အသိနဲ့တင် လုံခြုံအားရှိသွားရတာ။ ဝေးမြေရပ်ခြားမှာ ဘယ်လိုနည်းနဲ့မှ အကြာကြီး မနေနိုင်ပါဘူး။ ဒီတော့ ကိုယ့်နိုင်ငံရဲ့ သတင်းကို မပြတ်နားစွင့်နေရတာလေ။

ဘာဖြစ်လို့လဲ မသိဘူး။ ကျမ သိပ်လွမ်းရင် ဒိုင်ယာရီရေးတယ်၊ ကဗျာဖတ်တယ်၊ မျက်စိမှိတ်ပြီး ကိုယ်ရောက်ခဲ့တဲ့ နေရာတွေကို ပြန်တွေးတယ်။ ဒုက္ခသည်စခန်းထဲမှာ တယောက်ထဲ လျှောက်သွားရင်း မြန်မာပြည်ကို အလွမ်းကြီးလွမ်းပြီး စေတီပုထိုးတွေနဲ့ ဧရာဝတီ၊ ချင်းတွင်း၊ စစ်ကိုင်း၊ မန္တလေးကို စိတ်နဲ့ ရောက်တတ်တာ ခဏခဏ။ ဒေသန္တရသမိုင်းထဲမှာ လုံးဝ မေ့ပျောက်လို့မရတဲ့ ရှုခင်းတွေကို မြင်ယောင်ရင်း တနေ့နေ့တော့ ပြန်ဆုံရမယ်ဆိုတဲ့ စိတ်နဲ့ ကျမ အသက်ရှင်နေရပါတယ်။

“ဟက်ပီးနယူးရီးယား” လို့ အော်လိုက်တဲ့ အတွေးနဲ့ ၂ဝ၁ဝ နှစ်သစ်ကို ဒုက္ခသည်စခန်းထဲကနေ ကြိုဆိုခဲ့ရပါပြီ။ သက္ကရာဇ် ၂ ခုကို ဒုက္ခသည်အဖြစ်နဲ့ ကျမ ကြိုဆိုခဲ့ရတာ။ တညလုံး ရင်ပွင့်မတတ် အော်ဟစ်သီဆိုထားတဲ့ ဒုက္ခသည် အဆိုတော်တွေ မောပန်းသွားထင်ပါရဲ့။ ၂ဝ၁ဝ အာရုဏ်ဟာ တိတ်ဆိတ်ငြိမ်သက်လို့ သွားပါတယ်။

အေးစိမ့်လှတဲ့ ဆောင်းလေက သစ်ရွက်၊ ဝါးရွက်လေးတွေကို တဖွဲဖွဲ ချွေချနေပါတယ်။ စိမ်းဝါညိုသစ်ရွက်လေးတွေက တဲအိမ်လေးတွေရဲ့ ခေါင်မိုးပေါ်မှာ၊ ကျမတို့ရဲ့ ခေါင်းပေါ်လက်ပေါ်မှာ၊ အနွေးထည်ပေါ်မှာ။ သစ်ရွက်ကြွေသံ၊ လေတိုးသံကြားက စခန်းတာဝန်ရှိသူတွေရဲ့ သတင်းကြေညာသံကိုလည်း နားစွင့်ရပါတယ်။

ရိက္ခာလူစစ်၊ ရိက္ခာထုတ်ဖို့၊ ၃ နှစ်အောက်ကလေး ကီလိုချိန်ဖို့၊ ကာကွယ်ဆေးထိုးဖို့၊ စခန်းအပြင်မထွက်ဖို့ သတိပေးတဲ့ သတင်း၊ OPE.DHS.UN လူတွေ့အတွက်၊ ဆေးစစ်၊ ထွက်ဒိတ်၊ ယဉ်ကျေးမှုသင်တန်းအတွက် ဘာအတွက်ညာအတွက် အစရှိတဲ့ သတင်းတွေဟာ စခန်းလေးနဲ့ မလိုက်အောင်ကို များပြားလှပါတယ်။
နေ့စဉ်သတင်းတွေကို နားစွင့်ရင်း ကုသိုလ်ယူရပါတယ်။ မနက် ၉ နာရီဆို ကြေးစည်သံလေးပေးပြီး ဆွမ်းခံကြွတဲ့ ရဟန်းသံဃာတွေကို ဆွမ်းလောင်းလှူကြပါတယ်။ ကျမတို့ ဒုက္ခသည်စခန်းမှာ ဗုဒ္ဓဘာသာဝင် ဘုန်းတော်ကြီးတွေကလည်း ကာလံဒေသံ အဂ္ဂံဒနံ ဆိုတာကို သိနားလည်ထားပါတယ်။

ဘယ်ဆွမ်းအလှူရှင်ကိုပဲဖြစ်ဖြစ် နိဗ္ဗာန်ကို မျက်မှောက်ပြုရပါစေလို့ ဆုမပေးပါဘူး။ မိသားစုအားလုံး တတိယနိုင်ငံကို အမြန်ဆုံး ထွက်ခွာရပါစေ၊ မိသားစု အမြန်ဆုံး ပေါင်းစည်းနိုင်ပါစေဆိုတဲ့ ဆုကိုပဲ ပေးကြတာ။ ရဟန်းပေးတဲ့ဆုကို အလှူရှင်တွေက ပိုလို့ နှစ်ခြိုက်ကြတယ်။ ပေးတဲ့ဆုနဲ့ ပြည့်ပါစေဆိုတဲ့ အသံက ကျေနပ်ဝမ်းမြောက်လို့ ရွှင်ကို နေတော့တာ။

သတင်းတွေနားစွင့်ရင်း ၂ဝ၁ဝ ဇန်နဝါရီ ၆ ရက်နေ့ကို ရောက်လာပါတယ်။ ဒီနေ့ဟာ စိစစ်ဆိုင်းငံ့ Hold၊ Reject သမားတွေကို UN က တွေ့မယ့်အတွက်ကြောင့် ရှေ့ခရီးအတွက် သတင်းထူးမယ်ဆိုတဲ့ စိတ်နဲ့ ဒုက္ခသည်တွေ သိပ်ကို ပျော်ရွှင်နေကြပါတယ်။ စခန်းရုံးနဲ့ နီးတဲ့ DU လက်ဖက်ရည်ဆိုင်ဆိုတာလည်း ထိုင်စရာမရှိတော့ဘူး။

အိမ်ရှင်မတွေကလည်း ကြိုတင်ပြီး ဈေးဝယ်ချက်ပြုတ်ထားကြတယ်။ လာ၊ ဟူး၊ ကြာ ဆိုတဲ့ ဈေးနေ့ထဲက တနင်္လာနေ့မှာ ကြိုတင်ပြီး ဈေးဝယ်ချက်ကြတာပေါ့။ မနက် ၁ဝ နာရီမှာ UN က တွေ့မယ့် ဒုက္ခသည် Hold၊ Reject သမားတွေရဲ့ ဘုရားစင်မှာ ပန်းတွေ ဝေလို့။ အမွှေးတိုင်က မီးခိုးဖျော့ဖျော့တွေကလည်း တလူလူ၊ ဆွမ်းပူပူနွေးနွေးကလည်း အငွေ့တထောင်းထောင်း။ ဆီမီးရေချမ်းတွေနဲ့ ဘုရားစင်က သိပ်ကို သပ္ပာယ်နေပါတယ်။

လက်အုပ်ချီဆုတောင်းနေတဲ့ အိမ်ရှင်မရဲ့ ဆုတောင်းသံကို ဘုရားရှင်က မျက်လွှာချ နားထောင်နေတယ်။ ဘာသာတရားရဲ့ အဆုံးအမ၊ ချီးမြှင့်မှုတွေနဲ့၊ ဘဝတည်မြဲရေးအတွက် လိုအပ်ချက်တွေကို စေ့စပ်ရေးလုပ်ပေးရမယ်လို့ ဒုက္ခသည်အိမ်ရှင်မက ယုံကြည်ထားတယ်။

ကိုယ့်ရဲ့ မိဆိုင်ဖဆိုင် ရိုးရာနတ်တွေတင် မဟုတ်ဘဲ ကိုယ့်ရဲ့ ခင်ပွန်းအိမ်ဦးနတ်ကိုပါ တိုင်တည်ကန်တော့ တောင်းပန်တိုးလျှိုးရတယ်။ ဒုက္ခသည်စခန်းထဲမှာ ၄၊ ၅၊ ၆ နှစ်ရှိနေပြီဖြစ်တဲ့ အိမ်ထောင်ဦးစီး ဒုက္ခသည်ဟာ သူ့ရဲ့ ခွန်အား၊ အကြံဥာဏ်ကို အားပြုပြီး နင်လားငါလား ရှာဖွေလုပ်ကိုင်ပြီး အိမ်ထောင်ထိန်းသိမ်းနိုင်ဖို့ အခွင့်မရရှာပါဘူး။ ရိက္ခာစားပြီး ရှေ့ခရီးကိုသာ မျှော်ရတဲ့အဖြစ်။ ဒုက္ခသည်ဟာ ပြင်ပကို ထွက်ပြီး အလုပ်လုပ်ခွင့် မရှိဘူး။

စခန်းထဲမှာ လုပ်ရတဲ့အလုပ်ကလည်း လက်တွန်းလှည်းလေးလုပ်ပြီး စခန်းနဲ့ဝေးတဲ့ ဟိုးတောင်ခြေမှာ ပလပ်စတစ်ပုံးနဲ့ ရေခပ်ပြီး တပုံး ၃ ဘတ်နဲ့ အိမ်အရောက် ပို့ပေးရတဲ့ အလုပ်ပဲ ရှိတယ်။ ဒါကလည်း လူတိုင်း အလုပ်လက်မဲ့ဆိုတော့ ကိုယ့်ရေ ကိုယ်ခပ်တဲ့သူက များကြတယ်လေ။ လာ၊ ဟူး၊ ကြာဆိုတဲ့ ဈေးနေ့လေးမှာ အိမ်ရှင် ထိုင်းလူမျိုးတွေက ကားတွေနဲ့ လာပြီး သား၊ ငါး၊ အသီးအရွက်၊ အသီးအနှံ လာရောင်းကြတယ်။ ဆိုင်ရှင်ဆီမှာ ထိုင်းစကားအနည်းငယ်တတ်မယ်၊ ငါး၊ ကြက် ခုတ်တတ်မယ်၊ ကီလိုကို သွက်သွက်လက်လက် ချိန်တွယ်တတ်မယ့်သူတွေက တနေ့ ဘတ် ၂ဝ နဲ့ လုပ်ကြတယ်။ ဈေးကွဲလို့ ကျန်တဲ့ သားငါး၊ အသီးအရွက်လေးလည်း ဟင်းစားရတတ်တယ်။

နောက်တမျိုးက ရိက္ခာလှည်းတွန်းတဲ့အလုပ်။ ဒုက္ခသည်တယောက်ဟာ ဆန်တပုံး ၈ ပြည်၊ ဆီ တလီတာရေသန့်ဘူး မပြည့်တပြည့်၊ မီးသွေး၊ ငပိ ရတတ်ပါတယ်။ ရိက္ခာထုတ်ချိန်ဆို ရိက္ခာကို အိမ်တိုင်ယာရောက် လှည်းနဲ့ တွန်းပို့ရတဲ့ အလုပ်ရှိပါတယ်။ ဒါပေမဲ့ ဒုက္ခသည်သောင်းချီတဲ့ စခန်းမှာ လုပ်ရတဲ့သူကလည်း ၁ဝ ဦးလောက်ပဲ ရှိတာလေ။ ဒီတော့ အိမ်ရှင်မဟာ ကိုယ့်အိမ်ဦးနတ်ကို နေ့စဉ်ဟင်းစားအတွက်၊ ဗာရီဟအတွက် ရှေ့ခရီးအတွက် အားမလိုအားမရ ဖြစ်နေတတ်တယ်။

ခင်ပွန်းသည် အိမ်ဦးနတ်ရဲ့ သမိုင်းဖြတ်သန်းမှု (Bio) ဟာ ရှေ့အနာဂတ်ခရီးအတွက် ဘဝတခုလုံးအတွက် ဆိုင်တယ်လေ။ ဒါပေမဲ့ အိမ်ဦးနတ်၊ အိမ်ထောင်ဦးစီးဟာ သူဖြတ်သန်းလာတဲ့ စွန့်လွှတ်လာတဲ့ သမိုင်းဖြတ်သန်းမှုကို အဖြစ်မှန်အတိုင်းပဲ ဖြေချင်ရှာပါတယ်။ သူ့အကြိုက် ဖြေချင်ရှာပါတယ်။ ဘယ်သူ့အကြိုက်၊ ဘယ့်ဝါ့အကြိုက်ဆိုပြီး မဖြေချင်ကြဘူး။ အိမ်ရှင်မကလည်း တလျှောက်လုံး ဘဝခရီးကို လက်တွဲဖော်အဖြစ် ပါရမီဖြည့်ခဲ့ရသူ။

အိမ်ဦးနတ်ရဲ့ နှုတ်ထွက်စကားလေးက ဒုက္ခသည်ဘဝကနေ လွတ်မြောက်ဖို့အတွက် အရမ်းအရေးကြီးတယ်လို့ ယတိပြတ်သတ်မှတ်ထားတာ။ ဒါပေမဲ့ နေ့စဉ်နဲ့အမျှ ပြောင်းလွဲနေတဲ့ ရာသီဥတု၊ ကမ္ဘာ့စီးပွားရေး၊ ကမ္ဘာ့နိုင်ငံရေး အခြေအနေတွေက ဒုက္ခသည်ဘဝကို ရိုက်ခတ်နေတယ်ဆိုတာ အိမ်ရှင်မက လက်မခံချင်လည်း လက်ခံနေရပါပြီ။ ကမ္ဘာ့နိုင်ငံအသီးသီးက သတင်းအသစ်တွေ ထွက်လာတိုင်း ဒုက္ခသည်အတွက် အကောင်းဆုံးဖြစ်မယ့် ပေါ်လစီတွေ ချမှတ်ပါစေလို့ နတ်ဒေဝါတွေဆီမှာ ဆုတောင်းရတာ ဒုက္ခသည်အိမ်ရှင်မရဲ့ အလုပ်ပါပဲ။ လူဆိုတာ မိမိကိုယ်ကို ဗဟိုပြုစဉ်းစားတယ်လို့ အပြစ်ပြောလည်း ခံရမှာပါပဲ။ မငြင်းနိုင်တဲ့ကိစ္စလေ။ မယုံရင် ဒုက္ခသည် ဖြစ်ကြည့်ပါလား။

ဒုက္ခသည်တွေ နေ့စဉ်သောက်သုံးနေရတဲ့ ရေဟာ ထုံးဓာတ်တွေ အများကြီး ပါပါတယ်။ ရေနွေးကျိုပြီး ရေကျက်အေးလုပ်ရင် ပိုသိသာတယ်။ ရေနွေးဆူတဲ့အထိ ကျို၊ ရေအေးအောင် စောင့်ပြီးထားတဲ့ ဒန်အိုးထဲမှာ ထုံးရေဟာ အနည်ထိုင်ပြီး အောက်မှာ ကျန်နေတယ်။ အဲဒီရေကို ရေစစ်နဲ့ ၄-၅ ခါ စစ်ရတယ်။ အိုးတွေဟာ ထုံးကြောင့် ထုံးဂျိုးတက်နေတယ်။ ရေသုံးတဲ့ ကော်ဇလုံ၊ ကော်ပုံးမှာလည်း ထုံးကြောင့် အရောင်မရှိရှာဘူး။ စခန်းထဲမှာ သုံးရေအတွက်၊ သောက်ရေအတွက် ပိုက်တွေနဲ့ သွယ်ပေးထားတာကို အချိန်နဲ့ စောင့်ယူရပါတယ်။ စခန်းတခုလုံး သုံးမယ့် ရေကန်ငတောင်ထိပ်နားမှာ ရှိတယ်လို့ ပြောပါတယ်။ ရေကန်ကို အဆိပ်ခတ်လို့ ဆေးရုံရောက်တဲ့ သူတွေလည်း ရှိပါတယ်။ ရေထဲ အဆိပ်ခတ်လို့ဆိုတဲ့ အသံနဲ့တင် ဒုက္ခသည်တွေ မူးချင်မေ့ချင်သွားတယ်။ ရေကို ဓာတ်ခွဲဖို့ မြို့ပေါ်ယူသွားပြီး ချက်ချင်း မသေဘူး။ တစိမ့်စိမ့်နဲ့ လချီနှစ်ချီကြာမှ သေမှာဆိုတဲ့ သတင်းကလည်း ခြောက်ခြားစရာ။

အဲဒီနေ့က ခါတိုင်းထက် ရေက ကြည်နေပါတယ်ပေါ့။ ဘယ်ဟုတ်မလဲ။ သတင်းတွေကြားလို့ နေရောင်ခံကြည့်မှ ရေက ပြာနေတာ။ စခန်းလုံခြုံရေးတွေ၊ ထိုင်းစစ်တပ်တွေ ရောက်လာတော့ ဒုက္ခသည်တော်တော်များများရဲ့ ကိုယ်ထဲမှာ၊ ထမင်းဟင်းအိုးထဲမှာ၊ ရေကို အသုံးပြုထားကြပြီ။ ထိုင်းလူမျိုးတွေရောင်းတဲ့ ရေသန့်ပုံးတွေ ဝယ်မရတော့ဘူး။

ချက်ချင်းကုန်သွားတယ်။ ရေကန်ထဲက ရေကိုဖွင့်ချပြီး ရေကို ဓာတ်ခွဲကြည့်၊ အသုံးပြုလို့ရပြီလို့ အတည်ပြုပေမယ့် မြက်သတ်ဆေးရည်တွေ ထည့်ထားတဲ့ အဆိပ်ရေကို သုံးမိတဲ့ လူတွေအတွက်တော့ ဓာတ်မခွဲနိုင်ခဲ့ဘူး။ ရေကြောင့် ဆီးပိုးဖြစ်၊ ဆီးကျောက်တည်၊ ခဲဆိပ်သင့်၊ ဒီရောဂါတွေကို စခန်းအတွင်းမှာသိဖို့ အဖြေမရှာနိုင်ခဲ့ပေမယ့် တတိယနိုင်ငံရောက်တော့ ဒုက္ခသည်အမွေအဖြစ် လက်ဆောင်ရသွားတဲ့သူတွေ ပြောပြမှ သိရတာ။ ဒါ့အပြင် နအဖ ထိုးစစ်က ဘယ်နေရာထိ ရောက်နေပြီ။ ထမင်း စောစောစားထား။ အရေးကြီးတဲ့ စာရွက်၊ အနွေးထည်၊ စောင် အသင့်ပြင်ထားဆိုတဲ့ တပ်လှန့်သံတွေလည်း မကြာခဏ ကြားရပါတယ်။ လက်နက်ကြီးသံ၊ သေနတ်သံတွေကလည်း ထပ်ဆင့်အတည်ပြုသေးတာ။

မကြာခင်က မုန်းလူမျိုး ဒုက္ခသည်တွေကို နေရပ်ပြန်ပို့တယ်ဆိုတဲ့ သတင်းကတော့ အလှုပ်ခပ်ဆုံး သတင်းတခု ဖြစ်သွားတယ်။ ဒီလိုခံစားမှုတွေ အများကြီးနဲ့ ဒုက္ခသည်တွေဟာ ထွက်ပေါက်ဖြစ်တဲ့ UN အစီအစဉ်ကို စောင့်စားနေရပါတယ်။ UN ဟာ ဒုက္ခသည်အတွက် နတ်ဘုရားပါပဲ။

UN က ဝန်ထမ်းတွေရဲ့ အတိတ်ကံ၊ ပစ္စုပ္ပန်ကံကို ဒုက္ခသည်တွေ မယှဉ်နိုင်ပါဘူး။ လူသားချင်းအတူတူ UN က လူတွေက ဒုက္ခသည်တွေရဲ့ ကံကောင်းခြင်း၊ ကံဆိုးခြင်းတွေကို သယ်ဆောင်လာခွင့် ရှိသူတွေ။ ကမ္ဘာ့နိုင်ငံအသီးသီးက ဘယ်ဒုက္ခသည်မှ လက်ခံမယ်၊ ဘယ်ဒုက္ခသည်ဆို လက်မခံဘူးဆိုတာကို တဆင့်ပြန်ပြောပြဖို့ ၂ဝ၁ဝ ဇန်နဝါရီ ၆ ရက်နေ့မှာ ရောက်ရှိလာခဲ့ပါတယ်။ ဒုက္ခသည် လူဟောင်းတွေရဲ့ ကံကြမ္မာဟာ ဒုက္ခသည်လူသစ်တွေရဲ့ ရှေ့ခရီးတွေနဲ့လည်း သက်ဆိုင်ပါတယ်။

UN က ခေါ်ပြီး တွေ့ဆုံတဲ့ ဒုက္ခသည်လူဟောင်း Reject ၊Hold သမားတွေ နာကျင်ကြေကွဲရတဲ့ နေ့ပါပဲ။ “ခင်ဗျားတို့ လျှောက်ထားတဲ့ နိုင်ငံက ခင်ဗျားတို့ bio တွေကို မကြိုက်ဘူး။ ဒီ့အတွက် ခင်ဗျားတို့ကို တခြားနိုင်ငံနဲ့ ချိတ်ပေးမယ်။ စိတ်ရှည်ရှည်ထားပြီး စောင့်ပါ'' တဲ့။

ဒီအခါမှာ ဆောက်တည်ရာမရတဲ့ ဒုက္ခသည် အိမ်ဦးနတ်က “ကျုပ်ဘိုင်အိုကို မကြိုက်ရင် ကျုပ်ကိုပဲ ငြင်း၊ ကျုပ်သားသမီးနဲ့ မိန်းမကို လွှတ်ပေးပါ၊ ခေါ်ပေးပါ။ ကွာရှင်းစာချုပ်မှာ လက်မှတ်ထိုးပေးမယ်။ ကျုပ်သမီးလေးလည်း ကလေးဘဝကတည်းက ရောက်လာတာ။ အခု အပျိုဖြစ်ပြီ။ သူ့ရဲ့ ပညာရေး၊ သူ့ဘဝတက်လမ်းအတွက် ဒီ့ထက် အနစ်မွန်းမခံနိုင်တော့ဘူးဗျာ” ။

ဒီတော့ ဝန်ထမ်းက ပြောတယ်။ ကျနော်တို့မှာ ဒီထက်ပိုပြီး ပြောနိုင်ဖို့ စကား ပါမလာပါဘူးတဲ့။
ဒုက္ခသည်တွေရဲ့ သောကမျက်ရည်တွေ မျက်ရည်မိုးအဖြစ် ပြောင်းသွားပါတယ်။ ဆောင်းတွင်းကြီးမှာ မိုးတွေ ရွာတော့တယ်။ နေပူ၊ လေပူကြောင့် ကျွပ်ရွနေတဲ့ ခေါင်မိုးက အင်ဖက်တွေ မိုးရေတွေကို မတားဆီးနိုင်ခဲ့ပါဘူး။ မိုးယိုတဲ့ နေရာတွေကို အစားထိုးနိုင်ဖို့ ဒုက္ခသည်တွေ ကြိုးစားကြပါတယ်။ လိုလျှင်ကြံဆ၊ နည်းလမ်းရဆိုတဲ့အတိုင်း စွန့်ပစ်ပစ္စည်းတွေဟာ အသုံးဝင်သွားရပါပြီ။ ကြွပ်ကြွပ်အိပ်၊ ကော်ဖီမစ်အိတ်၊ ဇီးတော်ဖီအိတ်၊ စက္ကူမာမာတွေဟာ ခေါင်မိုးပေါ်မှာ အစီအရီ။ အင်ဖက်မိုးလား၊ ကြွပ်ကြွပ်အိတ်မိုးလား ခေါင်မိုးကို ဘာနဲ့မိုးသလဲ မပြောနိုင်တော့ပါဘူး။ အဓိကက မိုးလုံဖို့ပဲမို့လား။

အဲဒီနေ့ညမှာတော့ စခန်းလေးဟာ နာကျင်ကြေကွဲစွာ တိတ်ဆိတ်နေပါတော့တယ်။ ဟိုးလမ်းအချိုးအကွေ့တွေဆီက လွင့်ပျံလာတဲ့ အသံတွေဟာ ကြားရသူအပေါင်းရဲ့ အသည်းနှလုံးတွေကို ဆုပ်ချေလိုက်သလိုပါပဲ။ ဒုက္ခသည် အိမ်ဦးနတ်တွေ သူတို့ရဲ့ ဒုက္ခသည် နံပါတ်ကိုရွတ်ပြီး လောကကြီးကို စိန်ခေါ်နေတာ။ ဒါပေမဲ့ သူတို့အသံမှာ မာန်မရှိရှာဘူး။ ငိုသံကြီးနဲ့လေ။ ရင်ထဲမှာ ခံစားနေရတာတွေကို အော်ဟစ်ပေါက်ကွဲပစ်လိုက်ပါလို့ ဘဝတူတွေက စိတ်ထဲကနေ အားပေးနေကြပါတယ်။

မီးရောင်မှုန်လဲ့လဲ့။ ခြေသံသဲ့သဲ့။ နာကြင်ကြေကွဲ အနာဂတ်ပျောက်နေသူတွေ။ မျက်နှာစိမ်းများစွာ၊ လူစိမ်းများစွာနဲ့ ဖွဲ့စည်းထားတဲ့ ဒီိအိမ်မက်ဟာ လွန်ခဲ့တဲ့ ၅ နှစ်ကျော်က ကျမမက်ခဲ့ဖူးတဲ့ အိပ်မက်ပါပဲ။ အိပ်မက်မက်တုန်းက ခံစားမှုနဲ့ အခုခံစားမှုက အတူတူပါပဲ။ အိပ်မက်ကတော့ အိပ်ရာနိုးတာနဲ့ ပျက်ပျယ်သွားပါတယ်။ လက်ရှိ ဒီခံစားမှုအောက်က ကျမတို့ ဘယ်တော့များမှ လွတ်မြောက်နိုင်ပါလိမ့်။

ကျမတို့ လက်ရှိဘဝနဲ့ ကိုက်ညီတဲ့ ကဗျာတပုဒ် ကျမ ခေါင်းထဲဝင်လာတယ်။ ဘာတဲ့ …။

ရင်တွင်းမိုး

ရင်မှာပျိုးမိတဲ့ ပန်းကို

ပွင့်ပြခွင့်မရှိ

ပုံစံခွက်ထဲက ရေလို

ခွန်အားမရှိ

ရိပ်သိမ်းစရာ

ဓား၊ လှံ၊ လက်နက်လည်း မရှိ

မြေပြိုအောင် ရွာတဲ့မိုးက

တခါမှ မခြိမ်းခဲ့

လိပ်ပြာတောင်ပံခတ်သံတွေ

တဖျပ်ဖျပ်ကြားရပေါ့။

ငါ့ရင်ထဲမှာလည်း ငါ့ဆွံ့အသံတွေကို

နားနဲ့ ဆတ်ဆတ်ကြားနေရတယ်။

မေစုစံလင်း (ဂွမြို့)
(ရုပ်ရှင်တေးကဗျာ ၂ဝဝ၉ ဒီဇင်ဘာ)။


(နိ့ဘိုး ဒုက္ခသည် စခန်း ၏ တကယ် အဖြစ်အပျက် တွေပါ.။)

နှင်းပန်းအိမ်