
အင်န်အယ်ဒီ - အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ခရမ်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်မောင်ဝင်း ကွယ်လွန်ခြင်း ၁၉ နှစ်ပြည့် နှစ်လည်ဆွမ်းကျွေးအခမ်းအနားကို အမှတ် ၁၇၊ ဗိုလ်ဉာဏလမ်း၊ ဗိုလ်စိန်မှန်ရပ်ကွက်၊ ဗဟန်းမြို့နယ်ရှိ နေအိမ်မှာ ယနေ့ နံနက်က ကျင်းပခဲ့ပါတယ်။

ဦးတင်မောင်ဝင်းကို မြန်မာသက္ကရာဇ် ၁၃၀၂ (၁၉၄၀) တန်ဆောင်မုန်းလဆန်း ၁၀ရက်နေ့မှာမွေးဖွားခဲ့ပြီးခရမ်းမြို့ဇာတိဖြစ်ပါတယ်။ ခရမ်း အထက၊ ရေကျော် မက်စဒစ်နဲ့ မြို့မအမျိုးသားကျောင်းတို့မှာ ဆယ်တန်းအောင်တဲ့အထိ ပညာသင်ကြားခဲ့ပြီး ၁၉၅၇ - ၁၉၅၈ - ရန်ကုန်တက္ကသိုလ်မှာ တက်ရောက်သင်ကြားပါတယ်။ ခရမ်းကျောင်းသားသမဂ္ဂ အတွင်းရေးမှူး၊ တက္ကသိုလ်ခရမ်းမြို့နယ်အသင်း၊ ဟံသာဝတီခရိုင်အသင်း၊ ကလောင်ရှင်အသင်း၊ သဟာယနှင့် စာဖတ်အသင်းတို့မှာ ရှေ့တန်းက ပါဝင်ခဲ့ပါတယ်။
ဗကသများအဖွဲ့ချုပ်နဲ့ တကသအဖွဲ့ဝင်၊ ကျောင်းသားညီညွတ်ရေးတပ်ဦး တွဲဖက်အတွင်းရေးမှုးနှင့် သဘာဝတီအဖွဲ့ဝင်အဖြစ် ဆောင်ရွက်ခဲ့ပါတယ်။ ၁၉၆၂ ခုနှစ် ဇူလိုင်အရေးတော်ပုံမှာ ရန်ကုန်တက္ကသိုလ်ကျောင်းသားအခွင့်အရေးကာကွယ်မှုတိုက်ပွဲကော်မတီ ဥက္ကဋ္ဌအဖြစ် တာဝန်ယူ ဆောင်ရွက်ခဲ့ပါတယ်။ ၁၉၆၃ မှ ၁၉၇၀ အထိ လုံခြုံရေးပုဒ်မ ၅ နဲ့ အထိန်းသိမ်းခံခဲ့ရပါတယ်။
၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံကာလမှာ စစ်ပြီးခေတ်နှင့် လွတ်လပ်ရေးခေတ် ကျောင်းသားသမဂ္ဂ၀င်ဟောင်းများ ကော်မတီမှာ ပါဝင်လှုပ်ရှားခဲ့ပါတယ်။ ဦးတင်မောင်ဝင်းဟာ အင်န်အယ်ဒီပါတီရဲ့ ရန်ကုန်တိုင်းစည်းရုံးရေးအဖွဲ့ဝင်အဖြဟစ်တာဝန်ယူဆောင်ရွက်ခဲ့ပြီး ၁၉၉၀ ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲမှာ ခရမ်းမြို့နယ် အမှတ်၂မဲဆန္ဒနယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ်အကိုအရင်းဖြစ်သူ (မဆလပါတီဝင်လူဟောင်း) တစညပါတီကိုယ်စားလှယ် ဦးဇော်ဝင်း (အငြိမ်းစားဗိုလ်မှူးကြီးဇော်ဝင်း)နဲ့ ယှဉ်ပြိုင်အရွေးခံရာတွင် မဲအပြတ်အသတ်ဖြင့် အနိုင်ရရှိခဲ့ပါတယ်။
ဦးတင်မောင်ဝင်းဟာ စစ်အစိုးရရဲ့ ဖမ်းဆီးနှိပ်စက်မှုကြောင့် ၁၉၉၁ ခုနှစ်၊ ဇန်န၀ါရီလ ၁၈ရက်နေ့တွင်စစ်အစိုးရ၏အကျဉ်းစခန်းတွင် သူရဲကောင်းပီသစွာ ကျဆုံးခဲ့ရပါတယ်။ ကွယ်လွန်ချိန်မှာ ဇနီး ဒေါ်ကြူ (စာရေးဆရာမ ခင်လှိုင်ကြို) နဲ့ သမီးတယောက်၊ သားတယောက် ကျန်ရစ်ခဲ့ပါတယ်။






ရင်းမြစ်..မိုးမခ