17 January 2010

ထိုင်းနိုင်ငံ နို့ဘိုးဒုက္ခသည် စခန်းမှ ဒုက္ခသည်များ မြန်မာပြည် ပြန်ပို့မည်ကို စိုးရိမ်မိနေသူများ၏ခံစားချက်များ..

ထိုင်း-မြန်မာနယ်စပ် နို့ဖိုးဒုက္ခသည်စခန်းမှာ ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR)
ကနေ ဒုက္ခသည်အဖြစ် အသိအမှတ်ပြု ခံထားရတဲ့ နိုင်ငံရေးအဖွဲ့အစည်းများက လူ (၄၀၀)
လောက်ကို (UNHCR)က တတိယနိုင်ငံတွေကို ထွက်ခွာခွင့် ဆိုင်းငံ့ထားတာ အခုဆိုရင် (၃) နှစ်
ရှိပါပြီ။ အရင် မဲဆောက်မှာနေတဲ့ ဆိုင်းငံ့ခံထားရသူတွေ အပါအ၀င် လူ (၂၀၀၀) လောက်ကို
(UNHCR)နဲ့ (IOM)တို့ရဲ့ အစီအစဉ်နဲ့ လွန်ခဲ့တဲ့ ၂၀၀၆ ခုနှစ် စက်တင်ဘာလက နို့ဖိုးစခန်းမှာ စခန်းသွင်းခဲ့ပါတယ်။ အဲဒီထဲက လူ (၁၅၀၀) လောက်ကို (UNHCR) ကနေ တတိယနိုင်ငံ
တွေကို သွားခွင့်ပြုခဲ့ပြီး နိုင်ငံရေးအဖွဲ့အစည်းက လူတွေကျတော့ (၃၀၀) ကျော်ကို ဆိုင်ငံ့ထားပြီး
(၆၀) ကျော်ကတော့ ဒုက္ခသည်အဖြစ် ပယ်ချခြင်း ခံကြရပါတယ်။

နိုင်ငံခြားထွက်သွားတဲ့လူ (၁၅၀၀) ထဲက အများစုဟာ နိုင်ငံရေးနဲ့မပတ်သက်ဘဲအကြံအဖန်နဲ့ထွက်
ကြတဲ့လူတွေ ဖြစ်တယ်ဆိုတာ (UN)က ၀န်ထမ်းတွေလည်းသိပါတယ်၊ကျနော်တို့နိုင်ငံရေးအဖွဲ့အစည်း
က လူတွေကိုတော့ထွက်ခွာခွင့်မပြုဘဲဆိုင်းငံ့ထားပါတယ်။(UNHCR)အနေနဲ့ဒုက္ခသည်အစစ်အမှန်နဲ့
အတုအယောင်တွေကို သေချာစိစစ် စေချင်ပါတယ်။ ကျနော်တို့ဟာ စခန်းတွင်းမှာ စိတ်ပိုင်းဆိုင်ရာ
အရရော၊ရုပ်ပိုင်းဆိုင်ရာအရပါဒုက္ခရောက်နေကြတာကိုနိုင်ငံတကာကသိစေချင်ပါတယ်။စခန်းထဲမှာ
လည်းစားဝတ်နေရေး၊ကျန်းမာရေးဆိုတာ မသေရုံသာသာ အခြေအနေလို့တောင် ဆိုနိုင်ပါတယ်။ ကျနော်တို့အားလုံးဟာ မြန်မာပြည်ပြန်လို့မရတဲ့သူတွေ ဖြစ်ပါတယ်။

ကျနော်တို့ကို ၆-၁-၁၀ ရက်နေ့က စခန်းမှာ (UNHCR)ကတာဝန်ရှိသူတွေလာပြီးဆွေးနွေးပါတယ်။
အဲဒီအဖွဲ့ထဲက နိုင်ငံခြားသူ အမျိုးသမီးအရာရှိတဦးပြောတာက ကျနော်တို့အားလုံးအတွက် လာမယ့်
မတ်လမှာ (Yes) or (No) အဖြေတခုခုသိရမယ်၊ဘာအဖြေပဲထွက်ထွက်အမေရိကန်ကလွဲပြီးအခြား
နိုင်ငံသွားခွင့်မရှိဘူးလို့ ပြောပါတယ်။

ကျနော်တို့အားလုံးဟာ အမေရိကန်ကိုထွက်ဘို့ လျှောက်ထားကြတဲ့လူတွေ ဖြစ်ပါတယ်။ ဆိုင်းငံ့ခံရ
သူတွေထဲမှာ တချို့ဆိုရင် သားသမီးမြေးတွေ အမေရိကန်မှာ ရှိတဲ့လူတွေ ပါပါတယ်။ ဒါပေမယ့် အဲဒီလူတွေလည်း အခုထိ သွားခွင့်မရှိသေးပါဘူး။

တခြားနိုင်ငံကိုလည်း လျှောက်ခွင့်မရှိတဲ့အပြင် အမေရိကန်က မခေါ်မချင်း (၁၀) နှစ်လား၊ အနှစ်
(၂၀) လား စောင့်ရမယ့်သဘော ဖြစ်နေပါတယ်။ ပိုပြီး စိုးရိမ်ဖို့ကောင်းတာက ကျနော်တို့ကို
အမေရိကန် မပို့ဘဲ ထိုင်းနိုင်ငံမှာခိုလှုံနေတဲ့ လောနိုင်ငံက (မုန်) လူမျိုး ဒုက္ခသည်တွေကို
ထိုင်းနိုင်ငံက အတင်းအကြပ်ဖမ်းပြီး ပြန်ပို့သလိုလုပ်မှာကို အထူး စိုးရိမ်မိပါတယ်ခင်ဗျား။

လေးစားစွာဖြင့်
ကိုနိုင်လေး (နို့ဖိုးဒုက္ခသည်စခန်း)

မေးလ် ထဲမှာ ပြန်လည် ဖော်ပြ ပေးလိုက်ပါသည်.။