12 January 2012

NLD အနာဂတ် အာမခံချက်ရှိရန် ဒေါ်အောင်ဆန်းစုကြည် လူငယ်များရှာဖွေ

(The Gulf Today မှ 11 January 2012 ရက်စွဲပါ Martin Petty ၏ Myanmar’s Suu Kyi looks for youths to rescue future ကို YC မှ ဘာသာ ပြန်ဆိုသည်)

NLD မှ အသက်အရွယ်ကြီးရင့်နေပြီဖြစ်သော ဦးဝင်းတင်က မြန်မာနိုင်ငံ၏ ဒီမိုကရေစီလှုပ်ရှားမှုတွင် ယင်းတို့၏ ပါတီ တွေ့ကြုံနေရသော စိန်ခေါ်မှုများကို ဖော်ပြခဲ့သည်။ သို့သော်ယခုအခါ NLD သည် ၎င်း၏ အနာဂတ်အာမခံချက် ရှိရေးအတွက် သွေးသစ်လောင်းရန် လိုအပ်နေပြီဖြစ်သည်။ နိုဘယ်ဆု ရှင် ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) သည် ၂ဝ၁ဝ ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့ သော်လည်း ဧပြီလတွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည် ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်၏ အရေးပါမှုနှင့် သူမအပေါ် လေးစားမှုတစ်ခုတည်းနှင့်ပင် NLD သည် ပါလီမန်အတွက် အနိုင်ရရှိခဲ့သည်။ သို့သော် NLD ပါတီသည်လည်း ဒီမိုကရေစီတိုက်ပွဲအတွက် ကြာရှည်စွာ ဆင်နွှဲရရင်း ယင်း၏ ကဏ္ဍကို ထိန်းသိမ်းထားနိုင်ခဲ့သည်။ သို့သော် NLD သည် မူဝါဒများ တိုးတက်ချမှတ်နိုင်ရန် ဆိုးဆိုးရွားရွားလိုအပ်လျက် ရှိပြီး သို့မှသာ မဲဆန္ဒပေးသူများကို လွှမ်းမိုးနိုင်မည်ဖြစ်သည်။ ဦးဝင်းတင်သည် ယခင်က စစ်အာဏာရှင်ကို စိန်ခေါ်ခဲ့ချိန်က အတိုင်းပင် စိတ်ဓာတ်ထက်မြက်နေဆဲ ဖြစ်သည်။ သို့သော် ကာလရှည်ကြာကပင် ဒေါ်အောင်ဆန်းစုကြည်အား ကူညီပံ့ပိုးပေးခဲ့သော ဦးဝင်းတင်သည် အသက် (၈၂) နှစ် ရှိပြီဖြစ်ပြီး အခြား NLD ခေါင်းဆောင်များသည်လည်း အသက်အရွယ် မငယ်ကြတော့ပေ။

“ကျွန်တော်တို့ ပါတီဟာ အရမ်းအိုနေပါပြီ။ ဘယ်သူမှ ကျွန်တော်တို့လောက် ဖိနှိပ်မှုကို မခံစားဖူးကြပါဘူး။ ထောင်ထဲမှာ အကြာကြီးနေခဲ့ရသော အဆက်အသွယ်တွေ ပြတ်ကုန်ရော” ဟု ဦးဝင်းတင်က ပြောသည်။

အံ့ဩစရာကောင်းသည့်အချက်မှာ ယခင်စစ်အစိုးရသည် ယင်းအလိုရှိသော အစိုးရမျိုးထွက်ပေါ်စေရန် ၂ဝ၁ဝ ရွေးကောက်ပွဲကို အသေအချာ စီမံခဲ့သော်လည်း အစိုးရသစ်သည် ပြီးခဲ့သည့်နှစ်က နိုင်ငံရေးအကျဉ်းသားအချို့ လွှတ်ပေးခြင်း၊ တိုင်းရင်းသားသူပုန်များနှင့် ငြိမ်းချမ်းရေးစကားပြောခြင်း၊ မီဒီယာဆင်ဆာများ ဖြေလျှော့ပေးခြင်းနှင့် ဆန္ဒပြခွင့်၊ အလုပ်သမားသမဂ္ဂများ ခွင့်ပြုခြင်း စသည်တို့ကို လျှင်မြန်စွာ ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်သည်။

၁၉၉ဝ ခုနှစ်က ရွေးကောက်ပွဲအနိုင်ရသော်လည်း အာဏာမပေးခဲ့သည့် စစ်တပ်နှင့် အနိုင်ရ NLD တို့သည် ရန်ကြွေးများရှိခဲ့သော်လည်း ဒေါ်အောင်ဆန်းစုကြည်သည် ယခင်စစ်အစိုးရဗိုလ်ချုပ်ကြီးဟောင်းဖြစ်သူ လက်ရှိသမ္မတ ဦးသိန်းစိန်အား သံသယ၏အကျိုးခံစားခွင့်ကို ပေးခဲ့ပြီး လက်ရှိ လုပ်ငန်းစဉ်တွင် ပူးပေါင်းပါဝင်ရန် သဘောတူခဲ့သည်။ သူမသည် NLD တစ်ခုလုံးကို ပြန်လည်ပြင်ဆင်ဖွဲ့စည်းရန် တောင်းဆိုခဲ့ပြီး အမျိုးသမီးများအား ခန့်ထားလိုကာ တိုင်းရင်းသားအုပ်စုများ၊ ပညာတတ်လူငယ်များအား NLD နုပျိုသစ်လွင်၍ အားကောင်းစေရန် ခန့်ထားလိုသည်။

NLD အတွက် လုပ်ဆောင်စရာ အလုပ်များစွာ ရှိနေပါသေးသည်။ ပါတီတွင် အရင်းအမြစ်များသည် အကန့်အသတ်နှင့်သာ ရှိနေပြီး ဌာနချုပ်ကလည်း ကျဉ်းမြောင်းကာ ခနော်နီခနော်နဲ့နိုင်လွန်းလှသည်။ ပါတီတွင် အဖွဲ့ဝင် မည်မျှရှိသည်ကိုပင် မသိနိုင်ပေ။ Oxford မှ ပညာတတ် ဒေါ်အောင်ဆန်းစုကြည်သည် သံသယရှိနေသူများကို အနိုင်ယူပြရန် လိုအပ်နေသည်။ သူမ၏ ပါတီသည် ပါတီဝင်များ ရာနှင့်ချီ၍ ထောင်ချပစ်ခဲ့သည့် လူများနှင့် ဆက်ဆံရေး ပြုလုပ်၍ ညီညွတ်မှုရရှိရန် လိုအပ်နေသေးသည်။ ထိုသူများသည် တိုင်းပြည်၏ ပညာတတ်အလားအလာ ရှိသူများကို ပြည်ပသို့ ထွက်ပြေးစေခဲ့သေးသည်။

“ပါတီတွင်းမှာ ခြားနားနေတာတွေ ရှိနေပါသေးတယ်။ ကျွန်တော် ပုဂ္ဂလိကအမြင်အရ NLD ဟာ ပါလီမန်ကို ဝင်ဖို့ သဘောမတူသေးပါဘူး။ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်က ကနဦးဝင်ပါထားချင်တယ်။ စစ်တပ်ရဲ့ ပူးပေါင်းဆောင်ရွက်မှု မရှိဘဲ သူမက လက်ခံခဲ့ပါတယ်။ နိုင်ငံရေး ပြောင်းလဲဖို့တော့ မဖြစ်နိုင်သေးပါဘူး။” ဟု ဦးဝင်းတင်က ပြောသည်။ ယင်းသည် သက်တမ်းအရှည်ဆုံး နိုင်ငံရေးအကျဉ်းသားဖြစ်ခဲ့ပြီး ပါတီတွင်းမှ ပြဿနာများကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးရဲသော တစ်ဦးတည်းသော NLD ပါတီဝင်ဖြစ်သည်။

ဒီမိုကရေစီလှုပ်ရှားသူအများစုကမူ အစိုးရသစ်အပေါ် နက်နက်ရှိုင်းရှိုင်း ယုံကြည်မှုမရှိသေးဘဲ သူမသည် ထောင်ချောက်အတွင်း သက်ဆင်း ရနိုင်သည်ဟု ယုံကြည်လျက်ရှိသည်။ အစိုးရအပေါ် တရားဝင် အသိအမှတ်ပြုခံရရေး အတွက် သူမအား နယ်ရုပ်တစ်ရုပ် (Pawn) အဖြစ် အသုံးချလိမ့် မည်ဟုလည်း ထင်မြင်နေကြသည်။ ဒေါ်အောင်ဆန်းစုကြည်သည် ယခင်ဗိုလ်ချုပ်ဟောင်းများသည် အပေါ်ယံသာ လုပ်တတ်သည်ကို သဘောပေါက် သော်လည်း အလောင်းအစားသဖွယ် လုပ်ဆောင်ရန် ဆန္ဒရှိနေကြောင်း ဦးဝင်းတင်က ပြောသည်။ “မယုံကြည်ရတဲ့အချက်တွေကတော့ အများကြီးပါပဲ။ ဒါပေမဲ့ သူမက ဘာလို့စောင့်နေမှာလဲ လို့မေးပါတယ်။ တိုင်းပြည်အတွက် လုပ်ပေးနိုင်မယ့်အခွင့်အလမ်းရဲ့ လမ်းစလို့ သူမက မြင်ထားပါတယ်။ အန္တရာယ် ကြီးပေမယ့် လုပ်သင့်ပြီလို့ သူမက ယုံကြည်နေပါတယ်။” ဟု ယင်းက ပြောသည်။ အချို့သော ပြည်သူများက NLD ကို ပြန်လည် ဖြည့်ဆည်းခန့်ထားရန် သဘောတူပြီး ယခုမပြည့်စုံသော နိုင်ငံရေးစနစ်တွင် ပါဝင်ရန် သူမ၏ ဆုံးဖြတ်ချက်ကိုလည်း သဘောတူကြသည်။ အစိုးရတွင်း ဝင်၍ ပြောင်းလဲမှုများ အတွက် အလုပ်လုပ်ရန် ကိစ္စကိုလည်း သဘောတူကြသည်။