11 January 2012

ကရင်နီ (ကယား) ပြည်နယ်မှာ မူးယစ်ဆေးဝါး သုံးစွဲသူလူငယ်များပြားလာ

ကရင်နီ(ကယား)ပြည်နယ်ရှိ မြို့များတွင် မူးယစ်ဆေးဝါးသုံးစွဲမှုဖြင့် ဖမ်းဆီးခံရသူများအနက် အသက် ၂၀ ၀န်းကျင် လူငယ် အများစုပါဝင်နေသည်ဟု အထက်တန်းရှေ့နေ တဦးက ပြောသည်။

“အခု အမှုတွေလိုက်နေရတဲ့အထဲမှာ မူးယစ်ဆေးဝါးကိစ္စတွေကြောင့်များတယ်၊ လူငယ်အုပ်စုတွေမှာ များတယ်၊ အသက်နှစ်ဆယ်ဝန်းကျင်တွေဖြစ်တယ် ” ဟု ပြောသည်။

သူ့အနေဖြင့် ယခုလက်ရှိ မူးယစ်ဆေးဝါးသုံးစွဲမှုဖြင့် ဖမ်းဆီးခံနေရသည့် လူငယ်တဦး၏ အမှုကို လိုက်ပေးနေရသည်ဟုလည်း ပြောသည်။ ၎င်းက လူငယ်အများစုသည် လွိုင်ကော် တက္ကသိုလ် ၊ နည်းပညာတက္ကသိုလ်မှ ကျောင်းသူ/သားများဖြစ်ကြသည်ဟု လည်း ဆိုသည်။


ရဲများက မူးယစ်ဆေးဝါးသုံးစွဲသည်ဟု သတင်းရသော ကျောင်းသူကျောင်းသားများကိုလိုက်လံစစ်ဆေး လျှက်ရှိရာ ကျောင်းသားများ ထံမှ စိတ်ကြွဆေးပြားများ ၊ ရာဘဆေးများကို တွေ့ရသဖြင့်ကျောင်းသားများအား ဖမ်းဆီးထားကြခြင်းဖြစ်သည်။

“ရဲတွေ လိုက်စစ်ဆေးတဲ့အခါ လက်ထဲမှာ ဆေးတပြားနှစ်ပြားတွေ့ရပြီး ဖမ်းဆီးခံထားရတဲ့ သူတွေဖြစ်ပါတယ်။ ဒီလိုမူးယစ်ဆေးသုံးသူတွေထဲမှာလည်း ရဲတွေက အများဆုံးပါတယ်။ ဆက်နွယ်နေတယ်။ သူတို့သိနေတာ ဘယ်ကလေးက ဘာတွေလုပ်နေလဲဆိုတာသိတယ် ” ဟု ပြောသည်။

လူငယ်များအကြား ဆေးသုံးစွဲမှု ပြန့်နှံ့နေခြင်းသည် မူးယစ်ဆေးဝါး ရောင်းဝယ်ပြီး စီးပွားရှာသူ များပြားလာခြင်းကြောင့်ဖြစ်သည်ဟု လွိုင်ကော်မြို့ခံတဦးက ပြောသည်။

“လူငယ်တွေက စမ်းသပ်နေကြတာ ရဲတွေကလည်း အကိုင်းအဖျားတွေဘဲ လိုက်ဖမ်းနေတယ်။ ပင်စည်တွေကို ဖမ်းပါ။ လက်ညိုးထိုးလိုက်ရင် လွိုင်ကော်မြို့မှာ အရင်းအမြစ်တွေက အများကြီးဘဲ သူတို့မဖမ်းဘူး” ဟု ၎င်းမြို့ခံက ပြောသည်။

ယခုကဲ့သို့ မူးယစ်ဆေးဝါး ပြဿနာ ကျယ်ပြန့်လာသည့်နောက်တွင် တက္ကသိုလ်ကျောင်းသူ/သားများနှင့် လူငယ်များ မူးယစ်ဆေးဝါးသုံးစွဲမှုကို စိုးရိမ်နေကြသည့် ရပ်မိရပ်ဖများ၊ ဒေသခံလူမှုအဖွဲ့အစည်းများက မူးယစ်ဆေးဝါးနှင့် ကျန်းမာရေး အသိပညာပေး ဟောပြောပွဲများကို ကျင်းပ ပြုလုပ်လာကြသည်။

ဖရူးဆိုမြို့နယ် မူဆိုကျေးရွာအုပ်စု၊ ဒိုးပရယ်ကျေးရွာအုပ်စုနှင့် ဒီးမော့ဆိုမြို့နယ် မြို့မ အုပ်စု အတွင်းတွင် သက်ဆိုင်ရာဌာနများနှင့် ဒေသခံ အဖွဲ့အစည်းများက ပူးပေါင်းကာ ပညာပေး ဟောပြောပွဲများ ကျင်းပကြသော်လည်း ယခုဟောပြောပွဲများဖြင့် လူငယ်များအား ထိရောက်စွာပညာပေးနိုင်ခြင်း မရှိသေးဟု မြို့ခံတဦးက ဝေဖန်သည်။

သတင်း.........Yangon Press International