09 January 2012

NLD ပါတီဝင်လျှောက်လွှာများကို တစ်စောင်တစ်ရာနှုန်းဖြင့်ရောင်းချမည်



အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ နိုင်ငံရေးပါတီအဖြစ်ပါတီမှတ်ပုံတင်ခြင်းကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မ
ရှင်က ခွင့်ပြုလိုက်ပြီ ဖြစ်သဖြင့် လာမည့် ဇန်န၀ါရီလ ၉ ရက်နေ့မှစတင်ကာ NLD ပါတီဝင် လျှောက်လွှာများကို မြန်မာတစ်နိုင်ငံလုံးသို့ ဖြန့်ဝေတော့မည်ဖြစ်ကြောင်း ယင်းပါတီ၏ ပြောရေး ဆိုခွင့်ရှိသူ ဦးအုန်းကြိုင်က ဆိုသည်။

မကြာခင်ရက်ပိုင်းအတွင်း ဖြန့်ဝေမည့် ပါတီဝင်လျှောက်လွှာများတွင် ထူးခြားသော ဖြည့်စွက်ဖော်ပြစရာများ ပါဝင်မည်မဟုတ်ကြောင်း၊ ကိုယ်ရေးရာဇဝင် အကျဉ်းကဲ့သို့သော အကြောင်းအခြင်းရာများသာ ပါဝင်မည် ဖြစ်ကြောင်းကို ယင်းက ဆက်လက်ပြောကြားသည်။

“ကျွန်တော်တို့ အမြတ်မယူဘဲ၊ စာရွက်ဖိုးနဲ့ ရိုက်နှိပ်ခကိုသာ ယူမှာပါ။တစ်စောင်ကို တစ်ရာနဲ့ရောင်းမှာပါ”ဟု ယင်းကဆက်လက် ပြောကြားသည်။

NLD ပါတီဝင်အဟောင်းများသည် အသစ်တည်ထောင်လိုက်သည့် ပါတီတွင် ပါတီဝင်အဖြစ် ပြန်လည်လျှောက်ထားရမည် ဖြစ်ကာ ပါတီဝင် လျှောက်လွှာ များကို ပထမဆုံးအနေဖြင့် တစ်သန်းနီးပါး ဖြန့်ဝေမည် ဖြစ်ကြောင်း သိရသည်။

“ပါတီတည်ထောင်သူတွေကလွဲရင် အကုန်ပြန်လျှောက်ရမှာပါ”ဟု ယင်းပါတီ၏ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက ပြောကြားသည်။

NLD ပါတီ ပြန်လည်မှတ်ပုံတင်ကာ ရွေးကောက်ပွဲဝင်မည့် သမိုင်းဝင် ဆုံးဖြတ်ချက်အား ၂၀၁၁ခုနှစ် နိုဝင်ဘာ ၁၈ရက်နေ့တွင် ချမှတ်ခဲ့သည်။


သတင်း...Transparency Myanmar