11 January 2012

ဗိုလ်ချုပ်အောင်ဆန်း ဇာတာ


ဗိုလ်ချုပ်အောင်ဆန်း ဇာတာ – ရေးသားသူ လှမိုး ပညာရေး ( မော်နီတာ ဂျာနယ်မှ )

မြန်မာနိုင်ငံ၏ အတိတ် သမိုင်း ရာဇ၀င် ကို ပြန်လည် လေ့လာ သောအခါ ခေတ် အဆက်ဆက် တွင် အုပ်ချုပ်ခဲ့သော ဘုရင်များ၊ အစိုးရ နှင့် ပြည်သူပြည်သား များသည် လောက သဘာဝ လောကဓာတ် ပညာနှင့် ဆက်စပ်၍ အတိတ်၊ တဘောင်၊ နိမိတ်၊ ဗေဒင် တို့ကို ယုံကြည် လက်ခံကြ ခဲ့ပါသည်။ ရာနှုန်းပြည့် မဟုတ် သော်လည်း ရာခိုင်နှုန်း တစ်ဝက်ကျော် (၆၀) ရာခိုင်နှုန်း လောက် ယုံကြည် လက်ခံသည်မှာ သေချာ ပါသည်။ လောကီပညာ ဟု ခေါ်သော ဗေဒင်၊ နက္ခတ် လက္ခဏာ တို့သည် အားလုံး တိကျစွာ မမှန်နိုင် သော်လည်း ထိုက်သင့် သလောက်တော့ မှန်ပါသည်။ အစွဲအလန်း ထား မယုံကြည်သင့် သော်လည်း မှန်ကန်သော ပညာရှင်၏ ဟောပြောချက် ကိုတော့ အလေးထား သင့်ပါသည်။

ကျွန်ုပ် စာရေးသူ သည် ဗိုလ်ချုပ် အောင်ဆန်း၏ သမိုင်းကြောင်း နှင့် အဆိုအမိန့် များ၊ စာပေ လက်ရာများ ကို လေ့လာ သောအခါ နိုင်ငံကျော် ဗေဒင် ဆရာကြီး လျှပ်စစ် ဦးအုန်းသင် မှ ဗိုလ်ချုပ် အောင်ဆန်း ရှိစဉ်ကာလက သတင်းစာ ဂျာနယ်များ တွင် ဗိုလ်ချုပ်၏ ဟောစာတမ်း ကို ရေးသား ပေးပို့ခဲ့ကြောင်း သိရှိ ရပါသည်။ ဗိုလ်ချုပ် အောင်ဆန်း သည် လောကီပညာ နှင့် ပါတ်သက်၍ ယုံကြည်သင့် သလောက် ယုံကြည် ခဲ့သော်လည်း နိုင်ငံ လွတ်လပ်ရေး ရရှိရေး ကိုသာ အလေးထား ဦးစားပေး ဆောင်ရွက်နေရ၍ မိမိ၏ ဇာတာနှင့် ကံကြမ္မာကို အလေးမထား နိုင်ခဲ့ပေ။

ဗိုလ်ချုပ် ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိ တွင်“ဖေဖော်ဝါရီ (၁၃) ရက် ဖွားမြင်သော ကျွန်ုပ်သည် ကိုင်ရို နည်းပညာအရ (၁၃) ဂဏန်း ပိုင်ရှင် သည် ထင်ပေါ် ကျော်ကြားသော ခေါင်းဆောင် ဖြစ်သည်။ဟု သူကိုယ်တိုင် ရေးသား ထားသော အချက် တစ်ချက်သာ တွေ့ရပါသည်။ ဗိုလ်ချုပ်ကို မီခဲ့သော အသက် (၈၀) ကျော် လွတ်လပ်ရေး မော်ကွန်းဝင် ဆရာကြီး တစ်ဦး မှ မန္တလေး ရှိ ဆရာတော် တစ်ပါး သည် ဗိုလ်ချုပ်၏ ဇာတာသည် ဘုန်းကြီး သော်လည်း အသက်မရှည် နိုင်သော ဇာတာ ဖြစ်ကြောင်း ဟောဆို ခဲ့ဖူးကြောင်း သို့သော် ဗိုလ်ချုပ် အနေနှင့် ဘာသာရေး ကိစ္စ လုပ်ဆောင်ရန် စိတ်ဆန္ဒ ရှိသော်လည်း တိုင်းပြည် အခြေအနေ အရ နိုင်ငံရေး ကိုသာ စိတ်ဝင်စား အာရုံစိုက် ခဲ့ကြောင်း ပြောဆိုခဲ့ဖူး ပါသည်။

ယခု စာရေးသူ အနေဖြင့်“ဗိုလ်ချုပ်၏ဇာတာ” အဟော မူရင်း အတိုင်း ရေးသား ဖော်ပြပေး လိုက်ပါသည်။

(မှတ်ချက်) ဆရာကြီး ဦးမြင့်သွင် ၏ စလေ ဆရာကြီး ဦးပုည အဖွင့်ကျမ်းတွင် ရာသီစက်ဝိုင်း၌ (လ၁၂၃) ဟု ဖော်ပြထား၏။ မကာရလဂ်၊ မကာရစန်း၊ မကာရ ရာသီ ပိုင်ရှင် ဖြစ်ပါသည်။

မူရင်း ဟောစာတမ်း

သက္ကရာဇ် (၁၂၇၆) ခု၊ တပေါင်း လဆန်း (၁) ရက်၊ စနေနေ့ (၁၃၊ ၂၊ ၁၉၁၅) နံနက် (၅) နာရီ (၃၅) မိနစ် (၂၅) စက္ကန့် တွင် နတ်မောက်မြို့ ၌ ဖွားမြင်သည်။ နေကြတ်ပြီး တစ်ရက်ကျော် အကြာ၌ ဖွားမြင်သည်။ လက် ၉ – သံ ၄၈ တနင်္လာ ၉ – ၁၃ံ ၅၇” တနင်္လာ ထူလ ဒသာ နှစ်ကြွင်း၊ ၇ နှစ်၊ ၁၄ ရက်။

ဗိုလ်ချုပ် အောင်ဆန်း သည် မြန်မာနိုင်ငံ လွတ်လပ်ရေး ကို တည်ဆောက် ခဲ့သော မြန်မာနိုင်ငံသူ နိုင်ငံသား တို့၏ အထူး ယုံကြည် လေးစားခြင်း ကို ခံရသည့် ခေါင်းဆောင် တစ်ယောက် ဖြစ်ပေသည်။ ဗိုလ်ချုပ်၏ အပြုအမူ၊ အနေအထိုင်၊ စွမ်းရည် သတ္တိများ ထူးခြား သကဲ့သို့ မူလဇာတာ အခြေခံ မှာလည်း ထူးခြား လှသည်။


ထူးခြားပုံမှာ အားလုံးသော ဂြိုဟ်အပေါင်း တို့တွင် သောကြာဂြိုဟ် မှတစ်ပါး မြေဓာတ် ရာသီနှင့် လေဓာတ် ရာသီ လွှမ်းမိုးရာ ရာသီတို့တွင် ဂြိုဟ်များ ရပ်တည်နေခိုက် ကြုံစဉ် ဖွားမြင်လေရာ ဇာတာရှင်သည် ထိုရာသီတို့၏ သဘောတရား အတိုင်း မြေထု ကဲ့သို့ မပြောင်းလဲ တည်မြဲသည့် စိတ်ဓာတ်ဖြင့် တစ်သမတ်တည်း တစ်မျိုး တစ်စားတည်း သို့သာ အာရုံ စူးစိုက် ပြီးလျှင် မိမိ ကြံစည် ကြိုးစားရာ၌ အောင်မြင်သည် အထိ ရွပ်ရွပ်ချွံချွံ လုပ်ကိုင် ဆောင်ရွက်လေ့ ရှိခြင်း။ လေဓာတ် ရာသီတွင် ဂြိုဟ်များ ရပ်တည်ခဲ့သော သဘောအရမှာ လေသည် အစဉ်သဖြင့် လှုပ်ရှားနေ သကဲ့သို့ ဇာတာရှင်သည် မိမိ၏ ကြံစည်မှု တို့ကို လှုပ်ရှားနေ စေခဲ့လျှင် လပင် အိပ်နေစေကာမူ ကြံစည် စိတ်ကူးမှု တို့သည် ဆိတ်ငြိမ်နေသည် မရှိဘဲ မိမိ ကြိုးစားကြံစည်ရာတွင် မည်သို့မည်ပုံ လုပ်ရမည်ကို အစဉ်မပြတ် စဉ်းစား ကြံစည်နေသော အလေ့အထ၊ အမူအကျင့် များမှာကား မည်သူမျှ ယှဉ်ပြိုင်၍ မရလေအောင် အကြံကြီးလှသော ရှေ့ဆောင် လမ်းပြ နိုင်ငံရေး သမားကြီး တစ်ဦးပင် ဖြစ်လေသည်။

ဇာတာတိုင်း တို့၌ များလှစွာသော ဂြိုဟ်အပေါင်း တို့သည် လေရာသီ မှာသာ တည်နေလျက် လဂ်စန်း တို့မှာ မြေဓာတ် ရာသီ၌ တည်နေပါမူ ဇာတာရှင်သည် ရှေ့ဆောင် လမ်းပြ ဖြစ်သော နိုင်ငံ၏ အကျိုးကို သယ်ပိုး ဆောင်ရွက်လျက် ရှိသော နိုင်ငံရေး သမား ဖြစ်ရအံ့ ဟု ယူဆ ပြောအပ်၏။ တစ်နည်းအားဖြင့် ထိုကဲ့သို့ ဇာတာရှင်ကို ပညာသည်ကြီး (ပညာရှင်) များ ဟူ၍ လည်းကောင်း ရှေ့နေ ရှေ့ရပ် တရားသူကြီး ဟူ၍ လည်းကောင်း ဟောဆို ရပြန်လေသည်။

စကားပြော တိကျ ပြတ်သားခြင်း မှာ (၂) တန့် ကဋုမ္ပ ဘာဝနှင့် သက်ဆိုင်၍ (၀ါစာပတိ) ဂြိုဟ် ခေါ် ကြာသပတေး သည် ဗုဒ္ဓဟူး နှင့် အတူတကွ (၂) တန့် ဘာဝ ၌ ရပ်တည် နေကြပြီး ထိုဘာဝ သခင်ဂြိုဟ် ဥစ် န၀င်း ကို စီးနေခဲ့သော ဇာတာရှင်သည် စကားပြော ကောင်းသည် ဟု ရေးသား ထားရှိသည့်အချက် နှင့် ဗိုလ်ချုပ် ဇာတာ မှာ တူညီနေခြင်း ကို တွေ့ရှိရပေရာ ဗိုလ်ချုပ်ကို အမြင်အားဖြင့် စကားပြော နည်းသည်ဟု ထင်မှတ် ရစေကာမူ ပြောရန် ရှိလျှင် သူတစ်ပါး တို့ထက် ထူးခြား ရှည်လျားစွာ ပြောဆိုရမှ ကျေနပ်သူမျိုး ပင် ဖြစ်လေသည်။ ပြောလည်း ပြောခဲ၏။ ပြောဆိုသော စကားလုံး တို့၌ ပရိယာယ်မသုံး။ မှန်ကန် တိကျစွာဖြင့် တစ်ခါတရံ သုံးနှုန်းမှု တို့သည် သာမန် လူသားတို့၏ သုံးစွဲလေ့ ရှိသော စကားကို ပြတ်သားစွာ အသုံးပြုခြင်း ဖြင့် လူထုသည် ဗိုလ်ချုပ်အား ပိုမို စွဲလန်းသည် ကို တွေ့ရ၏။

အကြောင်းရင်းကား အခြားမဟုတ်။ ဗုဒ္ဓဟူးနှင့် ကြာသပတေး ဂြိုဟ်ပူး ယှဉ်ရာတွင် ရာဟုဂြိုဟ် ပါဝင် ပူးယှဉ်နေခြင်း ကြောင့် ဘွင်းဘွင်း နှင့် ရှင်းရှင်း ပြောဆို လေ့ရှိသည်ဟု ယူဆရ၏။ ဗိုလ်ချုပ် အောင်ဆန်းသည် (ဖဆပလ) အဖွဲ့ချုပ် မှာ ဥက္ကဋ္ဌ လုပ်ကိုင် နေဆဲ ကာလ ရာထူး လက်မခံ သေးမီ (၁၉၄၆) ခုနှစ်၊ ဇူလိုင် အတွင်းမှာ မြန်မာ့အလင်း သတင်းစာတိုက် သို့ လည်းကောင်း၊ သံတော်ဆင့် သတင်းစာတိုက် သို့ လည်းကောင်း၊ ဒီးဒုတ် ဂျာနယ် ဦးဘချို ထံသို့ လည်းကောင်း ဗိုလ်ချုပ် ထံသို့ ပါ အကျွန်ုပ် သည် ဗိုလ်ချုပ် အောင်ဆန်း ၏ ဟောစာတမ်းကြီး များမှာကား အဘယ်မျှ လောက် မှန်ကန်ခဲ့ကြောင်း အောက်တွင် ဖတ်ရှုပါဦး။

သတင်းစာ ဂျာနယ် တို့၌ ဖော်ပြပါ ရှိချက်များမှာ ဗုဒ္ဓဟူး နှင့် စနေဂြိုဟ် တို့သည် ရာသီချင်း လဲလှယ်ကြလျက် စနေဂြိုဟ်မှာ ဥစ်န၀င်း၊ ဗုဒ္ဓဟူး ဂြိုဟ် မှာ မြတ်သော န၀င်းတွင် စီးပြီး၊ ၀ါစာ ဌာနနှင့် အသိဉာဏ် ကို ပေးစွမ်းသော ဌာနများ တွင် ရပ်တည် နေကြရာ ဇာတာရှင်သည် စောင့်စည်း ခြိုးခြံခြင်း ဖြင့် မိမိ၏ ကိုယ်ရေးကိုယ်တာ ကို ညှာတာ ငဲ့ကွက်လေ့ မရှိဘဲ တိုင်းပြည် လူထု၏ အကျိုးကို မဖြစ်မနေ စိတ်၊ ဇွဲကြီး လှစွာဖြင့် အများ၏ အကျိုးကို အောင်မြင်သည် အထိ ဆောင်ရွက်နိုင်မည့် ပုဂ္ဂိုလ်ထူး ပင်ဖြစ်သည်။

၎င်း အကြောင်းမှာ တနုဘာဝ ရှိ ဥစ်န၀င်း စီးလျက် ရှိသော စန်းကြောင့် ဖြစ်ပေသည်။ လဂ်သည် အလွန် အားရှိ၏။ ၃ တန့်၊ ၉ တန့် သခင်ဂြိုဟ်များ ဖြစ်ကြသော ဗုဒ္ဓဟူး နှင့် ကြာသပတေး သည် အံသာ နီးကပ်စွာ ပူးယှဉ်လျက် လက်တွင် ဥစ် အင်္ဂါ ပူးယှဉ်ပြီးလျှင် လဂ် သည်ပင် အင်္ဂါ န၀င်းတွင် စီးနေ ခဲ့ရကား ကမ္ဘာပေါ်တွင် ထင်ပေါ် ကျော်ကြားသည့် ပုဂ္ဂိုလ် တစ်ဦး ဖြစ်ရပေသည်။ န၀င်းစက်မှာ လက္ခဏာ သခင်ဂြိုဟ် ဥစ် န၀င်း စီးခြင်း နှင့် ဗုဒ္ဓဟူး စနေဂြိုဟ်တို့ ရာသီ ချင်း လဲလှယ် နေသောကြောင့် လူအပေါင်း တို့၏ ချစ်ကြည် လေးစားခြင်း ခံရခြင်းပင် ဖြစ်လေသည်။

စနေဂြိုဟ် မှတစ်ပါး အားလုံးသော ဂြိုဟ်တို့သည် အရှေ့ဘက် ရာသီတွင် ပေါ်ဆဲ ကြုံခြင်း၊ ၇ တန့်၊ ၁၁ တန့် သခင် ဂြိုဟ်များ သည် လဂ် ၏ ပထမဘာဝ တွင် ပူးယှဉ် ရပ်တည်နေခြင်း ကြောင့် ဇာတာရှင် အဖို့ ကျန်းမာရေး မှာ သန့်ရှင်းစွာ မကောင်း လှချေ။ ဦးခေါင်း ကို အစိုးရသော အင်္ဂါဂြိုဟ် မှာ ပါပဂြိုဟ်များ ပူးယှဉ်၍ နေခဲ့သည့် အတိုင်း ဦးခေါင်းကို မကြာခဏ ဥပါဒ်ပေး စေတတ်သောကြောင့် မူးဝေခြင်း၊ ဦးနှောက် သွေးလွန်ခြင်း စသော ရောဂါများ ဖြစ်ပေါ် တတ်လေသည်။

ဇာတာရှင် မှာကား အသက် အလတ်တန်းစားသာ ရှည်မည်။ ကောဇာ ကြာသပတေး ဂြိုဟ်ကြီး သည် တူရာသီ သို့ ရောက်ရှိပြီး (၁၃၀၀) ခု ၀ါခေါင် လပြည့်ကျော် (၃) ရက် မှ မူလ တနင်္ဂနွေနေ့ အံသာ (၁၂၀) အကွာ မြင်မည့် အချိန်က စပြီး ရှေ့အဖို့ ဗိုလ်ချုပ် အောင်ဆန်း သည် အထူးပင် ထင်ပေါ် ကျော်ကြား လျက် မြန်မာပြည် အဆင့်အတန်း မြင့်တက်ခြင်း ၏ ပထမအဆင့် လှေကားထစ် သို့ ရောက်ရှိပေအံ့ ဟု နက္ခတ် စက်ကို အခြေ ထားပြီး ရေးသား ဟောဆို ရပေသောကြောင့် ဟု သတင်းစာ ဂျာနယ် များတွင် ရေးသား ဖော်ပြပါရှိ ဟောဆိုခဲ့သည့် အတိုင်း ဟောထားသော အချိန်မှ (၄၄) ရက် အကွာ ဖြစ်သော (၁၃၀၈) ခု၊ သီတင်းကျွတ် လဆန်း (၃) ရက် (၂၈၊ ၉၊ ၁၉၄၆) ခုနှစ် နံနက် (၁၀) နာရီ အချိန် ၊ ဘုရင်ခံ ဆားဟူးဘတ်ရန့်ရှ် ၏ ရှေ့တွင် ဗိုလ်ချုပ်အောင်ဆန်း သည် ကျမ်းသစ္စာ ဆိုပြီး မြန်မာနိုင်ငံမှ ပထမဆင့် တိုးတက်လျက် ကြားဖြတ် အစိုးရ ဖွဲ့စည်းကာ ဒုတိယ ဥက္ကဋ္ဌ အဖြစ် စတင် ဆောင်ရွက် ခဲ့လေသည်။ သည်ဟောဆိုချက်သည်ကား တင်ကြို ဟောဆိုရာ၌ အတိအကျ မှန်ခဲ့၏။

ဇာတာရှင် ကား အသက် အလတ်တန်းစား ရှည်သည်ဟုဟောဆိုခဲ့ရာတွင် ထိုစာပိုဒ်ကိုမူကား သတင်းစာဂျာနယ်၊ အယ်ဒီတာများက ပြတ်ထား ခဲ့ပြီးနောက် အထက်ပါ ဟောစာတမ်းအတိုင်း ထည့်သွင်း ဖော်ပြကြလေသည်။

(ထိုစာပိုဒ်ကို ဖြတ်ထားခြင်း ၏ အကြောင်းရင်း မှာ တိုင်းသူပြည်သား တို့၏ အများဆုံး ယုံကြည် လေးစားခံရသော ခေါင်းဆောင်ကြီး အတွက် လူထု၏ စိတ်ဓာတ်ကို မထိခိုက် စေလို၍ ဖြတ်ထားကြောင်း သိရပေသည်။)

သက္ကရာဇ် (၁၃၀၉) ခု၊ ၀ါခေါင် လဆန်း (၂) ရက်၊ (၁၉၊ ၇၊ ၁၉၄၇) ခု၊ စနေနေ့ နံနက် (၁၀) နာရီ မိနစ် (၃၀) အချိန် တွင် အတွင်းဝန်များ ရုံးခန်း ၌ အမှုဆောင် ၀န်ကြီးများ အစည်းအဝေး ကျင်းပစဉ် ဗိုလ်ချုပ် နှင့် တကွ အပေါင်းပါ ၀န်ကြီး (၇) ဦးမှာ လူသတ်သမား တို့၏ လက်ဝယ် ၌ လုပ်ကြံမှု ခံရ၍ ကျဆုံး ရလေသည်။

နက္ခတ် ဗေဒင် ပညာရပ် အရမူ လက်တွင် ပါပဂြိုဟ် များနှင့် အင်္ဂါဂြိုဟ် ပူးယှဉ်လျက် မရဏ ဘာဝ သခင် တနင်္ဂနွေ သည် စနေနှင့် န၀င်း ဂြိုဟ်စီးခြင်း၊ အသက်နှင့် ဆိုင်ရာ ၆ တန့်၊ ၇ တန့်၊ ၈ တန့်တို့ ၏ ဘာဝသခင်ဂြိုဟ် များကို ရာဟုဂြိုဟ် ကြတ်နေခြင်း များသည်ကား ဂြိုဟ်၏ ကျမ်းလာ နှင့် သေခြင်း အကြောင်းတရား တို့သည် တိုက်ဆိုင် ကိုက်ညီနေသည် ကို တွေ့ရပေသည်။ ဗိုလ်ချုပ်သည် အသက်အားဖြင့် (၃၂) နှစ် (၅) လစေ့ ရောက်စဉ် ကြာသပတေး ထူလာ ကြာသပတေး ဂြိုဟ်ကြီး သည် မရဏဂြိုဟ် အစစ် ဖြစ်လျက် လဂ်၏ (၂) တန့်တွင် ရပ်တည် နေသော ဂြိုဟ်ဖြစ်ရာ ထိုဒသာ စားဆဲ ကာလ ကြုံရပြီး ကောဇာ ကြာသပတေး တူရာသီတွင် ရပ်တည်နေခိုက် ကြုံစဉ် မည်သူမျှ မလွဲမရှောင် နိုင်သော သေခြင်းတရား ကို လက်ခံလိုက် ရပေသတည်း။

လျှပ်စစ်ဗေဒင်ဦးအုန်းသင် အထက်ပါ ဟောစာတမ်း ကို မူရင်း ဖော်ပြချက် အတိုင်း ရေးသားဖော်ပြခြင်း ဖြစ်ပါသည်။ စနေနေ့မှာ မွေးဖွားသော ရာဇဖွား အာဇာနည် ခေါင်းဆောင် အမျိုးသား ခေါင်းဆောင်ကြီး၊ လွတ်လပ်ရေး ဖခင်ကြီး ကျဆုံးသွားသော နေ့မှာ စနေနေ့ ဖြစ်ပြီး စနေဂြိုဟ် သက်ရောက်စဉ် ကာလနှင့် လည်း ကြုံကြိုက် နေပါသည်။ မည်သို့ပင် ဖြစ်စေကို ဟောစာတမ်း သည် သမိုင်းဝင် ဟောစာတမ်း တစ်စောင် ဖြစ်ခဲ့သည် ဟု ယူဆ ယုံကြည်မိ ပါတော့သည်။

သမိုင်းဝင် သိမှတ်ဖွယ်ရာ ကမ္ဘာကျော် ဇာတာရှင် ကြီးများ ၏ ဟောစာတမ်းမှ – ဗိုလ်ချုပ်အောင်ဆန်း ၏ဇာတာ

လှမျိုး(ပညာရေး)