10 January 2012

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဆိုင်းဘုတ်တင်ပွဲတွင် ပါတီဝင်လျှောက်လွှာ တစ်သန်းခန့်ရောင်းချပေးခဲ့ရ

၂၀၁၂ခုနှစ် ဇန်န၀ါရီရီလ ၉ရက်နေ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဆိုင်းဘုတ်တင်အခမ်းအနားပြုလုပ် ကျင်းပခဲ့ပြီး ပါတီဝင်လျှောက်လွှာတစ်သန်းခန့်ကို ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးသို့ ရောင်းချပေး ခဲ့ ကြောင်း သိရှိရသည်။

အဆိုပါနေ့ နေ့လည် ၁၂နာရီ ၁၅မိနစ်အချိန်ခန့်တွင် အန်အယ်လ်ဒီ ခေါင်းဆောင်များ ဖြစ်သည့် ဦးတင်ဦး ၊ ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းတင်တို့မှ ဆိုင်းဘုတ်တင်ဖွင့်လှစ်ပေးခဲ့ပြီး အန်အယ်လ်ဒီပါတီဝင် ဖြစ်လို သူများအတွက် ပါတီဝင်လျှောက်လွှာများကို ရောင်းချပေးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

“ပါတီလျှောက်လွှာကို ရုံးချုပ်က တစ်သန်း ထုတ်တယ်၊ အဲ့ဒါကို ပြည်နယ်နဲ့တိုင်းမှာရှိတဲ့ အဖွဲ့ချုပ်အဖွဲ့ဝင် တွေကို ပြန်ရောင်းပေးတယ်၊ အဲ့ဒီမြို့နယ်မှာရှိတဲ့ မည်သူမဆို အဖွဲ့ဝင်တွေဆီကနေ ဖောင်ဝယ်ဖြည့်ပြီး ပါတီဝင်အဖြစ် လျှောက်ထားလို့ရပါတယ် “ဟု အန်အယ်လ်ဒီ ပါတီဝင်တစ်ဦးဖြစ်သူ ဦးနိုင်းနိုင်းက ပြောသည်။

ပါတီဝင်လျှောက်လွှာတစ်စောင်လျှင် ၁၀၀ ကျပ်နှုန်းဖြင့်ရောင်းချပေးလျှက်ရှိပြီး သက်ဆိုင်ရာမြို့နယ်အလိုက် မိမိမြို့နယ်ရှိ အန်အယ်လ်ဒီအဖွဲ့ဝင်များထံတွင် ၀ယ်ယူနိုင်ကြောင်း သိရှိရသည်။

“လျှောက်လွှာတွေကို စိတ်ဝင်စားပြီး ပါတီဝင်ဖြစ်လိုတဲ့ မည်သူမဆို တစ်စောင်တစ်ရာနဲ့ ၀ယ်ဖြည့်ပြီး တင်နိုင် ပါတယ်၊ အန်အယ်လ်ဒီပါတီ ရုံးချုပ်မဟုတ်ရင်တောင် ကိုယ့်မြို့နယ်က အဖွဲ့ချုပ် အဖွဲ့ဝင်တွေဆီမှာ ၀ယ်လို့ ရပါတယ် ”ဟု ပါတီလျှောက်လွှာရောင်းချနေသူတစ်ဦးက ပြောသည်။

ပါတီဝင်လျှောက်လွှာဖြည့်ပြီးသူများအနေဖြင့် ရွှေဂုံတိုင်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံး (သို့မဟုတ်) သက်ဆိုင်ရာ ပြည်နယ်နှင့် တိုင်းအသီးသီးရှိ အဖွဲ့ချုပ်အဖွဲ့ဝင်ထံသို့ ပေးပို့နိုင်ကြောင်း သိရှိရသည်။

မြစ်မခ မီဒီယာအား ကျေးဇူးတင်ရှိပါသည်.။