11 January 2012

မြန်မာစစ်တပ်က သမ္မတ၏ အပစ်ရပ်အမိန့်ကို ဖီဆန်ဟုဆို

(Monster and Critics မှ 10 January 2012 ရက်စွဲပါ Myanmar army accused of ignoring president’s ceasefire order ကို yangon chronicle မှဘာသာပြန်ဆိုသည်)

မြန်မာစစ်တပ်သည် ပြီးခဲ့သည့်လအတွင်းက သမ္မတက ကချင်တိုင်းရင်းသားလက်နက်ကိုင်များအပေါ် အပစ်အခတ်ရပ်ရန် အမိန့်ထုတ် ထားသော်လည်း ပစ်ခတ်မှုများကို ဆက်လက်ပြုလုပ်နေဆဲ ဖြစ်သည်ဟု လူ့အခွင့်အရေးအဖွဲ့ တစ်ခုက အင်္ဂါနေ့ (ယနေ့)တွင် ပြောကြားလိုက်သည်။

“ဒီဇင်ဘာလတုန်းက သမ္မတဦးသိန်းစိန်က စစ်တပ်ကို တိုက်ခိုက်မှုရပ်ဖို့ အမိန့်ထုတ်ထားပါတယ်” ဟု လူသားချင်း စာနာမှု အကူအညီပေးရေးအဖွဲ့ တစ်ဖွဲ့ဖြစ်သော Refugees International က ဆိုသည်။ “ဒါပေမဲ့ခုဒီစာကို ရေးနေတဲ့ထိ တိုက်ခိုက်မှုတွေ ဆက်နေတုန်းပါပဲ။ ဒါ ဘာကို ပြသလဲဆိုရင် အရပ်ဘက်အစိုးရအသွင် ကူးပြောင်းခြင်းကို စစ်တပ်က မလိုလားသေးဘူးဆိုတာကိုပါ။” ဟု ပြောသည်။

ကချင်ပြည်နယ် မြောက်ပိုင်းတွင် ဖြစ်ပွားလျက်ရှိသော တိုက်ပွဲများကြောင့် ပြည်သူလူထု သုံးသောင်းကျော်မှာ အိုးအိမ်နေရာများ ရွှေ့ပြောင်းခဲ့ရပြီး လူမှုရေးဒုက္ခများပြင်းထန်စွာ ခံစားနေရကြောင်း အဆိုပါအဖွဲ့က သတိပေး ပြောကြားသည်။

သမ္မတဦးသိန်းစိန်က စစ်ရေးတိုက်ခိုက်မှုများရပ်ဆိုင်းရန် ဒီဇင်ဘာ ၁၃ ရက်က ညွှန်ကြားလိုက်ခြင်း ဖြစ်သော်လည်း တိုက်ခိုက်မှုများမှာ ရပ်တန့်သွားခြင်း မရှိသေး ဟု Refugees International က ပြောသည်။ ကုလသမဂ္ဂက တင်ပြထားသော ကယ်ဆယ်ရေးအလှူငွေဒေါ်လာ ၆.၄ သန်းကို အလှူရှင်များက လျင်လျင်မြန်မြန် မပေးနိုင်ပါက ဒုက္ခသည်များ အနေဖြင့် လာမည့်လအနည်းငယ်ခန့်အတွင်း အစားအစာနှင့် ဆေးဝါးများ ပြတ်လပ်မှုနှင့် ရင်ဆိုင်ရဖွယ် ရှိကြောင်း ယင်းတို့က ဆိုသည်။

လက်ရှိသမ္မတသည် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ပွင့်လင်းစွာ မျက်နှာချင်းဆိုင် ဆွေးနွေးခြင်း၊ နိုင်ငံရေးအကျဉ်းသား ၃ဝဝ ကျော်လွှတ်ပေးခြင်းနှင့် ရှမ်းပြည်နယ်တောင်ပိုင်းတပ်မတော်(SSA-S)၊ China National Front စသည့် လက်နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေး စာချုပ်များ ချုပ်ဆိုခြင်း စသည်တို့ကို ပြုလုပ်ခဲ့သည်။ လာမည့်ကြာသပတေးနေ့တွင်လည်း အစိုးရအဖွဲ့သည် ၆၃ နှစ်ကြာ လက်နက်ကိုင်တိုက်ခိုက်ခဲ့သည့် ကရင်အမျိုးသားယူနီယံ (Karen National Union-KNU) နှင့် ငြိမ်းချမ်းရေး စတင်ဆွေးနွေးမည် ဖြစ်သည်။