24 November 2011

NLD ရွေးကောက်ပွဲဝင်လာပြီးနောက်


NLD ရွေးကောက်ပွဲဝင်လာပြီးနောက်

NLD ရွေးကောက်ပွဲဝင်လာမှုနှင့်အတူ မြန်မာ့နိုင်ငံရေးမှာ အပြောင်းအလဲတစ်ခု ဖြစ်သွားပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ရွေးကောက်ပွဲဝင်မည့်ကိစ္စကြောင့် ထိုအပြောင်းအလဲမှာ ပို၍ စိတ်ဝင်စားစရာကောင်းလာပြီး ဖြစ်နိုင်ခြေရှိသည့် အဖြေများလည်း များစွာ ပေါ်ထွက်လာခဲ့သည်။

ဘာကြောင့် နေရာပြည့်ဝင်တာလဲ

“ဒေါ်အောင်ဆန်းစုကြည်နဲ့ကျွန်တော်နဲ့လည်း တစ်ကြိမ်တွေ့ပြီးပြီ။ တွေ့ပြီးတော့ နှစ်ယောက်လုံးရဲ့ သဘောထားတွေကို ပြောခွင့်ဆိုခွင့် တွေကိုလည်း ကျွန်တော်တို့ တော်တော်လေးရတယ်။ တချို့အချက်တွေလည်း မတူတာတွေ ရှိတာပေါ့။ အဲဒီတော့ မတူတာတွေကိုတော့ ကျွန်တော်တို့ ခဏဖယ်ထားကြရအောင်။ တိုင်းပြည်ရဲ့အကျိုးစီးပွားပေါ့။ ဘုံအကျိုးစီးပွားအတွက် တူညီတာတွေကို ကျွန်တော်တို့ လက်တွဲပြီးလုပ်ကြရအောင်။ ဒီကနေ့ တိုင်းရင်းသားအားလုံးရဲ့ဆန္ဒက ဘာလဲပေါ့။ ဒီဟာကိုလဲ ကျွန်တော်တို့ ဖော်ထုတ်ဖို့လိုတယ်။ တိုင်းရင်းသားအားလုံးရဲ့ဆန္ဒက တိုင်းပြည်က တည်တည် ငြိမ်ငြိမ် အေးအေးချမ်းချမ်းနဲ့ လုံလုံခြုံခြုံ ရှိချင်တယ်။ ဒီဟာတစ်ချက်၊ နောက်တစ်ခါ ကိုယ့်တိုင်းပြည်ကို ဖွံ့ဖြိုးတိုးတက်ချင်တယ်။ ခေတ်မီတဲ့နိုင်ငံ ကျွန်တော်တို့ ဖြစ်ချင်တယ်။ ဒီနှစ်ချက်က ပြည်သူအားလုံးရဲ့ဆန္ဒပါ၊ ပြည်သူအားလုံးရဲ့ ဆန္ဒဖြစ်တဲ့အတွက်ကြောင့် ခင်ဗျားဆန္ဒလည်း ဖြစ်တယ်။ ကျွန်တော့်ဆန္ဒလည်း ဖြစ်တယ်။ ဒါကိုခင်ဗျားလက်ခံလားဆိုတော့ သူလက်ခံတယ်။ အဲတော့ ဒီတိုင်းပြည်အကျိုးရှိမယ့်ဟာတွေကို ကျွန်တော်တို့ လက်တွဲပြီးလုပ်ကြရအောင်။ ဒီလိုပြောတဲ့အတွက်ကြောင့်လည်း အခု ဒါရွေးကောက်ပွဲတို့ဘာတို့ ပြန်ပြီးတော့ ပါတီကိုမှတ်ပုံတင် ရွေးကောက်ပွဲဝင် ဘာညာ လုပ်တယ်ပေါ့။ ဘာတွေလုပ်မလဲဆိုတာ၊ ဘာကိုတွဲပြီးတော့ လုပ်ကြပြုကြမလဲဆိုတာ အခုချိန်ပြောဖို့တော့ ခက်တယ်။ သို့သော်လဲ ပြောနိုင်တာ ကတော့ တိုင်းပြည်အတွက် အကျိုးစီးပွားအတွက် ဘုံအကျိုးစီးပွားအတွက်တော့ လက်တွဲပြီးတော့လုပ်ကြမယ်ဆိုတဲ့ဟာကတော့ ဒီလိုတော့ ကျွန်တော်တို့ ပြောဆိုထားတာတွေ ရှိပါတယ်။

အထက်ပါ စကားကို သမ္မတကြီး ဦးသိန်းစိန်က အင်ဒိုနီးရှားတွင်ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ ပြည်တွင်းပြည်ပ မီဒီယာများနှင့် တွေ့ဆုံ စဉ် ပြောကြားခဲ့ခြင်းဖြစ် သည်။ ဒေါ်အောင်ဆန်းစုကြည်မှ လည်း NLD ရွေးကောက်ပွဲဝင်ရန် ဆုံးဖြတ်သည့်နေ့က သူမသဘောထားမှာ ရွေးကောက်ပွဲဝင်ရန် ဖြစ်ကြောင်း၊ စတိသဘော သုံးနေရာမျှဝင်ခြင်းထက် ၄၈နေရာလုံးဝင်ရန် ဆုံးဖြတ်ထားကြောင်း ပြောဆိုခဲ့ရာ သမ္မတကြီးနှင့် လူထု ခေါင်းဆောင်အကြား မည်မျှအတိုင်းအတာအထိ သဘောတူညီချက်တွေ ရည်မှန်းချက်တွေ ရှိနေသည်ဆို မည်သူမျှသိနိုင်မည်မဟုတ်ပေ။ သမ္မတကြီး အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်ရွေးကောက်ပွဲ ဝင်နိုင်ရန် ရွေးကောက်ပွဲ ဥပဒေတွေ၊ ပါတီမှတ် ပုံတင်ခြင်းဆိုင်ရာ ဥပဒေတွေကို ပြင်ဆင်ပေးခဲ့သည်။ သမ္မတကြီး၏ ကမ်းလှမ်းမှုကို ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် အပြည့်အဝ တုံ့ပြန်လိုပုံရသည့်အတွက် ၄၈နေရာလုံး ဝင်ပြိုင်ခြင်းဖြစ်နိုင်သည်။ ဤသည်မှာ သမ္မတကြီးနှင့် လူထုခေါင်းဆောင်အကြား ယုံကြည်မှုတစ်ခု တည်ဆောက်လိုက်ခြင်းဖြစ်နိုင်သည်။ ၄၈နေရာလုံး NLD အနိုင်ရရုံမျှဖြင့် လွှတ်တော်တွင် အပြောင်းအလဲကြီးကြီးမားမား ဖြစ်မသွားနိုင်သော်လည်း အစိုးရနှင့် လွှတ်တော်များအတွက် တရားဝင်မှုမှာ ပိုမိုခိုင်မာသွားနိုင်မည် ဖြစ်ပြီး အားလုံးပါဝင်သော နိုင်ငံရေးဆို သည့် အခြေအနေကိုဖန်တီးမည့် ပထမဆုံး ခြေလှမ်းလည်းဖြစ်နိုင်သည်။

ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ဝင်မှာလား


NLD ပြောရေးဆိုခွင့်ရှိသူ ဦးအုန်းကြိုင်၏ အဆိုအရ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ရွေးကောက်ပွဲဝင်မည့် အလားအလာရှိနေသည်။ ထိုသို့ လူထုခေါင်းဆောင်ကိုယ်တိုင် ရွေးကောက်ပွဲဝင်တော့မည်ဆိုသည့်အတွက် အမြင်နှစ်မျိုးရှိလာသည်။ သူမကိုယ်တိုင် ရွေးကောက်ပွဲ ဝင်သင့် မဝင်သင့် ဆိုသည့် အခြမ်းနှစ်ခြမ်းဖြစ်သည်။

မဝင်သင့်သည့် အခြမ်းဘက်က လူထုခေါင်းဆောင်သည် ပါတီတစ်ရပ်ကို ကိုယ်စားပြု၍ လွှတ်တော်အတွင်းဝင်ရောက်သွားပါက ပါတီ၏ မူဝါဒကို ကြည့်ရတော့မည်ဖြစ်သည့်အတွက် ပြည်သူနှင့် အခြားပါတီများအတွက် လူထုခေါင်းဆောင်အဖြစ်ရှိသော သူမမှာ ပါတီတရပ်၏ ခေါင်းဆောင် အဖြစ် လျော့ကျသွားမည်ကို စိုးရိမ်မိကြောင်း ပြောဆိုကြသည်။ သူမကဲ့သို့ သြဇာရှိသူတစ်ဦးအနေဖြင့် NLD ပါတီခေါင်းဆောင်ဆိုခြင်းထက် ဒီမိုကရက် ပါတီများနှင့် NLD ကို စုစည်း၍ ဦးဆောင်သွားနိုင်သည့် အခြေအနေရှိကြောင်း၊ ထောက်ပြပြောဆိုကြသည်။ အမျိုးသားခေါင်းဆောင်တစ်ဦးဖြစ်သူ ဆရာကြီး သခင်ကိုယ်တော်မှိုင်းမှာ ကွန်မြူနစ်များကရော ဦးနုအစိုးရကပါ လေးစားရ သူဖြစ်ရာ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့်လည်း သူမကို နှစ်သက်သော တပ်မတော်သား ကိုယ်စားလှယ်တစ်စိတ်တစ်ပိုင်း၊ အခြားဒီမိုကရက်ပါတီများနှင့် NLD ဟူသည့် မတူညီသည့် နိုင်ငံရေးအင်အားစုများကို ဦးဆောင်သွားနိုင်သည့် အခြေအနေရှိနေပါသည်။

ထို့ပြင် လွှတ်တော်ထဲတွင် သူမကဲ့သို့ အရှိန်အဝါကြီးမားသူတစ်ဦး ထိုင်နေခြင်းကြောင့် ပါတီငယ်များအနေဖြင့် သူမ၏ အရှိန်အဝါကို မကျော်လွန်နိုင်တော့ဘဲ သက်ဆိုင်ရာ ကိုယ်စားပြုမဲဆန္ဒနယ်များ၌ ဖြစ်ပျက်နေသည့် မတူကွဲပြားသည့် ပြဿနာများကို ဆွေးနွေးငြင်းခုန်ရာတွင် ပြဿနာရှိလာနိုင်ကြောင်း ထောက်ပြကြသည်။ ထို့ကြောင့် သူမအနေဖြင့် လွှတ်တော်ပြင်မှနေ၍ ပြည်သူလူထုနှင့် လွှတ်တော်များကို သြဝါဒ ပေးနိုင် သော နေရာမျိုးကို ယူထားသင့်သည်ဟု ဆိုကြသည်။

“တစ်အချက်က သူရွေးကောက်ပွဲ ၀င်ရမယ်။ ပြည်သူလူထုရဲ့ ရွေးချယ်တင်မြှောက်ခြင်းကို ခံရမယ်။ လွှတ်တော်ထဲ ရောက်လာမယ်။ လွှတ်တော်ထဲက တင်မြှောက်လို့ရှိရင် ဖြစ်လာမှာပါ။ ဒါကတော့ ပြည်သူ့ရဲ့ဆန္ဒပါပဲ”

ဒေါ်အောင်ဆန်းစုကြည်ကို အစိုးရအဖွဲ့အတွင်း ရာထူးပေးနိုင်ခြင်း ရှိ၊မရှိဆိုသည့် မေးခွန်းကို နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်မှ အထက်ပါ အတိုင်း ဖြေကြားခဲ့သည်။ သို့ဖြစ်ရာ သူမကို အားကိုးရသည့် လက်ရုံးအဖြစ် သမ္မတကြီးအနေဖြင့် အလိုရှိပုံရသည်ဟုလည်း တွက်ဆနိုင်သည်။ လက်ရှိတွင် သမ္မတအပါအဝင် အစိုးရအဖွဲ့ကို လွှတ်တော်ကိုယ်စားလှယ်များက မဲပေးရွေးချယ်သည်ဖြစ်ရာ လွှတ်တော်ထဲက ပုဂ္ဂိုလ်များကိုသာ အဆို တင်သွင်းကြခြင်းကြောင့် ရွေးကောက်ပွဲဝင်ပါမှ အစိုးရအဖွဲ့တွင် ရာထူးရယူနိုင်မည့်ပုံစံရှိသည်။ သို့ရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေအရ လွှတ်တော် ပြင်ပမှ ပုဂ္ဂိုလ်များလည်း အစိုးရအဖွဲ့တွင် ပါဝင်နိုင်ပါသည်။ ယခုလက်ရှိ နိုင်ငံခြားရေးဝန်ကြီးမှာ ရွေးကောက်ပွဲဝင်ခြင်းမပြုဘဲ ရာထူးခန့်အပ်ခြင်း ခံခဲ့ရသည့်အချက်ကို စဉ်းစားနိုင်သည်။

နိုင်ငံနှင့် လွှတ်တော်ပုံရိပ်တက်လာနိုင်


မည်သို့ပင်ဆိုစေကာမူ သူရဦးရွှေမန်း၊ ဦးခင်အောင်မြင့်တို့ကဲ့သို့ လွှတ်တော်ဥက္ကဋ္ဌ နှစ်ဦး၊ ပြည်သူ၏ ယုံကြည်ကိုးစားမှုရလာသော သမ္မတ ဦးသိန်းစိန်တို့ကို နိုင်ငံတကာတွင်ရော ပြည်သူလူထုအပေါ်တွင်ပါ သြဇာညောင်းသည့် ဒေါ်အောင်ဆန်းစုကြည် ပါဝင်လာခြင်းက နိုင်ငံတကာတွင် မြန်မာ၏ ပုံရိပ်ကို တက်လာစေရုံသာမက ပြည်သူအားလုံး၏ နိုင်ငံရေးနိုးကြားမှု မြင့် တက်လာစေမည်ဆိုသည်ကတော့ သေချာသည့်ကိစ္စ ဖြစ်သည်။

နိဂုံးချုပ်ဆိုရလျှင်

NLD ရွေးကောက်ပွဲဝင်ရန် ဆုံးဖြတ်လိုက်ပြီးနောက်တွင် မြန်မာ့နိုင်ငံရေး တစ်ဆစ်ချိုးပြောင်းလဲသွားပြီဟု ယေဘုယျဆန်ဆန် ဆိုရမည် ဖြစ်သော်လည်း ယခုချိုးလိုက်သည့် တစ်ဆစ်ချိုးမှာ နောက်ထပ်ချိုးစရာ မရှိတော့ဘဲ ရှေ့တည့်တည့်သို့ တူရှုရမည့် လမ်းကြောင်းတစ်ခုသာ ဖြစ်တော့သည်။ ဆိုလိုသည်မှာ ဝိဝါဒကွဲပြားမှုတွေ ဖြင့် အပြင်းအထန်ပြိုင်ဆိုင်ခဲ့ကြသော ဗိုလ်ချုပ်ဟောင်းများနှင့် ဒီမိုကရေစီဒေါင်ဒေါင်မြည်ကြီးများမှာ ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေ က ပြဋ္ဌာန်းသော ရွေးကောက်ပွဲဟူသည့် လမ်းကြောင်းတစ်ခုတည်းပေါ်သို့ အတူတကွ တက်ရောက်သွားပြီဖြစ်ရာ ဘုံသဘောတူညီမှုတစ်ခု (သို့) ယာယီပန်းတိုင်တစ်ခုတော့ ရှိသွားခဲ့ပြီဖြစ်သည်။ အဆိုပါ ပန်းတိုင်သို့သွားရာတွင် အဖွဲ့အစည်းတစ်ခုအတွင်း ဖြစ်လေ့ ဖြစ်ထရှိသော အမြင်ကွဲပြားမှုမျိုးသာ ရှိတော့မည်ဖြစ်ပြီး တစ်ဖွဲ့တည်း၊ ပန်းတိုင်တစ်ခုတည်း ဖြစ်နေပြီဖြစ်သည့်အတွက် ဆန့်ကျင်မှုများထက် အပြုသဘောဆောင်သည့် ပူးပေါင်းဆောင်ရွက်မှုများသာ ဖြစ်ပါလိမ့်မည်။


ဤ ဆောင်းပါး အား yangon chronicle ဆောင်းပါးကဏ္ဍ မှ ပြန်လည်ဝေမျှလိုက်ပါသည်.။