24 November 2011

ကြားဖြတ်ရွေးကောက်ပွဲဝင်မည့် လူငယ်များ၏ အရည်အချင်းများကို ဒေါ်အောင်ဆန်းစုကြည်မှ သတ်မှတ်ပေးခဲ့

၂၀၁၁ခုနှစ် နိုဝင်ဘာလ ၂၃ရက်နေ့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(ရုံးချုပ်)တွင် ပြည်နယ်နှင့်တိုင်း ဗဟိုအလုပ်မှုဆောင်များကိုခေါ်ကာ ကြားဖြတ်ရွေးကောက်ပွဲဝင်ပြိုင်မည့် လူငယ်များ၏ အရည်အချင်းများကို သတ်မှတ်၍ ရွေးကောက်ပွဲအောင်နိုင်ရေးကော်မတီကို ဖွဲ့စည်းခဲ့ကြောင်းသိရသည်။

အန်အယ်လ်ဒီအဖွဲ့ချုပ်မှ ကြားဖြတ်ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်မည့် သူများသည် ဒေသခံ တိုင်းရင်းသားများဖြစ်ရမည် ၊ လူငယ်ဖြစ်ရမည် ၊ အမျိုးသမီး ဦးစားပေးမည်၊ ခေတ်ပညာတတ် ဖြစ်ရမည်ဟု အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်မှ ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင် များနှင့် တွေ့ဆုံရာ တွင် ပြောကြားခဲ့ကြောင်း သိရှိရသည်။

“ဒေါ်အောင်ဆန်းစုကြည် ခေါ်ပြီးပြောတာက နံပါတ်တစ် ဒေသခံတိုင်းရင်းသားကို ဦးစားပေးရမယ် ၊ နံပါတ်နှစ် လူငယ်ဖြစ်ရမယ် ၊ နံပါတ်သုံး အမျိုးသမီးတွေ ပါဝင်ရမယ် ၊ နံပါတ်လေး ခေတ်ပညာတတ်တဲ့လူငယ်တွေကို ပိုလို ချင်တယ် လို့သူပြောသွားတယ် ၊ အဲ့ဒီအချက်တွေကို ကြည့်ခြင်းအားဖြင့် ဒေါ်အောင်ဆန်းစုကြည်က တိုင်းရင်းသားတွေကို ဦးစားပေး စဉ်းစားပေးတဲ့သဘောပေါ့ နောက်လူငယ်လေးတွေကို ဦးစားပေးလာတာပါ” ဟု မန္တလေးတိုင်းဒေသကြီးမှ အန်အယ်လ်ဒီအဖွဲ့ချုပ်အဖွဲ့ဝင် ဦးအေးကြူက ပြောသည်။

အဆိုပါ ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှ အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်နှင့် ဥက္ကဌ ဦးတင်ဦးတို့အပါအ၀င် အဖွဲ့ဝင်၂၁ဦးဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

အန်အယ်လ်ဒီပါတီမှ ကြားဖြတ်ရွေးကောက်ပွဲဝင်မည့်သူများသည် လူငယ်များဖြစ်ရမည်ဟု ပြောဆိုရခြင်းမှာ လူငယ်များအနေဖြင့် နောင်တစ်ချိန်တွင် တိုင်းပြည်ကို ဦးဆောင်မည့်သူများ ဖြစ်စေ ချင်သောကြောင့် ဦးစားပေး ရွေးချယ်ရခြင်းဖြစ်ကြောင်း အဖွဲ့ချုပ်အဖွဲ့ဝင်များထံမှ သိရသည်။

“အန်တီစု အပါအ၀င် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးကအဖွဲ့ဝင် ၂၁ဦး နဲ့ ပါတီသစ်လျှောက်လွှာတွေအတွက် အန်တီတို့ လက်မှတ်ထိုးကြရတယ် ဒီရွေးကောက်ပွဲအောင်နိုင်ရေးအတွက် ဦးဆောင်မှာက အထွေထွေအတွင်း ရေးမှူးဒေါ်အောင်ဆန်းစုကြည် ၊ ဘဘဦးတင်ဦး ၊ ဦးဟန်သာမြင့် နောက် ဦးဥာဏ်ဝင်းတို့က ဦးဆောင်မှာပါ၊ အားလုံးပေါင်း (၂၁)ဦးပေါ့ ကျန်တဲ့လူက ဗဟိုအမျိုးသမီးအဖွဲ့ပါတယ် ၊ ဗဟိုလူငယ်က တစ်ယောက်ပါမယ် တိုင်းနဲ့ပြည်နယ်က ကိုယ်စားလှယ်တွေလည်းပါတယ် အဲ့ဒီလူတွေကနေမှ နိုင်ငံရေး ပါတီအဖြစ်နဲ့ မှတ်ပုံတင်ဖို့ ဒီနေ့ လုပ်ဆောင်ကြတာပါ” ဟု ရှမ်းပြည်နယ်ကိုယ်စားပြု ကြားဖြတ်ရွေးကောက်ပွဲ အောင်နိုင်ရေးအဖွဲ့ ဖွဲ့စည်းရာတွင် ပါဝင်သူ ဒေါ်ခင်မိုးမိုးက ပြောသည်။

ဗဟိုအလုပ်မှုဆောင်များနှင့် တွေ့ဆုံရာတွင် ပြည်နယ်နှင့်တိုင်းမှ စီစီ ပါတီသစ်မှတ်ပုံတင်ခြင်း ၊ ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် ဗဟိုအဖွဲ့ဖွဲ့စည်းခြင်း နှင့် တိုင်းနှင့်ပြည်နယ်များမှ အောင်နိုင်ရေးအဖွဲ့များ ဖွဲ့စည်းခြင်း တို့ကို တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

သတင်းများပြန်လည်မျှဝေပေးသော မြစ်မခ မီဒီယာ အားကျေးဇူးတင်ရှိပါသည်.။