26 November 2011

ပြည်မြို့ ညဈေးတန်းဆိုင်ခန်းတွဲများကို စည်ပင်က ဖျက်သိမ်းဖို့ ဖိအားပေးနေ (နောက်ဆက်တွဲသတင်း)

ပြည်မြို့  စာတိုက်ဟောင်းလမ်းပေါ်မှာရှိတဲ့ ညဈေးတန်း ဆိုင်ခန်းတွဲတွေကို စည်ပင်သာယာက ဖျက်သိမ်းဖို့ အောက်တိုဘာ ၃၁ ရက်နေ့က last-date သတ်မှတ်ပြီးတဲ့အခါမှာ မီဒီယာတွေမှာ ဒီကိစ္စကို ဖော်ပြသောကြောင့် ခဏရပ်တန့်သွားခဲ့ပါတယ်။

အခုအခါမှာတော့ ပြည်မြို့  စည်ပင်သာယာအဖွဲ့ ညွှန်ကြားရေးမှူး ဦးမြတ်စိုးက အဖွဲ့ပိုင် ဆိုင်ခန်းများ အပ်နှံရေး ဆိုတဲ့ ခေါင်းစဉ်တပ်ပြီး ၁၈-၁၁-၂၀၁၁ ရက်နေ့ နောက်ဆုံးထား အပ်နှံရန် ညဈေးတန်း ဆိုင်ခန်းတွဲမှာ နေထိုင်သူတွေကို နိုဝင်ဘာ ၁၂ ရက်နေ့က စာပို့ခဲ့ပါတယ်။

ညဈေးတန်း ဆိုင်ခန်းပိုင်ရှင်တွေကိုယ်စား တရားလွှတ်တော်ရှေ့နေ ဦးမြင့်နိုင်နှင့် အထက် တန်းရှေ့နေ ဒေါ်ဇင်မိုးထိုက်တို့က ၂၀၀၈ အခြေခံဥပဒေပါ ပုဒ်မ-၃၅၆၊၃၅၇ * နှင့် ခုခံချေပသွားမယ်ဆိုပြီး စည်ပင်မှ ညွှန်ကြားရေးမှူး ဦးမြတ်စိုးထံသို့ အောက်တိုဘာ ၁၄ ရက်နေ့က စာပြန်ပို့ခဲ့ပါတယ်။

ပြည်မြို့ဆိုင်ခန်းတွဲပိုင်ရှင်တွေကနေ စည်ပင်ကို စာပြန်ပို့ပြီးနောက်မှာ အောက်တိုဘာ ၁၈ ရက်နေ့က စည်ပင်မှ ညဈေးတန်းကို လာရောက်ဖျက်ဆီးခြင်း မရှိခဲ့ပါဘူး။ အောက်တိုဘာ ၁၉ ရက်နေ့ညမှာ ညဈေးတန်းမှာနေထိုင်တဲ့ ဦးဌေး ဆိုသူက ကျောင်းကြီးအိုးတန်းရပ်ကွက်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်ခင်ထံ ညဈေးတန်းတွင် နေထိုင်သူအားလုံးကိုယ်စား တစ်လတစ်ကြိမ် ပုံမှန်ဧည့်စာရင်း သွားတိုင်ခဲ့ပါတယ်။

အဲဒီလို သွားတိုင်တဲ့အချိန်မှာ အုပ်ချုပ်ရေးမှူးဦးမောင်မောင်ခင်ဆိုသူက ဦးဌေးကို အခုလိုပြောပါတယ်။ “သူက စည်ပင်သာယာကနေပြီးတော့ စာပေးထားတယ်။ စာပေးထားတဲ့ အတွက် ဧည့်စာရင်းကိုလက်မခံပါဘူးတဲ့။ စည်ပင်လူကြီးက သူ့ကို နှစ်ခါတောင်ပြောထားပါတယ်။ ဒါကြောင့်သူဧည့်စာရင်းမပေးနိုင်ပါဘူးတဲ့။ တစ်ကယ်လို့ ကျနော့်အနေနဲ့ အခက်အခဲရှိလို့ ဈေးထဲမှာ ဆက်နေပြီးတော့ အိပ်မယ်ဆိုရင် အိပ်ပါတဲ့။ ဧည့်စာရင်းတွေ တစ်ကယ်လို့ စစ်မယ်ဆိုရင် သူတို့ကို လဲလေးစားနေရတယ်။ကျနော်တို့ကိုလဲ လေးစားတဲ့အနေနဲ့ ကြိုတင်လာပြောပါ့မယ်လို့ပြောပါတယ်။ ဧည့်စာရင်းတော့ ရေးမပေးလိုက်ပါဘူး။” လို့ ဦးဌေးက ဘားမားဗီဂျေကို ပြန်ပြောပြခဲ့ပါတယ်။

ဦးဌေးက ဧည့်စာရင်းတိုင်ခွင့် မရလို့ ပြန်လာတဲ့အခါ ညဈေးတန်းဆိုင်ခန်း တွဲတွေမှာ နေထိုင် တဲ့မိသားစုတွေက အောက်တိုဘာ ၁၉ရက်နေ့ည တစ်ညလုံး စာတိုက်ဟောင်းလမ်းပေါ်မှာ ဧည့်စာရင်း လာစစ်မှာ ကြောက်လို့ ထွက်ထိုင်နေကြရပါတယ်။ “ကိုဌေးဝင်းကပေါ့ ဧည့်စာရင်းလဲသွားတိုင်ရော ငါတို့ကို ဧည့်စာရင်းမပေးဘူးတဲ့။ အဲဒီတော့ ငါတို့မအိပ်ရဲဘူးပေါ့နော်။ တစ်ညလုံးလမ်းမှာထိုင်နေရတယ်။ ဧည့်စာရင်းလာစစ်ရင်ဖမ်းမှာဆိုးလို့။ တစ်တန်းလုံးပေါ့ဗျာ အဲဒီလိုပဲညတုန်းကဆို ကျနော်လဲပါတာပေါ့ ကျနော်လဲဘယ်အိပ်ရတော့မလဲ။ တညလုံး အလင်းရောင်အောက်မှာထိုင်နေရတယ်။” လို့ ညဈေးတန်း ဆိုင်ခန်းတွဲတွေမှာ ၁၅နှစ်ကျော်ကြာ နေထိုင်လာခဲ့သူ ဦးပုက ဘားမားဗီဂျေကို ပြောဆိုခဲ့ပါတယ်။

“ကျနော်တို့ ဒီဆိုင်ခန်းလေးတွေကို မှီခိုပြီးတော့ ရောင်းဝယ်စားသောက်နေတဲ့ ဆင်းရဲသားအဖွဲ့ပေါ့နော်။ အခုလိုမျိုးဖယ်ရမယ်ဆို ကျနော်တို့စီးပွားရေးက လုပ်ကိုင်မရတဲ့အနေထားဖြစ်သွားမယ်။ အပြင်မှာငှားနေရမယ်ဆိုတာကလဲ မလွယ်ပါဘူး။ ဒါကြောင့်ဒုက္ခရောက်မယ့်အနေထားဖြစ်နေပါတယ်။ ကျနော်တို့ကို တရားစွဲတဲ့အခါကျရင် ကျနော်တို့ဘက်က ကူညီပေးမယ့် ရှေ့နေတွေနဲ့တိုင်ပင်ပြီးတော့ ခုခံကာကွယ်သွားမယ်လို့စဉ်းစားထားပါတယ်။ ”လို့ ဦးဌေးက ဘားမားဗီဂျေကို ညဈေးတန်းဆိုင်ခန်းတွဲနေ မိသားစု အားလုံးကိုယ်စား ဘားမားဗီဂျေကို ပြောဆိုခဲ့ပါတယ်။

ဒီကနေ့အထိတော့ စည်ပင်သာယာမှ ပြည်မြို စာတိုက်ဟောင်းလမ်းပေါ်မှာရှိတဲ့ ညဈေးတန်း ဆိုင်ခန်းတွဲတွေကို လာရောက်ဖျက်သိမ်းခြင်း မရှိသော်လည်း ဆိုင်ခန်းတွဲမှာ နေထိုင်နေကြတဲ့ မိသားစုတွေကတော့ သူတို့ ဆိုင်ခန်းတွေကို ဘယ်အချိန်မှာ စည်ပင်တွေက အင်အားသုံးလာဖျက်ဆီးမလဲ ဆိုတာကို စိုးရိမ်ကြောင့်ကြနေကြရပါတယ်။


ပုဒ်မ-၃၅၆၊၃၅၇* -

ပြည်ထောင်စုမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈)အခန်း(၈)နိုင်ငံသားများ၏ မူလအခွင့်အရေး

ပုဒ်မ ၃၅၅ နိုင်ငံသားတိုင်းသည် ပြည်ထောင်စုသမ္မတနိုင်ငံတော်အတွင်း မည်သည့်အရပ်ဒေသ၌မဆို ဥပဒေနဲ့အညီ အခြေစိုက်နေထိုင်ခွင့်ရှိသည်။

ပုဒ်မ ၃၅၆ နိုင်ငံတော်သည် နိုင်ငံတော်သားများ၏ တရားဝင်ရရှိထားသော ရွှေ့ပြောင်းနိုင်သော ပစ္စည်း၊မရွှေ့ပြောင်းနိုင်သော ပစ္စည်းများနှင့် စပ်လျဉ်း၍ ဥပဒေအရ ကာကွယ်ပေးရမယ် ဟု အတိအလင်း ပြဌာန်းထားပါသည်။

သတင်း..ဘားမားဗီဂျေ