26 November 2011

လွပ်လပ်သန့်ရှင်းသော တရားရေးမဏ္ဍိုင် ပေါ်ပေါက်စေရန် ဥပဒေသမားများ အဂတိတရား ကင်းရှင်းဖို့လို

ဒီမိုကရေစီနိုင်ငံတစ်နိုင်ငံ၏ တရားဥပဒေရေးရာ ကိစ္စရပ်များ ဆောင်ရွက်ရာ၌ လွတ်လပ်သန့်ရှင်းသော တရားရေးမဏ္ဍိုင် ပေါ်ပေါက်စေရန် ဥပဒေသမားများ အပါအ၀င် အစိုးရ၀န်ထမ်းပြည်သူများအကြား အဂတိတရား ကင်းရှင်းစေရန် အထူးလိုအပ်ကြောင်း ဥပဒေရေးရာ ကျွမ်းကျင်သူတို့က သုံးသပ်ပြောကြားသည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ အထွေထွေအတွင်းရေးမှူးချုပ် ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံ တွင် တရားဥပဒေစိုးမိုးရန် လွတ်လပ်သန့်ရှင်းသော တရားရေးမဏ္ဍိုင်လိုအပ်ကြောင်း နေအိမ်အကျယ်ချုပ်မှ လွတ် မြောက်ခြင်း တစ်နှစ်ပြည့်အခမ်းအနား၌ ပြောကြားခဲ့သည်။

“သန့်ရှင်းတဲ့ တရားရေးမဏ္ဍိုင်ပေါ်ပေါက်ဖို့ လာဘ်ပေး၊ လာဘ်ယူမှုတွေ ကင်းရှင်းမှရမယ်။ တရားရေးမှာ မတရားမှုတွေရှိခဲ့ရင် တရားရုံးနဲ့ ပတ်သက်သူ အပါအ၀င် အနီးကပ်ကြီးကြပ်သူတွေအထိ အရေးယူမယ်လို့ တရား သူကြီးချုပ်က လွှတ်တော်မှာ ပြန်ဖြေဖူးတယ်။ ဒီကိစ္စတွေ အကောင်အထည်ဖော်ဖို့ အရေးကြီးဆုံးက တရားသူကြီး တွေပဲ” ဟု လွှတ်တော်အမတ်တစ်ဦးဖြစ်သည့် ဦးဖုန်းမြင့်အောင်က ဆိုသည်။

နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်ခြင်းတစ်နှစ်ပြည့်အခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည်က ယုံ ကြည်ချက်ကြောင့် အကျဉ်းကျနေသူများ လွှတ်ပေးရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ စီးပွားရေး၊ လူမှုရေး၊ တိုးတက် ရေး၊ ပြည်သူများ စိတ်လုံခြုံရေးတို့အတွက် တရားဥပဒေ စိုးမိုးရေးမှာ အဓိကအရေးကြီးကြောင်း၊ ဥပဒေစိုးမိုးရန် တရားရေးမဏ္ဍိုင်၏ လွတ်လပ်မှု၊ မှန်ကန်မှုပေါ်တွင် မူတည်ကြောင်း၊ လွတ်လပ်သန့်ရှင်းသော တရားရေးမဏ္ဍိုင် မရှိခြင်းကြောင့် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူများ အကျဉ်းထောင်ထဲရောက်ခြင်းဖြစ်နေကြောင်း ပြော ကြားခဲ့သည်။

“ဗိုလ်ချုပ်က ပြောခဲ့တယ်။ နိုင်ငံရေးက ညစ်ထေးတာမဟုတ်ဘူး။ ညစ်ပတ်သူတွေကသာ နိုင်ငံရေးကို ညစ် ထေးအောင်လုပ်တာပါ.။ ဒီလိုပဲ ဥပဒေက မသန့်ရှင်းတာ မဟုတ်ဘူး။. ဥပဒေသည် ပြဋ္ဌာန်းချက်တစ်ခုပါ။ မသန့် ရှင်းသူတွေကသာ ဥပဒေကို မှားယွင်းအသုံးပြုနေလို့ မသန့်ရှင်းဘူးလို့ စွပ်စွဲပြောဆိုခံရတာပါ.။ လွှတ်တော်ကိုယ် စားလှယ်တွေမကောင်းရင် လွှတ်တော်တစ်ခုလုံး ကောင်းမှာမဟုတ်ဘူး။ လွှတ်တော်မကောင်းရင် အစိုးရအဖွဲ့ ကောင်းအောင် လုပ်ဖို့ဆိုတာ အင်မတန်ခက်ခဲမှာပါ။ တကယ်တော့ ဥပဒေက သန့်ရှင်းပြီးသားပါ။ သန့်ရှင်းတဲ့ ဥပဒေကို ဖော်ဆောင်နေတဲ့ ဥပဒေအရာရှိတွေဖြစ်ဖို့က သူတို့နဲ့ ကိုက်ညီတဲ့ လူမှုရေး၊ စီးပွားရေးအခြေအနေနဲ့ လစာတွေပေါ်မှာ မူတည်နေတဲ့အတွက် အများကြီးကြိုးစားရဦးမှာပါ” ဟု စီးပွားရေးနှင့် ဥပဒေအကြံပေးဦးတင် သန်းဦးက ပြောပြသည်။

လွတ်လပ်သန့်ရှင်းသော တရားရေးမဏ္ဍိုင်တစ်ရပ်မရှိပါက နိုင်ငံအတွင်း ဒုစရိုက်မှုများ၊ အကြမ်းဖက်မှုများ၊ ဥပဒေအပေါ် လက်တစ်လုံးခြား အသုံးချမှုများ ပေါ်ပေါက်ကာ အဆုံးတွင် နိုင်ငံတော်လုံခြုံရေး၊ ရပ်ရွာအေးချမ်း သာယာရေးနှင့် ပြည်သူလူထုတစ်ရပ်လုံး၏ လုံခြုံမှုအပေါ် ထိခိုက်စေနိုင်ကြောင်း ဥပဒေရေးရာ ၀န်ထမ်းများက သုံး သပ်ကြသည်။

“ရဲတွေအနေနဲ့ မှုခင်းမဖြစ်အောင် ကြိုတင်ကာကွယ်ရေးနဲ့ ပြည်သူကို အသိပညာပေးရေးကို လုပ်နိုင်မယ်။ ဒါ့ပြင် အေးချမ်းလုံခြုံရေးအတွက် သက်ဆိုင်ရာ ညွှန်ကြားချက်တွေကို အကောင်အထည်ဖော်ဆောင်ရွက်ရတယ်။ မှုခင်းက အချိန်မရွေးဖြစ်နိုင်တယ်။ ဒါ့ကြောင့် ကြိုတင်ကာကွယ်ရေးကိုပဲ ရဲကလုပ်နိုင်မယ်။ ပြည်သူကလည်း ဥပဒေ ကို နားလည်ဖို့ လေ့လာထားရမယ်။ နားမလည်ရင် ဥပဒေနားလည်သူတွေရဲ့ လိမ်ညာလှည့်ပတ်တာကို ခံ ရမယ်။ နိုင်ငံတည်ငြိမ်အေးချမ်းရေးအတွက် ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးမဏ္ဍိုင်တွေ တည်တံ့ခိုင်မာ ဖို့လိုသလို အများပြည်သူ လက်ခံယုံကြည်တဲ့ လွတ်လပ်စွာတရားစီရင်ကြားနာနိုင်မယ့် ဥပဒေတွေလိုတယ်” ဟု ကျောက်တံတားရဲစခန်းမှ ရဲအရာရှိတစ်ဦးက သုံးသပ်ပြောကြားသည်။

စည်းကမ်းပြည့်ဝသော ဒ်ီမိုကရေစီနိုင်ငံတော်သစ်တစ်ခုအဖြစ်ဖို့ အသွင်ပြောင်းလဲနေချိန်တွင် ရန်ကုန်မြို့ လယ်၌ ဒါရိုက်တာတစ်ဦး အသတ်ခံရခြင်း၊ မြောက်ဥက္ကလာ၌ အုပ်စုဖွဲ့ဝိုင်းဝန်းသတ်ဖြတ်သည့် ကိစ္စရပ်များ ဖြစ် ပွားခြင်းများသည် နိုင်ငံတော်အတွက် အကျည်းတန်စေကြောင်း တရားလွှတ်တော်ရှေ့နေ ဦးဝင်းရွှေ က ပြောသည်။

“အမှုအတွက် မသင်္ကာသူကို စုံစမ်းစစ်ဆေးပြီး တရားရုံးတွေက ပိုင်နိုင်ခိုင်မာအောင် အမှုတည်ဆောက်ရ မယ်။ တရားသူကြီးက ထိရောက်ပြီး ဘက်မလိုက်တဲ့ ပြစ်ဒဏ်ကို ချမှတ်ရမယ်။ တရားခံအသစ်ကို သက်သေအ ထောက်အထားနဲ့ ဖော်ထုတ်ပြီး ထိရောက်တဲ့ပြစ်ဒဏ်ကို ချမှတ်ရင် မတော်မတရားအမှုတွေ ပပျောက်မယ်” ဟု ၄င်းက ဆက်လက်ပြောပြသည်။

ဥပဒေအရာတွင် နိုင်ငံသားအားလုံး တန်းတူခံစားခွင့်ရရှိရန် အကာအကွယ်ပေးသွားမည်ဖြစ်ပြီး၊ တရားရေး မဏ္ဍိုင်ကိုလည်း ခိုင်ခံ့အောင် တည်ဆောက်ပေးမည်ဖြစ်ကြောင်း၊ လာဘ်ပေးလာဘ်ယူမှုသည် လူတစ်ဦးချင်း ထိ ခိုက်စေသည်သာမက နိုင်ငံနှင့်လူမျိုး၏ ဂုဏ်သိက္ခာကိုပါ ထိခိုက်စေသည့်အတွက် ပြည်သူများ၏ အကူအညီကိုရ ယူပြီး ထိရောက်စွာတားဆီးသွားမည်ဟု နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က မတ်လ ၃၀ ရက်နေ့က ကျင်းပသည့် ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် ပုံမှန်အစည်းအဝေးတွင် မိန့်ခွန်းပြောရာ၌ ထည့်သွင်းပြောကြားခဲ့သည်။



“တရားရေးမဏ္ဍိုင် သန့်ရှင်းဖို့၊ ဥပဒေရဲ့အထက်မှာ ဘယ်သူမှမရှိဖို့အတွက် တရားရေးရာဝန်ထမ်းတွေရဲ့ စားဝတ်နေရေးပြေလည်ဖို့လိုတယ်။ တရားသူကြီးတွေရဲ့ လစာက စားဝတ်နေရေး အဆင်မပြေနိုင်ရင် လာဘ်စား ကြမှာပဲ။ တချို့ကြတော့ စားဝတ်နေရေး အဆင်ပြေတယ်။ ဒါပေမဲ့ လာဘ်စားတယ်။ ဒါတွေပြင်ဖို့အတွက် ရုပ်ပိုင်း ဆိုင်ရာ လစာ၊ အသုံးစရိတ်လောက်ငအောင် လုပ်ပေးဖို့လိုတယ်။ စိတ်ပိုင်းဆိုင်ရာပြင်ဖို့ အတွက်ကတော့ အချိန်ယူ ပြီး ပြုပြင်ပြောင်းလဲမှရမယ်။ စိတ်ဓာတ်တွေကောင်းလာအောင် တဖြေးဖြေးပြင်ရမယ်။ အဲဒီမှာ ထိရောက်တဲ့ အရေး ယူဆောင်ရွက်မှုလုပ်ဖို့ လိုတယ်။ လာဘ်ပေးတဲ့သူမရှိအောင် လုပ်ဖို့လိုသလို၊ လာဘ်ယူတဲ့သူကိုလဲ မယူအောင် ပြောရမယ်။ ဒါမှ လွတ်လပ်သန့်ရှင်းတဲ့ တရားရေးမဏ္ဍိုင်ဖြစ်မယ်” ဟု တရားရုံးချုပ်ရှေ့နေ ဦးဇော်လင်းက ပြော သည်။

တရားရေးမဏ္ဍိုင် သန့်ရှင်းရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ကြိုးစားနည်းတစ်ခုမှာ ဥပဒေအထောက် အကူအဖွဲ့ ထူထောင်ထားပြီး နိုင်ငံရေးသာမက ပြည်သူအားလုံး တရားဥပဒေရှေ့မှောက်တွင် တရားမျှတသော စီ ရင်ချက်ရရန် ကူညီသည့်နည်းဖြင့် တရားရေးမဏ္ဍိုင်ခိုင်မာအောင် ကြိုးပမ်းနေ ရာ ပြည်သူများဘက် ကလည်း ထောက်ပြရမည်ဖြစ်ကြောင်း၊ ထောက်ပြမှသာ အစိုးရဘက်မှ ပြောင်းလဲရမည့် အချက်များ သိရှိနိုင်မည်ဖြစ် ကြောင်း ဒေါ်အောင်ဆန်းစုကြည်က လွတ်မြောက်ခြင်း တစ်နှစ်ပြည့်အခမ်း အနား၌ ပြောကြားခဲ့သည်။

ရင်းမြစ်..မက်စင်ဂျာ ဂျာနယ်