26 November 2011

ရန်ကုန်တွင် လူဆိုးဂိုဏ်းများ သောင်းကျန်းလာ

ရန်ကုန်တိုင်းဒေသကြီးတွင် လူဆိုးဂိုဏ်းများ သောင်းကျန်းလာကြောင်း ယင်းတို့၏ခြိမ်းခြောက်မှုဒဏ်ကို ခံစားရသူများနှင့် ယင်းတို့နှင့် နီးစပ်သူများက ပြောကြားသည်။

မကြာမီကာလအတွင်းက ရန်ကုန်တိုင်းဒေသကြီးတွင် ဖြစ်ပွားခဲ့သော မှုခင်းများနှင့်ခြိမ်းခြောက်မှုများတွင် ယင်း လူဆိုးဂိုဏ်းများ၏ ပါဝင် ပတ်သက်မှုတွင် ထင်ရှားစွာ မြင်တွေ့လာရကြောင်း ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“လူသတ်မှုကိစ္စရပ်တွေ၊ ခြိမ်းခြောက်မှု ကိစ္စရပ်တွေမှာ သူတို့ရဲ့လက်ရာကို တွေ့ရပါတယ်။ ဒီကိစ္စနဲ့ ပက်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေလည်း ဆောင်ရွက်နေပါတယ်”ဟု ယင်းက ဆက်လက် ပြောကြားသည်။

ရုပ်ရှင်မင်းသားနေတိုး၏ ဖခင်သည် လူဆိုးဂိုဏ်းတစ်ဂိုဏ်း၏ သတ်ဖြတ်ခြင်းကိုခံရသည့် ရခိုင်လူငယ်တစ်ဦးနှင့် ဆက်စပ်သည့် ကိစ္စရပ် များအား လိုက်လံကူညီပေးခဲ့ခြင်းအား ချက်ချင်းရပ်ဆိုင်းပါရန် လူဆိုးဂိုဏ်းမှ ဖုန်းဆက်ခြိမ်းခြောက်ခဲ့ကြောင်း ရုပ်ရှင်လောက အသိုင်းအဝိုင်းမှ သိရသည်။

“လမ်းဘေးဖုန်းနဲ့ဆက်ပြီးခြိမ်းခြောက်တာ၊ ခင်ဗျားဆက်လုပ်ရင် ခင်ဗျားသားပါ ပြဿနာရှိတယ်ဆိုပြီး ခြိမ်းခြောက် တာလို့ကြားတယ်”ဟု ယင်းသတင်းရင်းမြစ်က ပြောကြားသည်။

ယင်းလူဆိုးဂိုဏ်းများသည် ခြိမ်းခြောက်ခြင်းကို ပြုလုပ်သလို ရန်ငြိုး၊ရန်စရှိသူများကိုလည်း သတ်ဖြတ်ရန် အဆိုပါ လူဆိုးဂိုဏ်းများအား ငှားရမ်း သည်များ ရှိနေကြောင်းကို မြောက်ဥက္ကလာပမြို့နယ်၊ ဝေဘာဂီမြို့သစ် လူသတ်မှုက သက်သေပြခဲ့သည်။

အဆိုပါ အမှုတွင် လူတစ်ယောက်တည်းအား နှစ်ဆယ်နီးပါးရှိသည့် ဓားကိုင်ထားသူများက ၀ိုင်းခုတ်ခြင်းဖြစ်ကာ၊ ယင်းဓားကိုင် လူသတ် သမားများအား ငှားရမ်းမည်ကို စေခိုင်းသူက အဆိုပါရပ်ကွက်တွင် ကြိုတင်ကြေငြာထားကြောင်း သိရသည်။

“လက်မရွံတွေဆိုတာ ဓားကိုင်ပုံ၊ ဓားနဲ့ထိုးပုံကို ကြည့်ရင် သိသာပါတယ်”ဟု ယင်းအမှုအား မျက်မြင်တွေ့မြင်ရသူတစ်ဦးက အတည်ပြု ပြောကြားသည်။

လူဆိုးဂိုဏ်းများ ကျက်စားရာဒေသများသည် ကြည့်မြင်တိုင်မြို့နယ်နှင့် ကမာရွတ်မြို့နယ်ရှိ ကမ်းနားလမ်း ဧရိယာများတွင် အများဆုံး ဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့လည်း သတ်တာခံရမယ်၊ တုတ်နဲ့ရိုက်တာ ခံရမယ်ဆိုပြီး ခြိမ်းခြောက်ခံရပါတယ်”ဟု မက္ကာဘုရားဖူးကိစ္စရပ်တွင် အကျိုးဆောင် ပေးနေသူတစ်ဦးက ပြောကြားသည်။

သတင်း... yangonchronicle