25 November 2011

အမျိုးသမီးတွေ လွှတ်တော်ထဲရောက်လာရင် မြန်မာနိုင်ငံရေးမှာ ဘယ်လောက်အားကောင်းလာနိုင်ပါသလဲ

လွှတ်တော်(၃)ရပ်အတွက် တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးတွင် လစ်လပ်လွှတ်တော်ကိုယ်စားလှယ် (၄၈)နေရာထက်မနည်းရှိကြောင်း ကြားသိရသည်။ နိုင်ငံရေးပါတီများ ကြားဖြတ်ရွေးကောက်ပွဲ ၀င်ရန် ပြင်ဆင်နေကြပြီ၊ တစ်ချို့ ပါတီက အောင်နိုင်ရေးအတွက် ပြင်ဆင်နေကြသလို တစ်ချို့ပါတီများ မှတ်ပုံတင်ရန် နှင့် ရွေးကောက်ပွဲပြန်လည်ဝင်ရောက်ရန်အတွက် ကြိုတင် ပြင်ဆင်မှုများ ပြုလုပ်လာကြောင်း သိရှိရသည်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီအနေဖြင့်လည်း အမျိုးသမီးအများစုအား ရွေးချယ်ပြီး ကြားဖြတ်ရွေးကောက်ပွဲ ၀င်ရန် ပြင်ဆင်လျက်ရှိကြောင်း သိရှိရသည်။

ထို့ကြောင့် (၁) မြန်မာနိုင်ငံတွင် အမျိုးသမီးကဏ္ဍမည်မျှ အရေးပါနေပြီလဲ၊ (၂) အမျိုးသမီးများ မြန်မာ့နိုင်ငံရေးလောကအတွင်းသို့ ၀င်ရောက်လာမှုအပေါ်အမြင်၊

(၃) လွှတ်တော်တွင် အမျိုးသမီးအများစုနေရာရရှိလာပါက အားကောင်းလာနိုင်သည့် ကဏ္ဍများ နှင့်

(၄) အမျိုးသမီးများ၏ အဓိက အားနည်းချက်မှာ မည်သည့်အရာများဖြစ်ပါသနည်းဆိုသည့် အစရှိသည့် မေးခွန်း တို့အား လွှတ်တော်တွင်းတက်ရောက်နေသော အမျိုးသမီး ကိုယ်စားလှယ်ဒေါက်တာ ညိုညိုသင်းနှင့် အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမြစ်ဥာဏစိုး၊ အန်ဒီအက်ဖ်ပါတီမှ နိုင်ငံရေး ဦးဆောင်သူ ဦးခင်မောင်ဆွေ၊ ခေတ်သစ်ပြည်သူ့ပါတီမှ ဒေါ်ရီရီစံ တို့အား မေးမြန်းဖြစ်ခဲ့ပါသည်။

ဒေါက်တာမြတ်ဥာဏစိုး

အမျိုးသားလွှတ်တော်ကိုယ်စားလှယ်

အားလုံးသိတဲ့အတိုင်း မြန်မာနိုင်ငံမှာ အမျိုးသမီးလူဦးရေက အမျိုးသားလူဦးရေထက်ပိုများပါတယ်။ ပညာရပ် နယ်ပယ် အသီးသီးမှာ ဆိုရင်လည်း အမျိုးသမီးတွေက ဘွဲ့ထူးဂုဏ်ထူးတွေ အများကြီးနဲ့ စွမ်းဆောင်နိုင်တာ လည်း မြင်တွေ့နိုင်မှာပါ။ အထင်ကရ ပြောရမယ်ဆိုရင် ကျွန်တော်တို့တိုင်းပြည်ရဲ့ ဘယ်လိုမှငြင်းဆိုလို့မရတဲ့ မျက်ကွယ်ပြုလို့မရတဲ့ ဒီမိုကရေစီအမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကလည်း အမျိုးသမီး ဖြစ်ပါတယ်။ အဲဒီ့တော့ အမျိုးသမီးတွေရဲ့ ကဏ္ဍကို ကျွန်တော်တို့လျစ်လျူရှုထားလို့မရပါဘူး။ နိုင်ငံရေး နယ်ပယ်မှာလည်း အမျိုးသမီးတွေရဲ့ စွမ်းဆောင်ရည်ကို အသိအမှတ်ပြုရမှာဖြစ်သလို အမျိုးသမီးတွေအတွက် နေရာအခွင့်အလမ်းတွေကိုလည်း ဖန်တီးပေးရခြင်းမျိုးမဟုတ်ပဲနဲ့ သူတို့ရဲ့ စွမ်းဆောင်ရည်က အဆုံးအဖြတ် ပေးသွားမှာ ဖြစ်ပါတယ်။

အမျိုးသမီးတွေနိုင်ငံရေးမှာ ပါဝင်လာတာကောင်းပါတယ်။ နိုင်ငံရေးဆိုတာ အမျိုးသမီးရယ်၊ အမျိုးသားရယ် လူငယ်ရယ်၊ လူကြီးရယ် လူမျိုးခွဲခြားသတ်မှတ်ထားတယ်ဆိုတာ အရေးမကြီးပါဘူး။ စွမ်းဆောင်ရည် မြင့်မား သူက သူစွမ်းဆောင်နိုင်တာကို စွမ်းဆောင်သွားမှာ ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံမှာဆိုရင် လက်ရှိနိုင်ငံခြားရေး ၀န်ကြီး တာဝန်ထမ်းဆောင်နေတဲ့ မစ္စကလင်တန်၊ ဖိလစ်ပိုင် ဒီမိုကရေစီခေါင်ဆောင် မစ္စ အာကွီနို၊ Iron Lady မာဂရက်သက်ချာ လိုပုဂ္ဂိုလ်မျိုးတွေရှိလာတဲ့အတွက်ကြောင့် အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍကို ကျွန်တော်တို့က တစ်သီးတစ်သန့်ထားလို့မရတော့တဲ့အခြေအနေဖြစ်ပါတယ်။

အမျိုးသမီးတွေလွှတ်တော်ထဲ ၀င်လာမယ်ဆိုရင်တော့ အမျိုးသမီးရယ်၊ အမျိုးသားရယ် ခွဲခြားဆက်ဆံနေဖို့ မရှိပါဘူး။ တစ်ချို့တွေက အမျိုးသမီးတွေ လွှတ်တော်ထဲရောက်လာရင် အမျိုးသမီးရေးရာ စောင့်ရှောက်ရေး၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေး ဒီလိုလုပ်ငန်းတွေမှာ ပိုပြီးတိုးတက်လာမယ်လို့ မြင်တာမျိုးတွေရှိတယ်။

အမျိုးသမီးတွေမှာလည်း စီးပွားရေး၊ နိုင်ငံရေးအမြင် ပြည့်ဝပြီးသားတွေဖြစ်ပါတယ်။ အဲဒီ့တော့ လူမှုရေးဆိုင်ရာလုပ်ငန်းတွေမှာသာမက ဘယ်နယ်ပယ်ကဏ္ဍမှာမဆို အမျိုးသမီးတွေက စွမ်းဆောင်ရည်မြင့်မြင့် နဲ့ ဆောင်ရွက်နိုင်မယ်လို့ ယုံကြည်ပါတယ်။

အမျိုးသမီးတွေရဲ့ အဓိကအားနည်းချက်အပေါ် အမြင်ကမရှိပါဘူး။ အမျိုးသမီးနဲ့ အမျိုးသား တန်းတူရည်တူ ပါပဲ။ ကျွန်တော်တို့က အမျိုးသမီးဖြစ်စေ၊ အမျိုးသားဖြစ်စေ ပြည်သူ့ဆန္ဒကို တစ်ထပ်တည်းဖော်ဆောင်ပေးနိုင် မယ့် လွှတ်တော်ကိုယ်စားလှယ်တွေ၊ မြန်မာနိုင်ငံကို ခေါင်းဆောင်မယ့်ပုဂ္ဂိုလ်တွေအားလုံးကို လက်ကမ်းကြို နေပါ့မယ်။

ဒေါက်တာညိုညိုသင်း

တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်

အမျိုးသမီးတွေရဲ့အခန်းကဏ္ဍအရေးပါတာက ဗမာ့လွတ်လပ်ရေးရစဉ် ကာလကတည်းက မြန်မာအမျိုး သမီး တွေရဲ့ ကဏ္ဍက အရေးပါတဲ့နေရာရောက်ခဲ့တယ်။ နောက်ပိုင်းမှာ တာဝန်ရှိပုဂ္ဂိုလ်တွေက ဒါကို သတိမူတာ အားနည်းလာတယ်။ အခု NLD က အမျိုးသမီး၊ အမျိုးသားတွေကို Balan မျှမျှ ရွေးချယ်ပေးခြင်းအားဖြင့် အမျိုးသမီးတွေရဲ့ စွမ်းဆောင်မှုကို အသိအမှတ်ပြုတာ ကောင်းတာပေါ့။
အမျိုးသမီးတွေက နိုင်ငံရေးလောကထဲကို ၀င်ကိုဝင်ရမှာ။ ဘာလို့လဲဆိုတော့ မြန်မာနိုင်ငံလူဦးရေရဲ့ ထက်ဝက် ကျော်က အမျိုးသမီးတွေဖြစ်နေတဲ့အတွက်ကြောင့် ဒီနိုင်ငံတိုးတက်ကြီးပွားပြီး ကောင်းစားဖို့ဆိုရင် အမျိုးသမီး တွေ နိုင်ငံရေးလောကထဲကို မဖြစ်မနေ၀င်ကို ၀င်လာရမယ်။ ၀င်တယ်ဆိုတာကလည်း နည်းနည်းလေးဝင်လို့ မရဘူး။ အင်နဲ့အားနဲ့ ၀င်မှဖြစ်မယ်။ ဒါမှသာ ဒီနိုင်ငံ ကြီးပွားတိုးတက်မှု လမ်းစပေါ်ရောက်မှာပါ။ မဟုတ်ရင် ဖွံဖြိုးတိုးတက်မှုကို ဘယ်လိုမှ ရမှာမဟုတ်ဘူး။

နိုင်ငံတော်ရဲ့ မူဝါဒချမှတ်တဲ့နေရာမှာ အမျိုးသမီးတွေကို ထည့်သွင်းပါဝင်စေခြင်းအားဖြင့် နိုင်ငံတော်မှာ ဘက်စုံ ဖွံ့ဖြိုးတိုးတက်မှုတွေရလိမ့်မယ်။ ဘာလို့လဲဆိုတော့ ပြဿနာတစ်ရပ်ကို ရှင်းပြကိုင်တွယ်တဲ့နေရာမှာ မွေးရာပါ ဗီဇအရကိုက အမျိုးသမီးနဲ့အမျိုးသားက မတူတာ။ ပြဿနာတစ်ရပ်ကို ရှုမြင်ပုံကိုက ကွဲပြားတယ်။ မြန်မာနိုင်ငံ မှာက နိုင်ငံတော်ရဲ့ မူဝါဒကို အများအားဖြင့် အမျိုးသားထုကသာ ဆုံးဖြတ်သတ်မှတ်ကြတာ တွေ့ရတယ်။ ကျွန်မတို့မွေးပြီး အနှစ်လေးဆယ်အတွင်းမှာ နိုင်ငံတော်ရဲ့မူဝါဒချမှတ်တဲ့နေရာမှာ အမျိုးသားထုကသာလျှင် ကြီးစိုးခဲ့တဲ့အတွက်ကြောင့် မူဝါဒတွေက ပြည့်စုံမှုမရှိခဲ့ဘူး။ ပြည့်စုံမှုမရှိတဲ့အတွက် တိုင်းပြည်ရဲ့ စီးပွားရေး တိုးတက်ဖွံ့ဖြိုးမှုမရှိဘဲ တိုင်းပြည်ဟာ ခေတ်နောက်ကျခဲ့တယ်။ အခုကစပြီးတော့ နိုင်ငံတော်ရဲ့ မူဝါဒတွေကို ရေးဆွဲတဲ့ နေရာမှာရော၊ အကောင်အထည်ဖော်တဲ့ နေရာမှာရော အမျိုးသမီးထုက ပါဝင်လာခြင်းအားဖြင့် စနစ် ဟောင်းမှာရှိခဲ့တဲ့ အားနည်းချက်တွေကို ပြင်သွားမှာဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ အမျိုးသမီးနဲ့ အမျိုးသား က ပြဿနာတိုင်းကို ရှင်းတတ်ပုံ၊ ရှုမြင်ပုံ၊ ဆုံးဖြတ်ပုံက ကွဲကိုကွဲပြားတယ်။ အမျိုးသမီးဖြေရှင်းရင် ကိစ္စ တော်တော်များများက လွယ်လွယ်ကူကူနဲ့ အစဉ်ပြေပြေချောမွေ့စွာနဲ့ အောင်အောင်မြင်မြင်ပြီးဆုံးတယ်။ ဒါကြောင့် နိုင်ငံတကာအဖွဲ့အစည်းတွေမှာ Decision Making Power ကို အမျိုးသမီးတွေလက်ထဲကို မဖြစ်မနေ ထည့်ဖို့ အခုနောက်ပိုင်းမှာ တော်တော်လေးဦးစားပေးလာကြတယ်။

အဓိကအားနည်းချက်က မြန်မာအမျိုးသမီးတွေက သူများပြောတာယုံလွယ်တာပေါ့။ နောက်ပြီး ပြဿနာတစ်ခု ကို စိတ်ခံစားချက်နဲ့ဆုံးဖြတ်တတ်တာ။ စိတ်ခံစားချက်ကိုဦးစားပေးတာ။ စိတ်ခံစားချက်နဲ့ ဆုံးဖြတ်ရင် တိုင်းပြည်မှာလည်း မဖြစ်သင့် မဖြစ်ထိုက်တာတွေဖြစ်ခဲ့တာ အများကြီးရှိတယ်။ ဒါ Emotion ကြောင့်ပါ။ အထူး သဖြင့် နိုင်ငံရေးလုပ်မယ့်ခေါင်းဆောင်တွေမှာ စိတ်ခံစားမှုကို ဦးစားမပေးဖို့အရေးကြီးတယ်။ ဘယ်ကိစ္စမဆို အယုံမလွယ်ဖို့ အရေးကြီးတယ်။

ဒေါ်ရီရီစံ

ခေတ်သစ်ပြည်သူ့ပါတီ

မြန်မာနိုင်ငံအမျိုးသမီးကဏ္ဍမှာ အမျိုးသမီးပညာတတ်တွေ ပေါများလာတယ်။ လုပ်ငန်းခွင်တွေမှာလည်း အမျိုးသမီးတွေ ပါဝင်လာတယ်။ အမျိုးသားတွေနဲ့ တန်းတူပါဝင်ပြီး ရင်ဘောင်တန်းလာတယ်။ ဒီနေရာ အမျိုးသမီး မ၀င်ရဘူး။ အမျိုးသမီးတွေက ဒီလိုမလုပ်ရဘူးဆိုတဲ့ အရင်တုန်းက ကန့်သတ်ချက်မျိုးတွေ လျော့ ပါး လာတာတွေ့ရတယ်။ နိုင်ငံပြောင်းလဲလာတာနဲ့အတူ တခြားနိုင်ငံများနည်းတူ မြန်မာအမျိုးသမီးတွေက အမျိုးသားတွေနဲ့တန်းတူ နိုင်ငံဖွံ့ဖြိုးရေးမှာ ဆောင်ရွက်နိုင်မယ်လို့ ထင်ပါတယ်။

Globalization ခေတ်ကြီးမှာ အမျိုးသားရယ် အမျိုးသမီးရယ်ဆိုပြီး ခွဲခြားလို့မရတော့ဘူး။ ဘယ်လိုပဲ ဖြစ်ဖြစ် ထိုးဖောက်လာပြီး အမျိုးသမီးရယ်လို့ ကန့်သတ်ချက်မရှိတော့ဘူး။ နိုင်ငံရေးမှာ အမျိုးသမီးတွေပါဝင်လာတယ် ဆိုတာ အားရ၀မ်းသာဖြစ်တယ်။ လွှတ်တော်မှာလည်း အမျိုးသမီးတွေ ဒီထက်မက အများကြီး ပါဝင်သင့်တယ် လို့ ယူဆတယ်။ နိုင်ငံတကာမှာလည်း အမျိုးသမီးဝန်ကြီးချုပ်တွေ ရှိလာတယ်။ နောင်တစ်ချိန်မှာ သမ္မတအဆင့် ထိ တက်လှမ်းလာနိုင်မယ်။ နောင်တစ်ချိန်မှာ အမျိုးသမီးကဏ္ဍတွေက အရေးပါလာမယ်လို့မျှော်လင့်ထား တယ်။

လွှတ်တော်မှာ အမျိုးသမီးတွေများလာရင် အထူးသဖြင့်ကတော့ ယဉ်ကျေးမှုနဲ့ပတ်သက်တဲ့ ကဏ္ဍတွေ၊ ကျမ်းမာရေးကဏ္ဍတွေမှာ အမျိုးသမီးတွေ ပါဝင်လာနိုင်ရင် ဒီထက်မက စွမ်းစွမ်းတမံဆောင်ရွက်နိုင်မယ်လို့ ထင်ပါတယ်။

အမျိုးသမီးတွေရဲ့ အားနည်းချက်က စိုးရိမ်စိတ်ရှိတာပေါ့။ စိုးရိမ်စိတ်တွေကို ပပျောက်အောင်ဖျောက်ပြီး ကိုယ့် ကိုကိုယ် ယုံကြည်စိတ်အပြည့်အ၀ ထားနိုင်ရင်အမျိုးသမီးတွေရဲ့ အားနည်းချက်တွေ လျော့ပါးသွား မယ်လို့ ထင်ပါတယ်။

ဒီမိုကရေစီမှာတင် အဆုံးသတ်မှာမဟုတ်ပါဘူး။ ကမ္ဘာကြီးကအချိန်နဲ့အမျှ တိုးတက်ပြောင်းလဲနေပါတယ်။ ဒီထက်မက တိုးတက်ပြောင်းလဲလာမယ်။ တစ်ဆင့်ထက်တစ်ဆင့် တိုးတက်လာမယ်။ အုပ်ချုပ်စရာ လူတန်းစား မရှိတဲ့အချိန်ထိ တိုးတက်လာရင် ကမ္ဘာမှာ တော်တော်လေးကို ပြောင်းလဲတိုးတက်နိုင်မယ်လို့ ယူဆပါတယ်။



ဦးခင်မောင်ဆွေ

နိုင်ငံရေးဦးဆောင်သူ ၊အမျိုးသားဒီမိုကရေစီအင်အားစုပါတီ

မြန်မာနိုင်ငံမှာရှိတဲ့ လူဦးရေသန်း၆၀ မှာ သန်း ၃၀က အမျိုးသမီးဖြစ်နေပြီး ၂၅သန်းက အမျိုးသား ဖြစ်နေတဲ့ အတွက် အမျိုးသမီးဦးရေကများတယ်။ အမျိုးသမီးတွေက ပညာရေး၊ ကျမ်းမာရေး၊ စီးပွားရေး အစရှိတဲ့ ဘက်ပေါင်းစုံမှာ ပါဝင်လုပ်ဆောင်လာကြတော့ အမျိုးသမီးရဲ့အခန်းကဏ္ဍက ပိုပြီးတော့မြင့်မားနေတာ တွေ့ရ တယ်။ အမျိုးသမီးတွေရဲ့ဦးနှောက်က အမျိုးသားတွေရဲ့ဦးနှောက်ထက် ဘာမှထူးပြီးတော့ ပိုနိမ့်ကျတာ မရှိတဲ့ အတွက် အမျိုးသမီးတွေကို နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး နယ်ပယ်အားလုံးမှာ ထဲထဲဝင်ဝင်ပါဝင်လာတာကို အားလုံးက သဘောတူတယ်။ အမျိုးသမီးလည်း နိုင်ငံသားပဲ။ နိုင်ငံသားအခွင့်အရေးက အားလုံးအပေါ်မှာ တန်းတူရည်တူ ရှိရမှာပေါ့။ လူ့အခွင့်အရေးနဲ့ ပတ်သတ်တဲ့အပိုင်းတွေမှာ အမျိုးသမီးတွေက အမျိုးသားတွေ ထက်ပိုပြီး ထဲထဲဝင်ဝင်ရှိတယ်။ အခုခေတ်မှာတော့ အမျိုးသမီးတွေရဲ့ လုပ်အား၊ ကိုယ်စွမ်းအား ဥာဏ်စွမ်းအား တွေကို အသုံးပြုတဲ့ခေတ် ရောက်လာပြီမို့ ကောင်းတဲ့လက္ခဏာဆောင်ပါတယ်။ အမျိုးသမီးတွေ လွှတ်တော်ထဲ ရောက်မယ်နိုင်ငံရေးလုပ်မယ်ဆိုတာကို ကျွန်တော်တို့အနေနဲ့ ကြိုဆိုရမှာဖြစ်ပါတယ်။

အမျိုးသမီးတွေလွှတ်တော်ထဲရောက်လာရင်တော့ ကျမ်းမာရေးစောင့်ရှောက်မှု၊ ပညာသင်ကြားရေး၊ လူမှုရေး စောင့်ရှောက်ရေးတွေမှာ ထဲထဲဝင်ဝင်လုပ်နိုင်တဲ့အပိုင်းတွေရှိတယ်။ အမျိုးသမီးရေးရာနဲ့ ပတ်သတ်တဲ့ ကိစ္စတွေ ကို တိုက်ရိုက်တင်ပြနိုင်ခွင့်တွေ ရှိတယ်။ ဒါတွေက ဆင့်ကဲဖြစ်လာမယ့် ဖြစ်လာမယ့် အကြောင်းအရာတွေပါ။ ဒေါ်အောင်ဆန်းစုကြည်ဆိုရင် အမျိုးသမီးခေါင်းဆောင်ဖြစ်နေတာကို ကြည့်ခြင်းအားဖြင့် အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍ အရေးပါတယ်။ မပါဘူးဆိုတာ ပေါ်လွင်နေတယ်။ အမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေ ခေါင်းဆောင်မှုကို တတ်ကျွမ်းပြီးလကောင်းမွန်ထိပ်တန်းရောက်တဲ့ ခေါင်းဆောင်မှုရှိမယ်ဆိုရင် အမျိုးသမီးတွေ အနေနဲ့လည်း ဆောင်ရွက်နိုင်မယ်ဆိုတာ ဒေါ်အောင်ဆန်းစုကြည်က ပြယုဒ်တစ်ခုပါပဲ။

အမျိုးသမီးတွေရဲ့ အဓိကအားနည်းချက်က ဘာသာရေးနဲ့ပတ်သတ်ပြီး အမျိုးသမီးတွေအနေနဲ့အမြင်ရှင်းရှင်း သိဖို့လိုတယ်။ ဗုဒ္ဓဘာသာနိုင်ငံမှာအများဆုံးဖြစ်တတ်တာက ဟိန္ဒူအယူအဆ၀င်လာတာဖြစ်တဲ့ ဘုရားကျောင်း ထဲ အမျိုးသမီးမ၀င်ရဘူး။ အမျိုးသမီးတွေက အမျိုးသားတွေထက်ပိုနိမ့်ကျတယ်ဆိုတဲ့ အယူအဆအလွဲတွေ ရှိမနေဖို့လိုတယ်။ ဗုဒ္ဓဘုရားက လူသားဝါဒအပေါ်မှာ အတန်းအစားခွဲခြားတာမရှိဘူး။ ဒါကို ရှိတယ်ထင်ပြီး အမျိုးသမီးတွေအနေနဲ့ယူဆနေရင် အမျိုးသမီးတွေက အမျိုးသားတွေနောက်မှာ ရှိနေမယ်။ အမျိုးသမီးတွေက အမျိုးသားတွေရှေ့ဖြတ်လျှောက်သွားရင် ခေါင်းငုံ့သွားရမယ်ဆိုတာတွေက ရိုးရာကျင့်စဉ်မို့လို့ လက်ခံရမယ် ဆိုပေမယ့် အမျိုးသမီးတွေက အမျိုးသားတွေထက် မျိနိမ့်ကျတယ်ဆိုတဲ့အယူအဆမျိုးတော့ အယူဆမိဖို့ လိုပါတယ်။ အမျိုးသားတွေကို တိုက်ခိုက်ဖို့ပြောနေတာမဟုတ်ဘူး။ အမျိုးသားဝါဒချည်း၊ အမျိုးသမီးဝါဒချည်း ဆိုတာမရှိသင့်ပါဘူး။ တန်းတူရည်တူပဲရှိသင့်တယ်။ အားလုံးကမွေးရာပါ အရည်အချင်းပါပြီးသားပါ။ သူတို့မှာ လည်း စွမ်းဆောင်ရည်အပြည့်ရှိတယ်။

သတင်းများ အား ပြန်လည်ဝေမျှပေးသော မြစ်မခ မီဒီယာ အားကျေးဇူးတင်ရှိပါသည်.။