11 September 2010

ခေါ်ဆိုခထက်ဝက်သက်သာသည့် VOIP ၀န်ဆောင်မှုသစ် ပြည်တွင်းတွင် ၀ယ်ယူနိုင်မည်

လက်ရှိသုံးစွဲလျက်ရှိသည့် Voice Over Internet Protocol (VOIP) ဖုန်းများထက် ဈေးနှုန်းထက်ဝက်သက်သာသည့် Rynga အမည်ရှိ VOIP ဖုန်းအကောင့်ကို ပြည်တွင်းတွင် စက်တင်ဘာ ၂၇ ရက်မှ စတင်ဝယ်ယူနိုင်မည်ဖြစ်ကြောင်းထိုအကောင့်များကို ရောင်းချပေးသည့် Online Business Group တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ထိုအကောင့်များသည် ခေါ်ဆိုခသက်သာသည့်အပြင် နိုင်ငံအများစု သို့ လေးလတာအတွင်း တစ်ပတ်လျှင် နှစ်နာရီအခမဲ့ပြောဆိုနိုင်မည်ဖြစ်ကြောင်း၊ ၀ယ်ယူပြီး Credit များကို မကုန်မချင်းသုံးစွဲနိုင်ကြောင်း သိရသည်။ “ဖုန်းပြောဆိုခကတော့ အခြား VOIP တွေထက် ဈေးထက်ဝက်သက်သာပါတယ်။ ဒါပေမယ့် ငွေသွင်းရတာ ခက်ခဲမှုရှိတာရယ်၊ ကွန်နက်ရှင်ကောင်းမှ သုံးနိုင်တာရယ်ကြောင့် မတွင်ကျယ်သေးတာပါ။

အရည်အသွေးကောင်းမွန်ပြီး ဈေးနှုန်းချိုသာတဲ့အတွက် ပြည်ပရောက် မြန်မာအတော်များများ အသုံးပြုကြပါတယ်” ၎င်းကပြောသည်။ Rynga VOIP ဖုန်းနှင့်ပတ်သက်၍ အသေးစိတ်သိရှိလိုပါက www.rynga.com တွင် ၀င်ရောက်ကြည့်ရှုနိုင်ပြီး အကောင့်ဝယ်ယူ လိုပါက Online Business Group (ဖုန်း-၆၉၀၀၃၁) သို့ ဆက်သွယ်စုံစမ်းနိုင်သည်။