06 September 2010

မူဆယ်-မန္တလေး ခရီးသည်တင်မှန်လုံယာဉ် တိမ်းမှောက်မှုဖြစ်ပွား


မူဆယ်-မန္တလေး ခရီးသည်တင် မှန်လုံယာဉ်တစ်စီးသည် စက်တင်ဘာလ ၂ ရက်နေ့ နံနက် ၁၀ နာရီခန့်က ကွတ်ခိုင်မြို့နယ်၊ နမ့်ကွတ်ရွာအနီးတွင် လမ်းချော်၍ လမ်းဘေး ပေ ၃၀ ခန့်ရှိ ချောက်ထဲသို့ထိုးကျ တိမ်းမှောက်ခဲ့ရာ ယာဉ်ပေါ်ပါခရီးသည် ၃၁ ဦးအနက် အမျိုးသားနှစ်ဦး၊ အမျိုးသမီးတစ်ဦး စုစုပေါင်းသုံးဦး သေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ ခရီးသည်တင်မှန်လုံယာဉ်သည် မူဆယ်မြို့မှ မန္တလေးမြို့သို့အဆင်း နမ့်ကွတ်ရွာ မိုင်တိုင်အမှတ် ၂၂၇/၂ အနီးတွင် မျက်နှာချင်းဆိုင်မောင်းနှင်လာသောယာဉ်အား ရှောင်တိမ်းစဉ် လမ်းချော်၍ လမ်းဘေးရှိ ချောက်ထဲသို့ ထိုးကျတိမ်းမှောက်ခဲ့ခြင်းဖြစ်သည်။

ယာဉ်တိမ်းမှောက်မှုကြောင့် ခရီးသည်သုံးဦးသေဆုံးပြီး ဒဏ်ရာရရှိသူ ၁၁ ဦးကို ကွတ်ခိုင်မြို့နယ် ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူလျက်ရှိသည်။ ယာဉ်မောင်း ---- (၂၅ နှစ်၊ လားရှိုးမြို့နေသူ)အား ကွတ်ခိုင်ရဲစခန်း၌ (ပ) ၆၅/၂၀၁၀ ပြစ်မှုပုဒ်မ ၃၃၇/၃၃၈/၃၀၄-က ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်ဟု eleven ဂျာနယ်တွင် ဖော်ပြပါရှိသည်.။