07 September 2010

ပင်အိုရွက်နုတို့၏ အနီးအဝေး နှင့် ပံ့ပိုးမှုကို ထပ်မံပံ့ပိုးကြ







ပံ့ပိုးမှုကို ထပ်မံပံ့ပိုးကြ

“သင်္ခါရတဲ့ ရပ်ထဲရွာထဲ ရပ်ကွက်ထဲဝယ် … ဖြစ်နေသမျှကို ပြောရအုံးမယ် xxx သချိုင်းလက်မှတ် ထွက်ဖို့အရေး … ဟိုမေး ဒီမေး … ဟိုပေး ဒီပေးနဲ့ xxx ရပ်ရေး ရွာရေး သာရေး နာရေးအတွက် … လုပ်စားနေတဲ့ ပွဲစားတွေ”

အထက်ပါ သီချင်းစာသားသည် တေးရေး - ကိုဦး ရေးသားကာ တေးဆို - Cyclone ဟစ်ဟော့ အဖွဲ့သားတို့က နာရေးကူညီမှုအသင်း(ရန်ကုန်) အတွက် သီဆိုပေးထားသော “ကိုယ်ပြုသောကံ ပဲတင့်သံ ကိုယ်ထံပြန်လာမည်” အမည်ရှိ Hip Hop တေးသီချင်းတစ်ပုဒ်မှ စာသားတချို့ ဖြစ်သည်။

ယင်း သီချင်း၏ အဓိက ရည်ရွယ်ချက်မှာ နာရေးကိစ္စရပ်များတွင် မလုပ်သင့် မလုပ်ထိုက်သော လုပ်ရပ်ကို လုပ်ကိုင်စားသောက်နေကြသော အသုဘ ပွဲစားများ အကြောင်းကို အများပြည်သူ သိရှိအောင် ဖွင့်ချ ရေးဖွဲ့ထားသော ဟစ်ဟော့ တေးသီချင်းတစ်ပုဒ် ဖြစ်သည်။

အဆိုပါ တေးသီချင်းအတွက် လိုအပ်သော စကားပြောအပိုဒ်များအား နာရေးကူညီမှုအသင်း (ရန်ကုန်)ရှိ ကော်မတီဝင်များ၊ အသင်းသူ/သားများတို့မှ စကားလုံးများဖြင့် အသံသွင်း၍ ပူးပေါင်း ပါဝင်ခဲ့သည်။

“ဘီယာ ကြယ်သီး ပန်းကုံးတွေနဲ့ မုသား သူခိုး ကြီးစိုးနေမြဲ xxx ကြီးနိုင်ငယ်ညှင်း သတ်ဖြတ်ကြလဲ … အတ္တတွေနဲ့ ငါးပါးမှောက်ဆဲ xxx ကိုယ့်သီလကိုယ်လုံ ယသပါပဲ … မင်းရဲ့သမိုင်း ၀ါးတားတားနဲ့ xxx ကိုင်းကြီးကြီးမှာ နားစမ်းပါဟဲ့ xxx အနိစ္စသဘောနဲ့ ကိစ္စချောမယ် xxx အကုသိုလ်တွေ မယူသွားပါနဲ့ ကိုယ့်သမိုင်းကိုယ်ရေး ယသပါပဲ”

အထက်ပါ သီချင်းစာသားသည် တေးရေး - ကိုဦး၊ ကျော်သူ ရေးသားကာ တေးဆို - ကိုဦးနှင့် Cyclone ဟစ်ဟော့ အဖွဲ့သားတို့က နာရေးကူညီမှုအသင်း(ရန်ကုန်) အတွက် သီဆိုပေးထားသော “ဟိတ်” အမည်ရှိ Hip Hop တေးသီချင်းတစ်ပုဒ်မှ စာသားတချို့ ဖြစ်သည်။

ယင်း သီချင်းအတွက် စကားပြော စာပိုဒ်များအတွက် နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူက ကိုယ်တိုင် စကားလုံးများဖြင့် နာရေးကူညီမှုအသင်း(ရန်ကုန်)တွင် အသံသွင်း၍ ပူးပေါင်းပါဝင်ခဲ့သည်။

နာရေးကူညီမှုအသင်း(ရန်ကုန်)၏ လူမှုရေး ပေးဆပ်မှုများအား အများပြည်သူတို့ထံ လျှင်မြန် သော အသိဖြင့် သိရှိနားလည်ရန်၎င်း၊ အယူသည်းမှုများ ပပျောက်စေရန် သင်ခန်းစာပေးသော အသိတရားပေးသော စကားလုံးများဖြင့် လျှင်မြန်စွာ အသိတရား ရရှိစေရန် ရည်ရွယ်၍ မိမိတို့ တတ်စွမ်းသော ဂီတပညာတို့ဖြင့် ပေးဆပ်ကြသော ဂီတပညာရှင်တို့၏ ဂီတသံစဉ်များတွင် နာရေးကူညီမှုအသင်း(ရန်ကုန်)ကလည်း တစ်ဖက်တစ်လမ်း ပံ့ပိုးပါဝင်ခဲ့ကြသည်။ ထို့ကြောင့် မိမိတို့ အား ပံ့ပိုးပေးသူတို့အား မိမိတို့ကလည်း ထပ်မံ၍ပံ့ပိုးကာ လူမှုရေးပေးဆပ်မှုအင်အားကို မြှင့်တင်လိုက် ရပါသည်။







ပင်အိုရွက်နုတို့၏ အနီးအဝေး

ယနေ့ ၆.၉.၂၀၁၀ (တနင်္လာ) နေ့တွင် “ပင်အိုရွက်နု” သင်တန်းဟု တင်စားခေါ်ဝေါ်ထားသော လူကြီး ပန်းချီသင်တန်းကို ဆရာ ဦးဝင်းကြည်နှင့် ဆရာ ဦးလှထွန်းအောင်တို့မှ မအားမလပ်သည့် ကြားမှ စေတနာထားကာ ဒုတိယသင်ခန်းစာအဖြစ် နာရေးကူညီမှုအသင်း(ရန်ကုန်)တွင် လာရောက်၍ သင်ကြားပြသခဲ့သည်။ ယင်း ဒုတိယအနေ့ ပန်းချီသင်တန်းတွင် သင်တန်းသူ/သား အသစ်များ ထပ်မံ၍ တက်ရောက်ကြသလို သင်တန်းသား ဟောင်းများကလည်း မလျှော့သောဇွဲဖြင့် ကြိုးစားကာ သင်ယူခဲ့ကြသည်။ သင်တန်း ပထမနေ့ ပို့ချချက်တွင် ခဲချွန်နည်း၊ ခဲတံကိုင်ပုံ ကိုင်နည်း၊ လိုင်းများရေးဆွဲခြင်း တို့ကို သင်ကြားပေးခဲ့သလို ယနေ့ ဒုတိယပို့ချချက်တွင် အရာဝတ္ထုတစ်ခု၏ အနီးအဝေး၊ အထားအသို များကို ပို့ချခဲ့သည်။


ပေးပို့ ပေးသော ကိုကျော်သူ အားကျေးဇူးတင်ရှိပါသည်.။