09 September 2010

ဘုန်းကြီးဦးဥတ္တ (ခေါ် ) ဆရာတော်ဦးဥတ္တမ (ခေါ် ) ဘိက္ခုဥတ္တမ (ခေါ် ) ပေါ်ထွန်းအောင် အတ္တုပတ္တိ


*ဆရာတော် ဦးဥတ္တမ*အာရှနေ၀န်း မြန်မာ့လွတ်လပ်ရေး မီးရှူးတန်ဆောင် ဆရာတော်ဦးဥတ္တမနေ့ စက်တင်ဘာလ ၉ ရက်နေ့ ကျရောက်မည်ဖြစ်သောကြောင့် ပြည်တွင်းပြည်ပရှိ ပြည်သူတစ်ရပ်လုံးသို့ အသိပေး တိုက်တွန်းအပ်ပါသည်။
ဆရာတော်ဦးဥတ္တမ • လွတ်လပ်ရေးမျိုးစေ့ချခဲ့သူ။ • ဟေ့ကောင် ကရက်ဒေါက်(အင်္ဂလိပ်ဘုရင်ခံ)မင်းထွက်သွားစမ်းပါ။ • ဒါတို့နိုင်ငံ…………?



ဘုန်းကြီးဦးဥတ္တ (ခေါ် ) ဆရာတော်ဦးဥတ္တမ (ခေါ် ) ဘိက္ခုဥတ္တမ (ခေါ် ) ပေါ်ထွန်းအောင် (ဖိုင်တွဲအမှတ် - ၃ A – 1 OF 1927 )

အဖအမည် - ဦးမြသာဦး။

မိခင်အမည်-ဒေါ်အောင်ကျော့ဖြူ။


မွေးသက္ကရာဇ် - ခရစ်နှစ် ၁၈၈၀- ခု။ဒီဇင်ဘာ(၂၈)ရက်။


မွေးချင်း- ၃ယောက်တွင်အကြီးဆုံးသား။ညီကျော်ထွန်းအောင်(ကိုရင်ကြီးအရှင်အရိယ)နှင့်
ညီမ မအိမ်စိုးတို့ နှစ်ဦးရှိသည်။

မွေးရပ် - စစ်တွေမြို့ ။

ပညာအရေအချင်း -

အသက်(၁၃)နှစ်အရွယ်တွင် စစ်တွေမြို့၌ ပရိယတ္တိသင်ကြားရာတွင် အကျော်တစောရှိသော ရွှေစေတီကျောင်းဆရာတော်ဘုရားထံ ဗုဒ္ဓ၏ အခြေခံစာပေများကို လေ့လာသင်ယူသည်။(၁၅) နှစ်အရွယ်တွင် ပေါ်ထွန်းအောင်နှင့် ညီငယ်ကျော်ထွန်းအောင် ရှင်သာမဏေအဖြစ် သင်္ကန်းစည်းကြသည်။ ရှင်ဥတ္တမနှင့် ရှင်အရိယဟူသော ဘွဲ့ နာမများရရှိခံယူကြသည်။ထို့နောက် အရှင်ဦးဥတ္တမရဟန်းဝတ်ဖြင့်ရန်ကုန်၊မအူပင်၊ပဲခူး၊တောင်ငူ၊မန္တလေးနှင့်ပခုက္ကူမြို့များတွင်လှည့်လည်နေထိုင်ပညာသင်ယူခဲ့သည်။ဗုဒ္ဓစာပေကျမ်းဂန်များကိုလည်းအပတ်တကုတ်လေ့လာကြိုးပမ်းဆည်းပူးခဲ့သည်။
တောင်ငူမြို့ တွင်ရှိစဉ် ရှင်သာမဏေစာပြန်ပွဲတစ်ခုကို ၀င်ရောက်ဖြေဆိုရာ ပထမရသည်။ တောင်ငူမြို့ မှ ရှမ်းမကြီး တစ်ဦးက သားအဖြစ်မွေးစားလိုကြောင်းပြော၍ မွေးစားလိုလျှင် ကာလကတ္တားကို ပညာသင်လွှတ်မလားဟု တောင်းဆိုရာ ထိုအမျိုးသမီးကြီး၏ အထောက်အပံ့ဖြင့် လူဝတ်လဲကာ အသက်(၁၇) နှစ်အရွယ်တွင် ကာလကတ္တား၌ အင်္ဂလိပ်စာနှင့် ခေတ်ပညာများကို သင်ယူပြီး (၁၀)တန်း စာမေးပွဲကို အလွတ်ပညာသင်အဖြစ် ဖြေဆို အောင်မြင် ခဲ့သည်။ထိုနှစ်မှာပင် ကာလကတ္တားမှပြန်လာပြီး ရှင်ဝတ်ဖြင့် ဗုဒ္ဓဘာသာစာပေကျမ်းဂန်များကို သင်ယူသည်။

ထိုစဉ် ဘုံဘေဘားမားကုမ္ပဏီ ကိုယ်စားလှယ် ဦးထွန်းအောင်ကျော်က ရဟန်းဒါယကာပြု၍ အသက်(၂၀) အရွယ်တွင် ရဟန်းအဖြစ်ခံယူသည်။အရှင်ဥတ္တမသည် ရဟန်းအဖြစ်ခံသည်။အိုင်စီအက်စ်(I.C.S) ရာထူးမှ နုတ်ထွက်ပြီး အမျိုးသားကောလိပ်ကို တည်ထောင်သော ဗင်နိုဂို့ရှ်၏ ကောလိပ်တွင် အရှင်ဥတ္တမက ပါဠိနှင့် ဗုဒ္ဓ ဘာသာစာပေတို့ကို ကူညီပို့ချ ပေးလေသည်။

သက္ကတစသော ရှေးဟောင်းဟိန္ဒူစာပေကျမ်းများကို သင်ယူဆည်းပူးသည်။ထိုအချိန်မှာ မြန်မာပြည်တွင်လည်း နိုင်ငံရေးကိုတက်ကြွစွာ လှုပ်ရှားဆောင်ရွက်ခြင်းမပြုကြသေးသော်လည်း ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (Y.M.B.A=youngmen'sbuddhistsassociations) ကို တက္ကသိုလ် ပညာ တတ များဖြစ်သော ဦးဘဖေ (ဘကြီးဘဖေ) ၊ ဦးမောင်ကြီး(အမ်အေ) ၊ ဦးစိန်လှအောင်တို့က စတင်ဖွဲ့စည်းထုထောင်ပြီး အမျိုး ဘာသာ၊ သာသနာ၊ ပညာဟူသော ဆောင်ပုဒ်ဖြင့် စတင်လှုပ်ရှားလာကြသည်။ အရှင်ဥတ္တမကိုယ်တော်တိုင်အိန္ဒိယမှ ပြန်ရောက်လာပြီး ၀ိုင်အမ်ဘီအေလှုပ်ရှားမှုကို တက်ကြွစွာ ဦးဆောင်ခဲ့သည်။၁၉၀၇-ခုနှစ် ၊ ဇန်န၀ါရီလ-၁ရက်တွင် ဂျပန်နိုင်ငံသို့ ထွက်ခွာသွားသည်။ဂျပန်နိုင်ငံတွင် အနောက် ဟွန်ဂွန်ဂျီ ဘုရားကျောင်းအကြီးအမှုး (Abbot of Western Hongonji Temple) မင်းသားကြီး ကိုဇင်အိုတာရီနှင့်အတူနေပြီး ကစ်စတိုမြို့ရှိ နိရှိဟွန်မွန်ဂျီ အမည်ရှိ ဗုဒ္ဓဘာသာတက္ကသိုလ်တွင် ပါဠိပါမောက္ခအဖြစ်ဆောင်ရွက်ခဲ့သည်။ထိုစဉ် ဂျပန်စာ၊ စကား ၊ အယူဝါဒ ၊ ဓလေ့ထုံးစံတို့ကို ကိုယ်တိုင်သင်ယူပြီး တစ်နှစ်အကြာစာမေးပွဲ ဖြေဆိုအောင်မြင်သည်။ ဆရာတော်သည် မြန်မာစာပေကျမ်းဂန်တို့အပြင်ပါဠိ ၊ ဘင်္ဂါလီ ၊ နာဂရီ ၊ သက္ကဋ၊ အင်္ဂလိပ်၊ တိဘက် ၊ ဂျပန် ၊ပြင်သစ်ဘာသာစကားကိုးမျိုးကို တတ်မြောက်သည်။

လက်ရှိနေရပ် - ကလကတ္တားမြို့  ၄ အေ၊ ကောလိပ်စကွဲ (College Square ) - မဟာဗောဓိအသင်း(Maha Bodhi Society)။

အလုပ်အကိုင် - ဘုန်းကြီး - ၀ါဒဖြန့်ချီရေးသမား။

ပုံသဏ္ဌာန် အရပ်အမြင့် - ၅ ပေ ၄ လက်မ။

ကိုယ်လုံးကိုယ်တည် - တောင့်တင်းသည်။


ဆံပင် - ပြောင်အောင်ရိတ်ထားသည်။

မျက်ခုံးများ - ပါး၍ကောက်ကွေးသည်။


နဖူး - ကျယ်၍မြင့်သည်။


မျက်လုံးများ - နက်ပြောင်သည်။

မျက်စိအမြင် - မျက်မှန်တပ်ရသည်။


နှာခေါင်း - ကြီးသည်။

ပါးစပ် - စိစိပိတ်သည်။


လက်ချောင်းများ - တို၍ တုတ်သည်။


နားရွက်များ - အနေတော်။

ဦးခေါင်းနှင့် ကပ်နေသည်။

နားဖောက်ထားသည်။


မျက်နှာ - ၀ိုင်းသည်။

အသားရောင် - အ၀ါရောင်ဖျော့ဖျော့။

မှတ်ဆိတ်မွှေး - မရှိ။
နှုတ်ခမ်းမွှေး - မရှိ။

အမှတ်အသား - အပေါ်နှုတ်ခမ်းလက်ဝဲဘက်တွင်စောင်းစောင်း
ဓါးပြတ်ရာတစ်ခုရှိသည်။ ဂုတ်တွင် မှည့်တစ်လုံး ရှိသည်။ နဖူး၏ လက်ျာဘက်၌ အမာရွတ်တစ်ခုရှိသည်။

ထူးခြားချက်များ -မတ်မတ်လမ်းလျှေက်သည်။စကားကို ကျယ်ကျယ်နှင့်မြန်မြန် ရခိုင်သံဝဲ၍ပြောသည်။ အိန္ဒိယ အမျိုးသားတစ်ဦးကဲ့သို့ ပြုံး ရွှင်သော အမူအရာရှိသည်။ စကားပြောရာ၌ ပွဲကျအောင်ပြောသည်။

ဝတ်ဆင်နေကျ - ပင်နီိပိတ်ဖြင့် လုပ်ထားသော သင်္ကန်းအ၀ါရောင်။


မြင်လျှင်မှတ်မိသောအရာရှိများ
မြန်မာနိုင်ငံ မှုခင်းစုံစမ်းထောက်လှမ်းရေးဌာန ( C. I .D Burma) ရှိထောက် လှမ်းရေးဌာနမှ မြန်မာအရာရှိအားလုံး။

“ဦးဥတ္တမပန်းခြံ”

“၂၂ နှစ် ကြာခဲ့ပြီးမှ”ကမ္ဘာ့နိုင်ငံရေးဗဟုသုတကို ဗမာ့နိုင်ငံရေးလောကသို့ သယ်ယူဆောင်ကြဉ်းလာ၍ ဗမာပြည်သူပြည်သားများအား နိုင်ငံရေးအသိဉာဏ်မျက်စိကို ပထမဆုံး ဖွင့်ပေးခဲ့သည့်

ဆရာတော်ဦးဥတ္တမ…

အင်္ဂလိပ်အစိုးရ၏ စစ်တပ်၊ ပုလိပ်တပ်၊ ရုံး၊ ထောင်၊ ဂါတ်အမျိုးမျိုးနှင့် ဥပဒေဆိုးကို ရောစွက်ကာအဘက်ဘက်မှ ဖိနှိပ်ချုပ်ချယ်မှုကိုခံနေရချိန်တွင်ဗမာပြည်သူပြည်သားရဟန်းရှင်လူများအားနယ်ချဲ့ဆန့်ကျင်ရေးသဘောတရား
နှင့် လက်တွေ့လုပ်ငန်းကို ပထမဆုံး ပေါင်းစပ်ပေးခဲ့သည့် ဆရာတော်ဦးဥတ္တမ……နယ်ချဲ့ဆန့်ကျင်ရေး အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲတွင် အင်္ဂလိပ်အစိုးရ၏ နိုင်ငံရေးအရ ပထမဆုံး ဖမ်းဆီးထောင်ချခြင်းခံရ၍ ဗမာတစ်မျိုးသားလုံးအား ရှေ့ဆောင်လမ်းပြခဲ့သည့်ဆရာတော်ဦးဥတ္တမ…….ဆရာတော်၏ဘွဲ့အမည်နာမသည် ဆရာတော်ပျံလွန်တော်မူခဲ့သည့် ၁၉၃၉ ခုနှစ်မှစ၍ ရေတွက်သော် နှစ်ပေါင်း ၂၂ နှစ် ကြာခဲ့ပြီး လွတ်လပ်ရေးရခဲ့သည့် ၁၉၄၈ ခုနှစ်မှစ၍ ရေတွက်သော် နှစ်ပေါင်း ၁၂ နှစ်တိုင်တိုင် ရှိခဲ့ပြီးမှ “ဦးဥတ္တမ အထိမ်းအမှတ်ဖြစ်မြောက်ရေးအဖွဲ့”၏ ၆-နှစ်တိုင်တိုင် ကြိုးပမ်းမှုကြောင့် လွန်ခဲ့သော ၁၉၆၁ ခုနှစ် ဇန်န၀ါရီလ ၁၇ ရက် (ဆရာတော်၏ ၈၂ နှစ်မြောက် မွေးနေ့ဖြစ်သော ပြာသိုလဆန်း ၁၂ ရက်) နေ့က ရန်ကုန်မြို့တော်မှ ပန်းခြံတစ်ခုအား “ဦးဥတ္တမပန်းခြံ”ဟူ၍ အမည်တပ်သတ်မှတ်ခြင်းခံခဲ့ရ လေသည်။


“တိုက်ဆိုင်မှုတစ်ခု”

မည်သို့င်ဖြစ်စေ ယင်းအမည်တပ် သတ်မှတ်မှုသည် တစ်စုံတစ်ခုသောတိုက်ဆိုင်မှုကြောင့် ထူးခြားသည် ဆိုင်နိုင်လေသည်။ အဘယ့်ကြောင့်ဆိုသော် အင်္ဂလိပ်နယ်ချဲ့သမားများ ဗမာပြည်ကို ၀င်ရောက် သိမ်းပိုက်ပြီး အင်္ဂလိပ်စစ်တပ် အလုံးအရင်းနှင့် တပ်စခန်းချရာစစ်နယ်မြေကို အကြောင်းပြု၍ အမည်ပေးခဲ့သော ရွှေတိဂုဏ်စေတီတော်ခြေရင်းမှ“ကန်တော်မင်ပန်းခြံ”ကိုယင်းအင်္ဂလိပ်နယ်ချဲ့စစ်တပ်များ၏အကြမ်းဖက်ရိုက်နှက်
ဖမ်းဆီးနှိပ်စက်မှုများအကြားမှ မတုန်မလှုပ် နောက်မဆုတ်ဘဲ ရဲရဲတောက်ရင်ဆိုင်ခဲ့သောဆရာတော်ဦးဥတ္တမ၏ ဘွဲ့အမည်ကို ပြောင်းလဲကာ “ဦးဥတ္တမပန်းခြံ”ဟူ၍ သတ်မှတ်လိုက်သောကြောင့်ပင် ဖြစ်ပေသည်။


“လေးကိုင်းသဏ္ဍာန် နံရံကြီး”

အဆိုပါဦးဥတ္တမပန်းခြံစတင်ဖွင့်လှစ်သည့်နေ့ကဦးဥတ္တမ၏နိုင်ငံရေးဆောင်ရွက်ချက်များကိုပန်းချီဖြင့်သရုပ်ဖော်
ထားသည့်ရှည်လျားသည့်ပိတ်ကားနံရံကြီးနှင့်ထိုနံရံကြီးရှေ့အလယ်ဗဟိုတွင်ဦးဥတ္တမရုပ်တုပု့တော်(ရွှံ့စေးနှင်
့ကိုယ်တပိုင်း) ကို တွေ့မြင်ကြရသည်။
ယင်းနံရံပန်းချီနှင့် ဆရာတော်၏ ရုပ်တုပုံတော်များမှာ ယာယီဆင်ယင်ပြသထားခြင်း ဖြစ်သည်။ တကယ်တန်း ထုလုပ်ပြီးစီးသည့်အခါတွင် လေးကိုင်းသဏ္ဍာန် နံရံကြီးမှာ အလျား ၆၅-ပေ အမြင့်၁၂ပေရှိမည်ဖြစ်၍နံရံကြီးရော နံရံမှ ကိုယ်လုံးကြွရုပ်ပုံများပါ အင်္ဂတေဖြင့် တွေ့မြင်ကြရမည် ဖြစ်သည်။ ဦးဥတ္တမ ပုံတော်မှာလည်း အလုံးစုံပြီးစီးသည့်အခါတွင် အမြင့် ၉-ပေရှိ မတ်တတ်ရပ် ကြေးရုပ်ပုံတော်ကြီးအဖြစ် သွန်းထုပြုလုပ်ထားရှိမည်ဟု သိရသည်။အဆိုပါ နံရံပန်းချီရုပ်တုများနှင့်အထူးသဖြင့် ဦးဥတ္တမဆရာတော်၏ ကြေးရုပ်ပုံတော်ကို ပန်းပုဆရာကြီး ဦးဟန်တင်က သွန်းလောင်းထုလုပ်ရန် စီစဉ်ရာထားသည်။

“ပန်းပုဆရာ၏ အနုပညာ”

ပန်းခြံဖွင့်ပွဲ အခမ်းအနားနေ့က မြင်တွေ့လိုက်ရသော ဆရာတော်၏ ကိုယ်တပိုင်းရုပ်ထုမှာ ဆရာဦးဟန်တင်၏ အနုပညာလက်ရာ မြောက်မှုကို အပြည့်အ၀ ဖော်ပြနေသည်ဟုပင် ဆိုနိုင်သည်။ဦးဟန်တင်သည် ဆရာတေ်၏ ပုံကို လွန်ခဲ့သော ၂-နှစ်ခန့်ကပင် ထုလုပ်ခဲ့သည်ဟု သိရသည်။ သို့ထုလုပ်စဉ်က ယင်းပုံတူရုပ်တုကို မည်သူကမှ ခိုင်းစေခြင်းမပြုခဲ့သည်မဟုတ်၊ ပန်းပုဆရာပီသသည့် ဦးဟန်တင်၏ အနုပညာဗီဇကြောင့် တိုင်းပြည်တွင် ထင်ရှားသော ပုဂ္ဂိုလ်ကျော်များ၏ ရုပ်တုပုံတူများကို အချိန်ရတိုင်း အလဟဿမဖြစ်စေဘဲ ထုလုပ်ခဲ့ခြင်း ဖြစ်သည်။ ဤတွင် ၁၉၅၄ ခုနှစ်ကပင် စတင်၍ တိုးချဲ့ဖွဲ့စည်းခဲ့သောဦးဥတ္တမအထိမ်းအမှတ်ကော်မတီသည်ဆရာတော်ကို ဂုဏ်ပြုသောအားဖြင့် ကြေးရုပ်ပြုလုပ်ထားရှိရန်နှင့် ဦးဥတ္တမလမ်း ဦးဥတ္တမပန်းခြံ၊ ဦးဥတ္တမ စာသင်ကျောင်း စသည်တို့ ဖြစ်မြောက်ရေးအတွက် သက်ဆိုင်ရာ အစိုးရတို့နှင့် တဘက်မှ အရေးဆိုနေလေရာ ဦးဟန်တင်သည် ယင်းကော်မတီနှင့် တွေ့ဆုံကာ ဆရာတော် ဦးဥတ္တမပုံတူရုပ်တုကို ပြသခဲ့သည်။


“မျက်ရည်ကျရှာသူ”

ကော်မတီကလည်း ပို၍ တိကျသေချာစေရန် ဆရာတော်ဦးဥတ္တမ နှစ်မ ဒေါ်အိမ်စိုးကို ခေါ်၍ ရုပ်တုကို ပြသခဲ့ရာ ဒေါ်အိမ်စိုးသည် ဦးဟန်တင်၏ လက်ရာဖြစ်သော ဆရာတော်၏ကိုယ်တပိုင်းရုပ်တုကို ကြည့်ကာ မျက်ရည်ကျခဲ့ရရှာသည်။ သို့ဖြစ်ရာ ဦးဥတ္တမ အထိမ်းအမှတ်ဖြစ်မြောက်ရေးကော်မတီ၏ တာဝန်ပေးချက်အရ ဆရာတော်၏ ကြေးရုပ်ပုံတူ (တကိုယ်လုံး) ထုလုပ်ပြီးစီးသည့်အခါတွင် ဆရာဦးဟန်တင်၏ လက်ရာပြောင်မြောက်မှုဖြင့် ဆရာတော်၏ ကြေးရုပ်မှာ ယခုထက် ပိုမိုသက်ဝင် လှုပ်ရှားလာလိမ့်မည်ဟု မျှော်လင့်ရသည်။


ဆရာတော်ဦးဥတ္တမ


ဆရာတော်ဦးဥတ္တမ သည် ကျဉ်းမြောင်းနုန့်နဲ့သော အမျိုးသားစိတ်ဓာတ်များ ကမ္ဘာကိုလွှမ်းခြုံ၍ နေစဉ်၌ပင် လွတ်လပ်ရေးစိတ်ကား တမျိုးသားတည်း တပြည်ထောင်တည်းအတွက်သာ မဟုတ် နယ်ချဲ့ကိုလိုနီ စံနစ်အောက်၌ စုန်းစုန်းမြုပ်သော အာရှတိုက်ကြီးတတိုက်လုံးအတက်ဖြစ်သည်ဟု စွဲမှတ်ယုံကြည်ရုံမက နယ်ချဲ့ ၏မျက်နှာကို ရဲရဲကြည့်ကာ နယ်ချဲ့ ၏အင်အားဖြင့် ဖိနှိပ်သမျှသောဆင်း ရဲ ဒုက္ခမျိုးမျိုးတို့ကို မတွန့်မဆုတ် ခံယူခဲ့၏။

ဆရာတော်၏ကြိုးပမ်းမှုကြောင့်မန်မာနိုင်ငံသားတို့သည်အိပ်သောယေက်ျားနိုးသောလားသို့လွတ်လပ်ရေးလမ်းစ
ကိုမြင်ကြရ၏။ ဆရာတော်ကား ယခုမြန်မာ နိုင်ငံတော်သူနိုင်ငံတော်သားတို့ လက်ဆုပ်လက်ကိုင် အပိုင်ရ၍ ခံစားစံစားနေရသော အချုပ်အခြာ အာဏာပိုင်လွတ်လပ်ရေး ဗိမာန်ကြီးကို အစဦးစွာ ပန္နက်ချခဲ့သောအာဇာနည် မျိုးချစ်ပုဂ္ဂိုလ်ကြီးပေ တည်း။


ဆရာတော်ဦးဥတ္တမ၏ နောက်ဆုံးခရီး


ခေါင်ဇာနည်ဝင်၊ ပြောင်မာတင်သည့်၊ မြရှင်သကျ၊ သမ္ဗုဒ္ဓ၏၊ ပုတ္တရင်းစစ်၊ ဖြစ်ကြီးဖြစ်၍၊ မဟစ္ဆရီ၊ အံ့လောက်ဘိသား၊ တြိသာသနာ၊ စက်ရောင်ဝါနှင့်၊ မြန်မာမျိုးညွန့်၊ ညှိုးမတွန့်အောင်၊ သက်စွန့်လျက်ပင်၊ ရွှေလမ်းထွင်သား၊ အရှင်ဥတ္တမ၊ ထေရိန္ဒလျှင်၊၀ံသပါလိတ်၊ ရဲတိဟိတ်သို့၊ စိတ်စေတနာ၊ စူးစိုက်စွာလျှင်၊ မဟာဝရဇိန်၊ မိုးကြိုးရှိန်သို့၊ ပစ်ချိန်ကျင်းကျင်း၊ ရန်မာန်ခွင်းသည်၊ ဘက်ကင်းတေဇော်ရှိန်ဘုရား။သူ့ကျွန်မခံ အမျိုးသားဇာတိမာန် ထက်သန်စွာဖြင့် မြန်မာ့လွတ်လပ်ရေး ကိုလိုနီဆန့်ကျင်ရေးအတွက် ဦးစွာပထမ မြန်မာပြည်သူများကို စတင်တပ်လှန့် နှိုးဆော်စည်းရုံးခဲ့သူမှာ ဆရာတော် ဦးဥတ္တမပင်ဖြစ်ပေသည်။ ဆရာတော်ဦးဥတ္တမသည် ဒေးဒရဲမြို့အပိုင် ဆူးကလပ်ရွာတွင် နယ်ချဲ့ဆန့်ကျင်ရေး တရားဟောပြောမှုဖြင့် မအူပင်ထောင်တွင် ၁၂ လမျှ အကျဉ်းချခံခဲ့ရသည်။၁၉၂၂ ခု ဇွန်လ ၂၆ ရက်နေ့တွင် မအူပင်ထောင်မှ လွတ်မြောက်သည်။ ထိုသို့ ဆရာတော် ထောင်မှ လွတ်မြောက်လာသည့်အခါ ၁၉၂၂ ခု ဇူလိုင်လ ၂၃ ရက်နေ့တွင် ရဟန်းရှင်လူများက ရန်ကုန်မြို့ ဂျူဗလီဟောတွင် တခဲနက် ဂုဏ်ပြုပူဇော်ကြသည်။


ယင်းပူဇော်ပွဲတွင် လယ်တီပဏ္ဍိတဆရာ ဦးမောင်ကြီးက အထက်ဖော်ပြပါ ဘဒ္ဒန္တဥတ္တမအရှင်သူမြတ် ဘုန်းတော်ဘွဲ့မင်္ဂလာရတုဖြင့် ရေးသားပူဇော်ဂုဏ်ပြုခဲ့လေ ည်။
ဆရာတော်ဦးဥတ္တမသည် ဤသို့ ချီးကျူးပူဇော်ခံထိုက်အောင်ပင် ကျွန်ဘ၀မှ လွတ်မြောက်ရေး၊ အင်္ဂလိပ်အစိုးရ ဆန့်ကျင်ရေး တို့တွင် အမျိုးသားများ တက်ကြွလာစေရန် ကိုယ်ကျိုးစွန့် အနစ်နာခံ ကြိုးပမ်းခဲ့သည်။ဆရာတော် ဦးဥတ္တမ၏ ဘ၀နိဒါန်းပိုင်းသည် တနိုင်ငံလုံး အုတ်အုတ် ကျက်ကျက် တခဲနက်ဖြစ်အောင်အောင်မြင်ကျော်ကြားခဲ့ သော်လည်း ဆရာတော်၏ ဘ၀နိဂုံးမှာ ကြေကွဲဝမ်းနည်းဖွယ် ကောင်းလှသည်။


တနည်းဆိုလျှင်နိုင်ငံရေးခေါင်းဆောင်ဗိသုကာတဦး၏ဘ၀ကိုနိုင်ငံရေးကပင်ဖျက်ဆီးခဲ့ခြင်းဖြစ်ပေသည်။ဆရာ
တော် ဦးဥတ္တမသည် ၁၉၁၁ ခုနှစ်မှ အစပြု၍ ကလောင်ကိုကိုင်၍ တရားဟော စင်မြင့်ပေါ်တက်၍ မြို့ပြမှသည် ကျေးစွန်ရွာဖျားအထိ မြန်မာ့လွတ်လပ်ရေး ကိုလိုနီဆန့်ကျင်ရေးအတွက် စည်းရုံးလှုံ့ဆော်ခဲ့သည်။
သူပြောသမျှ စကား၊ သူဟောသမျှ ရဲရဲတောက် တရားများသည် လွတ်လပ်ရေး မွတ်သိပ်နေသူပြည်သူများအဖို့ အားဆေးတစ်ခွက်ဖြစ်ခဲ့သည်။ ဒူးထောက်ခေါင်းငုံ့နေကြရရာမှ ရင်ကော့ခေါင်းမော့လာနိုင်ကြသည်။


“ဆာဂျီနယ် ကရက်ဒေါက်………သင် ဗမာပြည်က ထွက်သွားလိုက်ပါ”ဆရာတော်က အုပ်စိုးသူ အင်္ဂလိပ်ဘုရင်ခံထံ စာဖြင့် ကန့်ကွက်ရေးသားပေးပို့ လိုက်သည့်အခါ အမျိုးချစ်သူများက ကြက်သီးမွေးညှင်းထမျှ အားရကျေနပ်ခဲ့ကြသည်။
ဆရာတော်အား ဆူကလပ်ရွာတွင် အင်္ဂလိပ်အစိုးရအား ဆန့်ကျင်ဟောပြောမှုဖြင့် မအူပင်တွင် ထောင်ဒဏ် အပစ်ပေးလိုက်သည့်အခါ ပုသိမ်မှစ၍ တနိုင်ငံလုံး သံဃသမဂ္ဂီ အသင်းများ၊ ကုမ္မာရီအသင်းများမှာ အုံကြွမှုပေါ်ပေါက်လာ၍ တနိုင်ငံလုံး စည်းလုံးမိသွားကြသည်။ ဆရာတော်ဦးဥတ္တမသည်ပြည်သူများ၏လေးစားကြည်ညို၍ပြည်သူများနှင့်တသွေးတည်းတသားတည်းဖြစ်သည်။


အစိုးရ အကြည်ညိုပျက်အောင် ဟောပြောမှုဖြင့်၁၉၂၄ ခုနှစ်တွင် ဒုတိယအကြိမ် ရန်ကုန်မြို့တွင် ထောင်ဒဏ် ၃နှစ်ရုံးတင်အပြစ်ပေးခံခဲ့ရသည့်အခါဖိုက်စကွဲယား(ပန်းခြံဗန္ဓုလပန်းခြံ)တွင်သွေးမြေကျလူထုဆန္ဒပြပွဲ
ဖြစ်ပွားခဲ့ပြီး ယင်းမှအစပြု၍ကိုလိုနီနယ်ချဲ့ဆန့်ကျင်ရေးစိတ်ဓာတ်များလွှမ်းမိုးပြန့်ပွားသွားကြပြန်သည်။ဆရာတော်၏ ဘ၀ နိဒါန်းပိုင်းသည် လွတ်လပ်ရေး၊ နယ်ချဲ့ဆန့်ကျင်ရေး မီးရှူးတန်ဆောင်။ဆရာတော်၏ ဘ၀နိဂုံးပိုင်းက ထိုသို့မဟုတ်ပြီ။ အင်္ဂလိပ်အစိုးရက အိမ်ကြက်ခြင်း အိုးမည်သုတ်ခွပ်စေသော ၉၁ ဌာန အုပ်ချုပ်ရေးကို ပေးအပ်လိုက်သဖြင့် မြန်မာပြည်ကို အိန္ဒိယပြည်က ခွဲထွက်ပြီးလျှင် ၁၉၃၆ ခု၊ နိုဝင်ဘာလတွင် အထွေထွေ ရွေးကောက်ပွဲကျင်းပရန်စီစဉ်သည်။သည်တွင်နိုင်ငံရေးပါတီများအဖို့အနိုင်ရရှိရန်ကြိုးပမ်းရာ၌ဆရာတော်ဦးဥတ္တမ
ကိုချဉ်းကပ်စည်းရုံးကြသည်။



ထိုအချိန်ကဆရာတော်မှာ ဆီးချိုရောဂါနှင့် အသက်အရွယ်ကြီးရင့်လာ ၍စိတ်ပန်း ကိုယ်နွမ်းဖြစ်နေသဖြင့်လည်းကောင်း၊နိုင်ငံရေးခေါင်းဆောင်များစည်းရုံးမှုမရှိဘဲရာထူးအာဏာရရှိရေးသာကြိုးပမ်း
နေကြသဖြင့်
လည်း ကောင်း နိုင်ငံရေးလုပ်ဆောင်မှု ရပ်ဆိုင်း၍ အိန္ဒိယနှင့် ဗမာပြည် အလျဉ်းသင့်သလို နေထိုင်လျက် ရှိနေသည်။ ထိုစဉ် ငါးဖွင့်ဆိုင်အဖွဲ့မှ ဆရာတော်အား လှည့်ဖျားစည်းရုံး၍ အိန္ဒိယမှ ရန်ကုန်သို့ ပင့်ဆောင်လာကြသည်။ နိုင်ငံရေးစိတ်မကုန်သောဆရာတော်မှာငါးပွင့်ဆိုင်အတွက်မဲဆွယ်ပေးရန်ရန်ကုန်သို့ရောက်ရှိခဲ့ပြန်သည်။ နိုင်ငံရေးပါတီအချို့မှမျိုးချစ်လူငယ်အချို့ကဆရာတော်ထံသွားရောက်၍မေတ္တာရပ်ခံသော်လည်းအရှိန်အ၀ါ ကောင်းသော ငါးပွင့်ဆိုင်များ၏ စကားနားဝင်သဖြင့် မည်သို့မျှ မတတ်နိုင်ကြတော့ချေ။ ဆရာတော် ဦးဥတ္တမသည် ငါးပွင့်ဆိုင်အတွက် အနယ်နယ်တရားဟောရာတွင်လေယာဉ်ပျံနှင့်ပင်ခမ်းခမ်းနားနား ကြွရောက်ဟောပြောရသည်။

ဆရာတော်ကို မမြင်မတွေ့ရသည်မှာ ကာလအတန်ကြာပြီဖြစ်သဖြင့် ဆရာတော်၏ ငါးပွင့်ဆိုင်တရားပွဲမှာ ပရိသတ်တိုးမပေါက်အောင် စည်းကားသည်။
၉၁ ဌာန ရွေးကောက်ပွဲတွင် ဦးဘဖေခေါင်းဆောင်သောငါးပွင့်ဆိုင်အဖွဲ့၊ဒေါက်တာဘမော်အဖွဲ့၊ဦးချစ်လှိုင်အဖွဲ့၊ကိုယ့်မင်းကိုယ့်ချင်းတိှုှ့ဗမာ
သခင်အဖွဲ့၊ ဖေဘီယန်အဖွဲ့တို့ ပါဝင်ယှဉ်ပြိုင်ကြသည်။ဆရာတော်၏ အရှိန်အ၀ါဖြင့် အခြားနိုင်ငံရေးအဖွဲ့များထက် ငါးပွင့်ဆိုင်က အပြတ်အသတ် အမတ် ၄၆ နေရာဖြင့် အနိုင်ရရှိခဲ့သည်။


သို့သော်လည်းဝန်ကြီးရာထူးအဝေမတည့်သောကြောင့်ငါးပွင့်ဆိုင်ခေါင်းဆောင်ဦးဘဖေမှာအစိုးရမဖွဲ့နိုင်တော့ ချေ။ အမတ် ၁၆ နေရာသာ ရရှိသည်။ ဒေါက်တာ ဘမော်ကညွန့်ပေါင်းအစိုးရဖွဲ့၍ နန်းရင်းဝန်ရာထူး ရယူသွားလေသည်။သည်တွင် ဆရာတော်ဦးဥတ္တမအဖို့ နိုင်ငံရေးသံဝေဂရစရာ ကြုံရလေတော့သည်။ နိုင်ငံရေးသမားအချို့မှာ ဆရာတော်၏ အရှိန်အ၀ါဖြင့် ၀န်ကြီး၊ အတွင်းဝန်နှင့် မင်းတိုင်ပင်အမတ်စသည်တို့ ဖြစ်ကုန်ကြသော်လည်း ဆရာတော်ဦးဥတ္တမမှာ ဆီးချိုရောဂါသည်ဘ၀ဖြင့် ပြုစုသူ ကင်းကာ ရပ်တည်ရာမရ စိတ်ထင်ရာ ရန်ကုန် လမ်းမများပေါ်တွင် လျှောက်သွားလျက်ရှိသည်။


ဆရာတော်သည် ဟောင်းနွမ်းစုတ်ပြတ်နေသော သင်္ကန်းကြီးကို ပိုသီပတ်ပီ ၀တ်ရုံ၍ လွယ်အိတ်ကြီး တလုံးလွယ်ကာ ထီဖိနပ်မပါ သတင်းစာတိုက်များသို့ လျှောက်သွားပြီး အင်္ဂလိပ်၊ မြန်မာ သတင်းစာများကို တောင်ယူလေ့ရှိသည်။ ရရှိသော သတင်းစာများကို လမ်းဘေးတိုက်ရိပ်၊ သစ်ပင်ရိပ်များအောက်တွင် ထိုင်ဖတ်လေ့ရှိသည်။ အသက်အရွယ်ကြီး၍ အိုမင်းနေသည့်အပြင် ဆီးချိုရောဂါ၊ ခြေထောက်အနာကြောင့် ပိန်ချုံးကာ ခပ်ယဲ့ယဲ့မျှပင် သွားလာနေရသည်။ လမ်းတွင် သတိမေ့လဲပြိုနေသည့်အခါ ဆရာတော်ကို ကြည်ညိုလေးစားသူများက သူတည်းခိုရာသို့ ပို့ဆောင်ပေးကြသည်။ ဆရာတော်ဦးဥတ္တမသည်ကိုယ်စိတ်နှစ်ပါးဝေဒနာနှစ်ရပ်စလုံးခံစားနေရလေသည်။


ဆရာတော်အားပြုစုသူကင်း၍ ဤမျှအခြေအနေဆိုးလာသည့်အခါ ၁၉၃၉ ခု သြဂုတ်လ ၇ ရက်နေ့တွင် ရန်ကုန်မြို့ ရခိုင်ရဟန်းတော်များ သမဂ္ဂအသင်း၏ ၄ ကြိမ်မြောက် အစည်းအဝေးမှ ဆရာတော်ဦးဥတ္တမအား စောင့်ရှောက်ရန် ဆုံးဖြတ်ကြသည်။
ငါးပွင့်ဆိုင်အဖွဲ့ကိုလည်း အပြစ်တင်ဝေဖန်ကြလေသည်။ ရခိုင်ရဟန်းတော်များသမဂ္ဂမှ ရဟန်းတော်များသည် ဆရာတော်နေထိုင်ရာ အာစရိယသမဂ္ဂအသင်းတိုက်သို့ သွားရောက် တွေ့ဆုံသည့်အခါ သွားရောက်တွေ့ဆုံသူများကိုအတွေ့မခံငြင်းဆန်လျက်သတိမကောင်းတော့ဘဲ လုပ်ချင်ရာ လုပ်နေလေပြီ။သည်တွင် သူရိယတိုက်အုပ် ဦးဘကလေး၏ အကူအညီဖြင့် ရခိုင်သံဃာတော်များက ဆရာတော်ဦးဥတ္တမအား ရန်ကုန်ဆေးရုံကြီးသို့ တင်ပို့ကုသခဲ့ကြသည်။ အထူးခန်းမရှိသေးသဖြင့်ရန်ကုန်ဆေးရုံကြီးအခန်းနံပါတ်၈ခုတင်နံပါတ်၁၇ကုသိုလ်ဖြစ်အခန်းတွင်တင်ပို့ကုသကြ
သည်။သြဂုတ်လ ၂၅ ရက်နေ့တွင် သူရိယဦးဘကလေး၊ မြို့တော်ဝန် ဦးဘ၀င်း၊ ကပ္ပတိန် ဘဖူးတို့ ဆေးရုံသို့ သွားရောက်၍ ဆရာတော်အား အားပေးစကား ပြောကြားရာ ဆရာတော်မှာ စကားပီသအောင် ပြောနိုင်၍ သတိလစ်ခြင်း မရှိတော့ပေ။
သြဂုတ်လ ၂၇ ရက်နေ့တွင် ဦးဘကလေး အကူအညီဖြင့်ပင် ကုသိုလ်ခန်းမှ အထူးခန်း ၁၃ ခုတင် နံပါတ် ၁၁ သို့ ပြောင်းရွှေ့ကုသသည်။ ဆရာဝန်ကြီးများက အထူးဂရုစိုက် ကုသကြသည့်အတွက် ဆရာတော်၏ ဝေဒနာမှာ သက်သာစ ပြုလာသည်။ သို့သော် မအူပင် ထောင်ကျစဉ်အခါကပင် နှစ်ရှည်လများ စွဲကပ်လာသော ခြေထောက်ကင်ဆာရောဂါမှာ ရိုးရိုးကုသ၍ မဖြစ်နိုင်တော့၊ ခြေထောက်ဖြစ်ကုမှသာ အသက်ရှင်နိုင်တော့မည်။ဆရာဝန်ကြီးများက ဦးဘကလေးအား အကြံပေးသဖြင့် ဆရာတော်အား လျှောက်ထားရာဆေးရုံပေါ်မှ ဇွတ်ဆင်း၍ ၄၆ လမ်း ကုလားအသင်းတိုက်ပေါ်တွင် သွားရောက်သီတင်းသုံးနေလေသည်။ထို့နောက်ပိုင်းတွင် ဆရာတော်သည် ပြန်လည်နာလန်မထူနိုင်တော့ဘဲ ၁၉၃၉-ခုနှစ် စက်တင်ဘာလ (၉)ရက်တွင် ပျံလွန်တော်မူသည်။





ဆရာတော် ဦးဥတ္တမ ပန်းခြံ





ဆရာတော် ဦးဥတ္တမ ရဲ့ အမှတ်တရကို ကျမ သတိတရနဲ့ တင်ပြ ခဲ့တာပါ။သူရဲ့ ဖြတ်သန်းလာခဲ့တဲ့သမိုင်း တလျှောက်ကို သေချာအသေးစိတ်ဖတ်ရှုချင်ရင်တော့(http://ottama.multiply.com) အဲဒီနေရာလေးတွင် အသေးစိတ်လေ့လာနိုင်ပါသည်။ကျမ ကိုယ်တိုင်လဲ ဖတ်ရှုပြီးပြန်လည်မျှဝေလိုက်ပါသည်။


ရင်းမြစ်။( http://ottama.multiply.com/)