ကလေးငယ်များနှင့် ပျော်ပါးရန် ခရီးသွားလာ နေကြမှုသည် တစ်ကမ္ဘာ လုံးရှိ ကလေးငယ်များ၏ အခွင့်အရေးအတွက် သေရေးရှင်ရေးတမျှ ဖြေရှင်းပေးရမည့် ပြဿနာတစ်ရပ် ဖြစ်နေသည်။ အစိုးရများသည် ပြည်ပ၌ ကလေးများ ပြည်တန်ဆာဖြစ်မှု ကာကွယ်ရေးအတွက် ဥပဒေများ ထုတ်ပြန်ပြဌာန်းရန် ကြိုးပမ်းအား ထုတ်နေသည့်တိုင် ၄င်းနိုင်ငံသားများနှင့် အလည်အပတ် လာရောက်ကြသူများ၏ လိင်မှုဆိုင်ရာ မတော်မတရား ပြုကျင့်မှုများ ဆက်လက်ခံစား နေရဆဲဖြစ်သည်။ ထိုဥပဒေသည် ပြည်ပနိုင်ငံများတွင် အသက် (၁၈)နှစ်အောက် ကလေးငယ်များနှင့် လိင်မှုဆိုင်ရာ ပျော်ပါးသည့် အမေရိကန် နိုင်ငံသားကို ထောင်ဒဏ်အနှစ်(၃ဝ)အထိအပြစ်ပေးရန် ပြဌာန်း ထားသည်။ ကနေဒါနိုင်ငံတွင်လည်း အလားတူပြည်ပနိုင်ငံများတွင် ကလေး ငယ်များနှင့်ပျော်ပါးမှုသည် တရားမဝင်သောလုပ်ရပ်ဖြစ်ပြီး ရာဇဝတ်မှု မြောက်သည်ဟု ပြဆိုထားသည်။
အိန္ဒိယနိုင်ငံတွင် ကလေးပြည့်တန်ဆာ ဖြစ်နေသူ (၁.၂)သန်းခန့် ရှိသည်။ ထိုလူကုန်ကူးမှု ဖြစ်စဉ်တွင် သန်း(၁ဝဝ)ခန့် အနည်းဆုံး ပါဝင်ပတ်သက်နေသည်ဟု အိန္ဒိယနိုင်ငံပြည်ထဲရေး ဝန်ကြီးဌာန၊ အတွင်းဝန်က ထုတ်ဖော် ပြောကြားထားသည်။ အိန္ဒိယနိုင်ငံ၏ လူကုန်ကူးမှု ဖြစ်ပွားနေမှု (၉ဝ)ရာခိုင်နှုန်းသည် ပြည်တွင်း လူကုန်ကူးမှု ဖြစ်နေသည်။ ထိုနိုင်ငံသည် လူကုန်ကူးမှု ဖြစ်တည်ရာ၊ ကြားခံနေရာနှင့် ဦးတည်ရာ နေရာလည်း ဖြစ်သည်။ ထိုမှုခင်းသည် လျှို့ ဝှက်ချက်နှင့် ပုန်းလျှိုးကွယ်လျှိုး လုပ်ဆောင် ကျူးလွန်သည့် မှုခင်းဖြစ်သော ကြောင့် ထိုလူကုန်ကူးမှု၏ အတိုင်းအတာကို ခန့်မှန်းရခက်သည်။ မကြာသေးမီ နှစ်များကစပြီး အိန္ဒိယနိုင်ငံတွင် စိုးရိမ်ဖွယ်ရာ တူရှုချက်များ ဖြစ်တည်လာရာ ထိုတူရှုချက်များသည် ဘုရားဖူးလာရောက်သည့် မြို့ကြီးများတွင် ပြည့်တန်ဆာ လုပ်ငန်း များပြားလာခြင်း၊ လိင်မှုကိစ္စအတွက် ပျော်ပါးရန် ခရီးသွားလာခြင်းနှင့် ကလေးများကို ကာမစိတ် ယိမ်းညွှတ်မှုရှိအောင် လုပ်ခြင်းတို့ဖြစ်သည်။
သို့သော် မကြာသေးမီက ထိုင်းနိုင်ငံတွင် ထိုကိစ္စများနှင့်ပတ်သက်သည့် ဖမ်းဆီးအရေးယူခြင်းက အရှေ့တောင်အာရှတွင် အထူးသဖြင့် ဖြစ်ပွားလျှက်ရှိသည် ကိုပြသနေသည်။ (၂ဝ၁ဝ)ခုနှစ် ဇူလိုင်လ (၇)ရက်နေ့ ထိုင်းနိုင်ငံတွင် (၁၄)နှစ်အရွယ် ထိုင်းယောက်ျားကလေး တစ်ဦးကို မုဒိမ်းကျင့်သော (၅၃)နှစ်အရွယ်ရှိ ရုရှားလူမျိုး စန္ဒရားပညာရှင် အကျော်အမော်တစ်ဦး ထိုင်းရဲတပ်ဖွဲ့မှ ဖမ်းဆီးထိမ်းသိမ်းခဲ့သည်။ ထိုသူသည် ထောင်အနှစ်(၂ဝ) ကျနိုင်ပြီး ထိုင်းဘတ်ငွေ လေးသောင်း ဒဏ်ကြေးပေးဆောင်ရမည် ဖြစ်သည်။ ထိုဖြစ်စဉ်မတိုင်မီ နှစ်ပတ်အတွင်းမှာပင် အသက်(၅)နှစ်မှ (၁၂)နှစ်အရွယ် ထိုင်းမိန်းကလေး(၄)ဦးကို ညစ်ညမ်းပုံရိုက်ယူကာ မဖွယ်မရာ ပြုကျင့်သူ အသက်(၉ဝ)နှစ်အရွယ် သြစတေးသျ နိုင်ငံသားတစ်ဦးကိုလည်း ထိုင်းရဲတပ်ဖွဲ့မှ ဖမ်းဆီးခဲ့သည်။ ကနေဒါနိုင်ငံဖွား အမေရိကန်နိုင်ငံသား Glen Richard Allen ကို (၂ဝဝ၇)ခုနှစ် ထိုင်းတရားရုံးတစ်ခုက (၁၁)နှစ်အရွယ် ထိုင်းမိန်းကလေးအား လိင်မှုဆိုင်ရာ အနှောင့်အယှက်ပေးမှု အထောက်အထားများ တွေ့ရှိမှုနှင့် ထောင်ဒဏ် (၁၆)နှစ် ကျခံရန် အပြစ် ပေးခဲ့သည်။ (၂ဝ၁ဝ)ခုနှစ် ဇွန်လစောစောပိုင်းက ၄င်းနေထိုင်ရာ အမေရိကန် တရားရုံးကလည်း အလွန်စက်ဆုပ်ဖွယ်ရာ သူ့အပြုအမူကြောင့် ထပ်မံ တရားစွဲရန် စွဲချက်တင်ထားသည်။ ၄င်းသည် (၁၉၉၇)ခုနှစ်ကတည်းက ထိုင်းနိုင်ငံ၊ ပတ္တားရားမြို့တွင် သီးသီးသန့်သန့် အခြေချနေထိုင်သူ ဖြစ်သည်။ ၄င်းအားဖမ်းဆီးစဉ်က သူလို ကျူးလွန်ခဲ့သူ နိုင်ငံခြားသား (၃)ဦးနှင့် ၄င်းကိုယ်တိုင် ပါဝင် ရိုက်ကူးထားသော DVD ခွေ(၃ဝဝ)ခန့်ပါ သိမ်းဆည်း ရမိခဲ့သည်။ ထိုခွေများထဲတွင် အသက်(၁၁)နှစ် ထိုင်းမိန်းကလေးများနှင့် လိင်မှုဆိုင်ရာ ပျော်ပါးနေမှုများ ပါဝင်သည်။ ပတ္တားရားမြို့ရှိ ပြည့်တန်ဆာ လုပ်ငန်းတို့တွင် ကလေး ပြည့်တန်ဆာ (၂ဝဝဝ)ခန့် ရှိသည်။ နှစ်စဉ် ထိုလုပ်ငန်းလုပ်ကိုင်ရန် ကလေး (၉ဝဝ)ခန့် လာရောက် လုပ်ကိုင်လျှက် ရှိသည်။
ထိုင်းနိုင်ငံသည် လူကုန်ကူးမှု ဖြစ်ပွားရာ မူရင်းဒေသ၊ ကြားခံနေရာနှင့် ဦးတည်ရာ အရပ်ဒေသလည်း ဖြစ်သည်။ ထိုင်းအမျိုးသမီးများသည် အရှေ့တောင်အာရှနိုင်ငံများ၊ တောင်အာဖရိက၊ ဥရောပ၊ မြောက်အမေရိကနှင့် ၾသစေတ်းလ် နိုင်ငံများတွင် လူကုန်ကူး ခံနေကြရသည်။ ထိုင်းနိုင်ငံထဲသို့ လာရောက် ပျော်ပါးသူများသည် အရှေ့အာရှ၊ ရုရှားနှင့် ဥရောပတိုက်သားများ ဖြစ်ကြသည်။ နိုင်ငံတကာ ပြစ်မှုကျူးလွန်သည့် ဒုစရိုက်ကွန်ယက်များက ထိုင်းအမျိုးသမီးများကို လူကုန်ကူးမှု ပြုကြသည်။
(၁၉၉၇)ခုနှစ်ထိုင်းနိုင်ငံတွင် ကလေးများနှင့် အမျိုးသမီးများ လူကုန်ကူးခြင်းမှ ကာကွယ်ရေးနှင့် လူကုန်ကူးမှု တိုက်ဖျက်ရေး ဥပဒေပြဌာန်းခဲ့သည်။ ထိုပြဌာန်းချက်တွင် အသက်(၁၅)နှစ်အောက် ကလေးငယ်များအား လိင်မှုဆိုင်ရာ အမြတ်ထုတ်ပါက ထောင်ဒဏ် (၅)နှစ်မှ (၁၅)နှစ်အထိ ပြစ်ဒဏ် ချမှတ်ပေးကာ ငွေဒဏ်ပါ ကျခံရမည်ဖြစ်သည်။
ကမ္ဘောဒီးယားနိုင်ငံတွင် ကလေးများလိင်မှုဆိုင်ရာ အမြတ်ထုတ်ခံရသူ သုံးသောင်းခန့် ရှိနေသည်။ အသက်(၅)နှစ်ခန့် ငယ်ရွယ်သူများပင် လိင်ကျွန်ပြု ကျင့်ခြင်းခံနေရသည်။ ထိုနိုင်ငံအတွင်းရှိ တရားမဝင်နေထိုင်သူများသည် ထိုလိင်မှုဆိုင်ရာ အမြတ်ထုတ်ခံရရန် ဆွဲအားကောင်းတစ်ခု ဖြစ်စေသည်။ (၂ဝဝ၄) ခုနှစ်စာရင်းဇယားများအရ ထိုနိုင်ငံအတွင်းရှိ ပြည့်တန်ဆာများအားလုံး၏ သုံးပုံတစ်ပုံသည် ကလေးများဖြစ်သည်ဟုဖော်ပြထားသည်။
မဲခေါင်ဒေသအတွင်း အရှေ့တောင်အာရှ နိုင်ငံများရှိ ပြည့်တန်ဆာများ၏ အသက်များသည် (၁၂)နှစ်မှ (၁၇)နှစ်ကြား ရှိသူများဖြစ်သည်။ ကမ္ဘာတစ်ဝှမ်းလုံးရှိ ကလေးနှစ်သန်းကျော်သည် လိင်လုပ်ငန်းတွင် သားကောင်အဖြစ် စတေးခံနေရသည်။ ထိုကလေးများသည် မိသားစုများ၏ ရောင်းစားခြင်းခံရသူများ၊ မိသားစုဝင်များ၏ အကြွေးကို ပေးဆပ်နေရသူများ၊ မိသားစု အပိုဝင်ငွေရရန် စတေးခံနေရသူများ၊ ပြန်ပေးဆွဲခံရသူများ(သို့) အနိုင်ကျင့်ခံရပြီး ပြည့်တန်ဆာ လုပ်နေရသူများ ဖြစ်ကြသည်။ ထိုကလေးများသည် လိင်မှတစ်ဆင့် ကူးစက်သည့် ရောဂါ ကူးစက်ပြန့်ပွားနိုင်သည့် အခြေအနေမျိုးနှင့် ရင်ဆိုင်နေရသည်။ ထိုကလေးများသည် ပြည့်တန်ဆာအဖြစ် လုပ်ရခြင်းအပြင် ၄င်းတို့အသိုင်းအဝိုင်း၏ စွန့်ပစ်ခြင်း၊ ခပ်ခွာခွာ ဆက်ဆံခံရခြင်း တို့ကြောင့် ခိုကိုးရာမဲ့ဘဝအဖြစ်နှင့် နေနေကြရသည်။
ကလေးငယ်များအား ပြည့်တန်ဆာ ပြုမူမှုသည် ကလေးများ၏ အခွင့်အရေးကို စိန်ခေါ်နေသည့် ကလေးလူကုန်ကူးမှု၏ ကြောက်မက်ဖွယ်ရာ အသွင်သဏ္ဌာန် တစ်ခု ဖြစ်နေသည်။ (၂ဝဝ၉)ခုနှစ် အတွင်း မြန်မာနိုင်ငံအတွင်း ဖြစ်ပွားသော လူကုန်ကူးမှုအမှုများတွင် ကယ်တင်ခံရသည့် လူကုန်ကူးခံရသူ (၃ဝ၂)ဦး အနက်မှ ကလေးငယ်များ ပါဝင်မှုသည် ၂ဝ.၅% (၆၂)ဦး ရှိသည်။ အခြားနိုင်ငံများမှ ပြန်လည် လွှဲပြောင်းလက်ခံရသူ (လူကုန်ကူးခြင်းခံခဲ့ရသူ) Victims (၄၃၁)ဦး အနက် ၁ဝ% ခန့် (၄၃)ဦးသည် ကလေးသူငယ်များ ဖြစ်နေသည်။ ထို့ကြောင့် ကလေးသူငယ် လူကုန်ကူးမှုသည်လည်း ယခင်နှစ်များထက် မြန်မာနိုင်ငံတွင် သိသိသာသာ ထင်ရှားလာသည်။ သို့ပါ၍ ကလေးငယ်များ လူကုန်ကူးမှုနှင့် ကလေးများနှင့် ပျော်ပါးလိုသော နိုင်ငံခြားသား ခရီးသွားလာမှုများကို စောင့်ကြည့် ကာကွယ်ရေး အသိပညာပေးမှုများ လိုအပ်နေပြီဟု ဆိုရပေမည်။
ဝင်းနိုင်ထွန်း