23 August 2010

နေပြည်တော်ပျဉ်းမနားမြို့တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ကုက္ကိုပင်လဲကျ၍ အိပ်ပျော်နေသည့် မိသားစုသုံးဦးစလုံး သေဆုံး



နေပြည်တော်ပျဉ်းမနားမြို့တွင် သြဂုတ်လ ၂၂ ရက် နံနက် ၃ နာရီခန့်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရွှေချီရပ်ကွက်၊ ဗိုလ်သန်းတင်လမ်း(ပဲလှော်လမ်း)ရှိ သက်တမ်းရင့် ကုက္ကိုပင်ကြီးတစ်ပင်သည် အနီးရှိ အိမ်တစ်အိမ်ပေါ်သို့ ပြိုလဲခဲ့သောကြောင့် ယင်းအိမ်မှ အိပ်ပျော်နေသည့် မိသားစုဝင်သုံးဦး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

သြဂုတ်လ ၂၂ ရက်နေ့ နံနက် ၁း၃၀ နာရီခန့်အချိန်တွင် စတင်ရွာသွန်းခဲ့သော မိုးနှင့်အတူ အဆိုပါ သက်တမ်းရင့် ကုက္ကိုပင်ကြီး အမြစ်မှပြိုလဲကျပြီး သေဆုံးသူ ဦးတင်လှ၏ နေအိမ်သို့ပိကာ (၎င်းအပါအ၀င် ဇနီးဖြစ်သူ ဒေါ်ခင်တုတ်နှင့် သား ဖြစ်သူ မောင်ဇော်)မိသားစုဝင် သုံးဦးစလုံး သေဆုံးခဲ့ကြောင်း သိရှိရပါသည်။

''ဒီအဖြစ်အပျက်ကတော့ ကျွန်တော်တို့အနေနဲ့ တအံ့တသြ ဖြစ်မိတယ်။ အဲဒီညကဆိုရင် ကျွန်တော်တို့ ဘောလုံးပွဲကြည့်ပြီး ၁ နာရီထိုးလောက် မိုးစရွာတဲ့အချိန်ပဲ ဘောလုံးပွဲပြီးတာနဲ့အိပ်လိုက်တာ ၀ုန်းကနဲ အသံကြားတာနဲ့ တစ်ရပ်ကွက် လုံး အထိတ်တလန့် ထွက်ကြည့်တော့ ဒီကုက္ကိုပင်ကြီးက အမြစ်ကနေလဲပြီး ဦးတင်လှ အိမ်ကိုပိနေတာတွေ့ရတယ်။ ရပ်ကွက်က လူငယ်တွေ ၀ိုင်းပြီးဝင်ကြည့်ကြတော့ မိသားစုဝင်သုံးဦးစလုံး သစ်ပင်ပိ သေဆုံးနေတာ တွေ့တာနဲ့ သက်ဆိုင်ရာ ကို အကြောင်းကြားခဲ့ပါတယ်''ဟု နေပြည်တော်ပျဉ်းမနား ရွှေချီရပ်ကွက် ဒေသခံတစ်ဦးက ပြောပါသည်။

အဆိုပါ ဖြစ်စဉ်အား နေပြည်တော်ပျဉ်းမနားမြို့နယ် ရဲစခန်းမှ သေမှုသေခင်း အမှတ်စဉ် ၃၀/၂၀၁၀ ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သိရှိရပါသည်ဟု eleven ဂျာနယ်တွင်ဖော်ပြပါရှိသည်.။