22 August 2010

နိုင်ငံရေးအကျဉ်းသားများအား လုံလောက်သည့် ဆေးကုသခွင့်မပေးမှုအပေါ် အေအေပီပီမှ ကန့်ကွက်

သတင်းထုတ်ပြန်ကြေငြာချက်။

ရက်စွဲ။ ၂၀၁၀ ခုနှစ် သြဂုတ်လ ၂၁ ရက်



နိုင်ငံရေးအကျဉ်းသားများအား လုံလောက်သည့် ဆေးကုသခွင့်မပေးမှုအပေါ် အေအေပီပီမှ ကန့်ကွက်


မြန်မာနိုင်ငံ၊ စစ်ကိုင်းတိုင်း ခန္တီးအကျဉ်းထောင်တွင် ထောင်ဒဏ် ၅ နှစ် အကျဉ်းကျခံနေရသော ကိုမျိုးမင်းဝေသည် အတွင်း လိပ်ခေါင်းရောဂါ အပြင်းထန်ခံစားနေရသော်လည်း ဆေးကုသခွင့်မရရှိကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (မြန်မာနိုင်ငံ) (အေအေပီပီဘီ) မှ ကြားသိရပါသည်။

ကိုမျိုးမင်းဝေသည် မြန်မာနိုင်ငံတွင် နာဂစ်မုန်တိုင်းတိုက်ခတ်ပြီး လူမှုရေးကူညီဆောင်ရွက်မှုများပြုလုပ်နေစဉ် အဖမ်းခံခဲ့ရပြီး ထောင်ဒဏ် ၅ နှစ် အပြစ်ဒဏ်ချမှတ်ခြင်းခံခဲ့ရကာ ၂၀၀၉ ခုနှစ် မတ်လက အတွင်းလိပ်ခေါင်းရောဂါဖြစ်နေ၍ ခွဲစိတ်ရန် လိုအပ်သည့်ကြားမှ နယ်ဝေးထောင်သို့ ပြောင်းရေ့ခံခဲ့ရခြင်းဖြစ်သည်။ ယခုလ ၁၀ ရက်နေ့က ခန္တီးထောင်တွင် ကိုမျိုးမင်းဝေ ကို ထောင်ဝင်စာတွေ့ပြီးပြန်လာသူ ဖခင်ဖြစ်သူ ဦးတင်လှက ကိုမျိုးဝင်းဝေသည် အတွင်းလိပ်ခေါင်းရောဂါ ခံစားနေရသဖြင့် ထမင်းမစားနိုင်ဘဲ အရေးပေါ်ခွဲစိတ်ကုသရန် လိုအပ်နေကြောင်း၊ လိပ်ခေါင်းဝေဒနာကြောင့် ၅ ရက်ကျော်ကြာ အစာမစားနိုင် ၀မ်းမသွားနိုင်ဖြစ်နေပြီး ရေသာသောက်နေရကြောင်း သတင်းဌာနများသို့ပြောကြားခဲ့သည်

ခန္တီးထောင်ဆရာဝန်က ကိုမျိုးဝင်းဝေကို အရေးပေါ်ခွဲစိတ်ရန် လိုအပ်ကြောင်း ထောင်အာဏာပိုင်များအား တင်ပြခဲ့သော်လည်း ထောင်အာဏာပိုင်များက အထက်ကိုတင်ပြထားသည်ဟုသာ တုံ့ပြန်ပြောဆိုခဲ့ကြောင်း၊ ယခုလ ၁၂ ရက်နေ့က သားဖြစ်သူအား အမြန်ဆုံး ဆေးကုသပေးရန် သက်ဆိုင်ရာ အက်စ်ဘီနှင့် စရဖအဖွဲ့ကို တိုင်ကြားခဲ့သော်လည်း အထက်ကိုတင်ပြပေးမည်ဟုသာ ဖြေကြားခဲ့သည်ဟု ဦးတင်လှမှပြောကြားခဲ့ကြောင်း သိရှိရပါသည်။ ထို့အပြင် ခန္တီးထောင်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ရခိုင်ပြည်နယ်၊ ဂွမြို့နယ် ပြည်သူ့လွတ်တော် ကိုယ်စားလှယ် ဦးညီပုသည်လည်း အောက်ပိုင်းသေသည့်ဝေဒနာခံစားနေရပြီး ထိရောက်သောဆေးကုသခံယူမှုမရရှိကြောင်း၊ ခရမ်းမြို့နယ်မှ ပဲပြုတ်(ခေါ်) ကိုဝင်းမြင့်မောင် မှာလည်း ငှက်ဖျားရောဂါဖြစ်နေပြီး အိပ်ယာထဲလဲနေကြောင်း၊ ရန်ကုန်တိုင်း အင်းစိန်ထောင်တွင်လည်း ပုဒ်မ ၁၃(၁)၊ ၁၇(၁) တို့ဖြင့် ပြစ်ဒဏ် ၁၃ နှစ် ကျခံနေရသူ မဥမ္မာမြင့် သည်လည်း အစာအိမ်ရောဂါဖြင့် အင်းစိန်မြို့နယ် ပြည်သူ့ဆေးရုံသို့တင်ပို့ကုသ ခံယူရကြောင်း သိရှိရပါသည်။ မဥမ္မာမြင့်အား ဆေးရုံတင်ထားရသည်မှာ ၅ ရက်ခန့်ရှိပြီ ဖြစ်သော်လည်း ယခုအချိန်အထိ ဝေဒနာသက်သာလာခြင်း မရှိသေးကြောင်း သိရှိရပါသည်။

အေအေပီပီ အတွင်းရေးမှူးဖြစ်သူ ကိုတိတ်နိုင်မှ “နိုင်ငံရေးအကျဉ်းသားတွေ ကျန်းမာရေးဆိုးပြီဆိုရင် ထုံးစံအားဖြင့်တော့ အာာပိုင်တွေက လျစ်လျူရှုနေတာများပါတယ်။ ထောင်အာာပိုင်က လုံလောက်တဲ့ဆေးကုသမှုမပေးဘူး၊ မိသားစုတွေက သူတို့တာဝန်ယူကုပါရစေ လိုအပ်တဲ့ဆေးတွေ ၀ယ်ပေးပါရစေဆိုရင်လည်း ခွင့်မပြုဘူး၊ အပြင်ဆေးရုံထုတ်ကုဖို့လိုအပ်လာရင်လည်း ထောင်ဆရာဝန်၊ ထောင်အာာပိုင်တွေရဲ့ ထောက်ခံချက်ရရင်တောင်မှ ထောက်လှမ်းရေး၊ ညန်မှူး ညန်ချုပ် အဆင့်ဆင့်ရဲ့ခွင့်ပြုချက်ရမှ ပြင်ပဆေးရုံတင်လို့ရပါတယ်။ ဒီလိုခွင့်ပြုချက်ရဖို့ကိုလဲ အချိန်တော်တော်ကြာအောင်စောင့်ရတယ်။ အဲဒီလို နှောင့်နှေးမှုကြောင့် ၁၉၈၈ ကစပြီး ခုချိန်အထိ နိုင်ငံရေးအကျဉ်းသားပေါင်း ၁၄၄ ယောက် အသက်မဆုံးသင့်ပဲ ဆုံးခဲ့ကြရပြီးပြီ။ အဲဒီလို မဖြစ်သင့်တဲ့ကိစ္စတွေကို ရပ်တန်းကရပ်ပြီး လူကိုလူလိုသဘောထားပြီး လုံလောက်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုအချိန်မီပေးဖို့ လိုအပ်နေပြီ” ဟု ပြောကြားလိုက်ပါသည်။

မြန်မာနိုင်ငံအကျဉ်းထောင်များအတွင်း ကျန်းမာရေးဆိုးဝါးနေသူ နိုင်ငံရေးအကျဉ်းသား ၁၄၀ ယောက်ရှိနေသော်လည်း သင့်တော်သည့် ဆေးဝါးကုသခွင့် မရကြသည့်အပြင် မိသားစုနှင့်ဝေးကွာလှသော ထောင်များသို့ ပို့ဆောင်ခံထားရပါသည်။ အေအေပီပီမှ ကျန်းမာရေးဆိုးဝါးသော နိုင်ငံရေးအကျဉ်းသားများအား မိသားစုနှင့်နီးသော ထောင်များသို့ပြောင်းရေ့ကာ သင့်တော် လုံလောက်သော ဆေးကုသမှုများ စီစဉ်ဆောင်ရွက်ပေးပါရန် နိင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီအား တိုက်တွန်းတောင်းဆို လိုက်ပါသည်။


နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ)


အသေးစိတ်သိလိုပါက ဆက်သွယ်ရန် -


ကိုတိတ်နိုင်။ ။ အတွင်းရေးမှူး ၆၆ (၀) ၈၁ ၂၈၇ ၈၇၅၁


ကိုဘိုကြည်။ ။ တွဲဖက်အတွင်းရေးမှူး ၆၆ (၀) ၈၁ ၉၆၂ ၈၇၁၃