26 August 2010

ဒီမိုကရက်တစ်ပါတီကို စာပေစိစစ်ရေးဌာနက ကျပ်ငွေနှစ်သိန်း ဒဏ်ရိုက်လိုက်ခြင်း


“ကဒေါင်း ”စာလုံးကကြီးပြီး “ဒီမိုကရက်တစ်ပါတီ ” စာလုံးကသေးလို့ဒဏ်ငွေ ရသောင်းပါ

ဒီမိုကရက်တစ်ပါတီ (မြန်မာပြည်) မန္တလေးတိုင်းက ထုတ်ဝေတဲ့ ''ကဒေါင်း ရွေးကောက်ပွဲဂျာနယ်'' မှာ ဖေါ်ပြခဲ့တဲ့ ''ကလိမ်ကကျစ်'' ဆိုတဲ့စကားလုံးကြောင့် နိုင်ငံရေးပါတီများ စာပေထုတ်ဝေခွင့် စိစစ်ရေးဌာနက ဒီမိုကရက်တစ်ပါတီကို ကျပ်ငွေနှစ်သိန်း ဒဏ်ရိုက်လိုက်ပါတယ်။

ဒီမိုကရက်တစ်ပါတီ ဥက္ကဌ ဦးသုဝေရှင်းပြရာမှာ တော့ ကြံ့ခိုင်ဖြွံ့ဖိုးရေးအသင်းကနေ ကြံ့ဖွံ့ပါတီ ကို ပြောင်းတဲ့ကိစ္စမှာ သူ့အနေနဲ့ဒါဟာ ကလိမ် ကကျစ်ကျသလို ဖြစ်နေတယ်လို့ပြောလိုက်တာ ကို စာစောင်ထဲဖေါ်ပြမိတဲ့အတွက် ဒဏ်ရိုက် လိုက်တာလို့ ဆိုပါတယ်။

ဒါ့အပြင် ဂျာနယ်ခေါင်းစီး ''ကဒေါင်း'' စာလုံးက ကြီးနေပြီး၊ ''ဒီမိုကရက်တစ်ပါတီ'' ဆိုတဲ့ စကားလုံးက သေးနေတဲ့အတွက်လည်း ကျပ်ငွေ ၇ သောင်း ဒဏ်တပ်တယ်လို့လည်း ဆိုပါတယ်။

ဒါပေမယ့်လည်း ပထမအကြိမ်ဖြစ်တာရယ်၊ ပါတီမှာလည်းငွေမရှိတာကြောင့် ပါတီကနေ တောင်းပန်လိုက်တဲ့အတွက် ဆိုင်းငံငွေဒဏ် အဖြစ် လက်မှတ်ထိုးပေးခဲ့ရပါတယ်။

နောက်တခါ စည်းကမ်းချိုးဖောက်ရင်တော့ အခုဆိုင်းငံ့ဒဏ်ငွေရော၊ နောက်ထပ်ဒဏ်ငွေ ကိုပါ တပေါင်းထဲပေးဆောင်ရမှာ ဖြစ်ပါတယ်။

နောက်ပြီး ဂျာနယ်ဆိုတဲ့ စကားလုံးကို မသုံးဖို့သတိပေးခံရတယ်လို့လည်း ဦးသုဝေက ပြောပါတယ်။

နိုင်ငံရေးပါတီစာစောင်ထုတ်ဝေရာမှာ အခုလိုအကန့်အသတ်တွေရှိနေသလို ရိုက်နှိပ်ရေး မှာလည်း နိုင်ငံရေးစာစောင်တွေ ဖြစ်တဲ့အတွက်ပုံနှိပ်တိုက်တွေက မရိုက်ပေးရဲပဲ ဖြစ်နေ တယ်လို့ သိရပါတယ်။

သတင်းရင်းမြစ်..ဘီဘီစီ