တို့ဗမာအစည်းအရုံးခေတ်က သခင်အောင်ဆန်း
သခင်တင်မောင် (ကျုံးမငေး)
သခင်တင်မောင် (ကျုံးမငေး)
(ဤဆောင်းပါးရှင် သခင်တင်မောင် (ကျုံးမငေး)မှာ ဗိုလ်ချုပ်အောင်ဆန်းကို ဆုငွေ ၅ိ ထုတ်စဉ်က ဗိုလ်ချုပ်နှင့်အတူ တရားဟောခဲ့သူ ဖြစ်သည်။)
ဗိုလ်ချုပ်အောင်ဆန်း အထွဋ်အထိပ် ရောက်လာပြီးနောက်၊ ဗိုလ်ချုပ်အောင်ဆန်းအကြောင်းကို တတိုင်းပြည်လုံး သိပြီးဖြစ်သော်လည်း၊ အထိဋ်အထိပ် မရောက်မီ အညတြ သခင်အောင်ဆန်းဘဝက အကြောင်းများကို သိသူ အလွန်နည်းပါးပေမည်။ သို့ကြောင့် တို့ဗမာအစည်းအရုံးခေတ် သခင်ဘဝနှင့် သခင်အောင်ဆန်း၏ မမေ့နိုင်ဘွယ်ရာ အကြောင်းကလေးများကို ရေးလိုပေသည်။
၁၃၀၀ ပြည့်နှစ်တုံးက။
၁၃၀၀ ပြည့်နှစ် အရေးတော်ပုံအတွင်း မော်လမြိုင်ညီလာခံအတွက် တို့ဗမာသခင်အပေါင်းတို့ ကိုယ့်တာဝန်နှင့်ကိုယ် အလုပ်များနေကြစဉ်၊ ကျွန်တော်မှာလည်း သခင်အောင်ဆန်း၏ သံကြိုးရိုက်ခေါ်မှုကြောင့် ရန်ကုန် ဋ္ဌာနချုပ်သို့ ရောက်ခဲ့ရပေသည်။ သခင်အောင်ဆန်းနှင့် ပဌမအကြိမ် တွေ့ဆုံရခြင်း ဖြစ်ပါသည်။ ရောက်လျှင်ရောက်ချင်း ကျွန်တော်မှာ မြောင်းမြခရိုင် ဒုတိယဥက္ကဋ္ဌဖြစ်ပြီး ပဌမဥက္ကဋ္ဌ သခင်အုံးဖေမှာ အကြောင်းမညီညွတ်၍ မလာအားသေးကြောင်း။ ကိစ္စ အဝဝကို ကျွန်တော်ပင် တာဝန်ယူမည့် အကြောင်းများကို သခင်အောင်ဆန်းအား ပြောပြသောအခါ၊ သခင်အောင်ဆန်းက “ကျုပ်တို့ အစည်းအရုံးမှာ ပဌမ အင်အားအကြီးဆုံးကတော့ ခင်ဗျားတို့ မြောင်းမြခရိုင်၊ ဒုတိယကတော့ သာယာဝတီပဲဗျ၊ ငွေရေး ကြေးရေး အတောင့်ဆုံးကတော့ ထားဝယ်ခရိုင်ပဲ၊ ဒီတော့ မော်လမြိုင်ညီလာခံ အောင်မြင်ရေးအတွက် ဒီသုံးခရိုင်ကို ပိုပြီး အားထားတာပဲ အစွမ်းကုန်သာ ကြိုးစားကြပေတော့ဗျာ” ဟု ပြောပြီး သခင်အောင်ဆန်းမှာ ရေချိုးခန်းသို့ ဝင်သွား ပါတော့သည်။ ကျွန်တော်မှာလည်း စပ်တငန့်ငန့် စောင့်နေရရာ မိနစ် ၂၀ ခန့်တွင် ထွက်လာပြီး ကဲ - ခင်ဗျားနဲ့ ကျွန်တော် ရွှေတိဂုံ သပိတ်လွှတ်တော်ကို သွားရအောင် “ဟေ့ တင်ဦး ငါ့အင်္ကျီပေးပါဦးကွ” ဟု အော်တောင်းပြီး အင်္ကျီများ ဝတ်ပါတော့သည်။ သခင်တင်ဦးမှာ ယခု အသံလွှင့်ဋ္ဌာနတွင် အလုပ်လုပ်နေပါသည်။ သခင်အောင်ဆန်း၏ ရွှေတိုက်စိုးဝန် ဖြစ်ပါသည်။ အပေါင်လက်မှတ်မှန်သမျှ သူက သိမ်းထားရပါသည်။ ၃ လပြည့်ခါနီးတွင် “ကြည့်လုပ်ကြပါဦး” ဟူသော ခေါင်းစဉ်ဖြင့် နယ်အမှုဆောင်များ မြင့်နိုင်သော နေရာတွင် ကပ်ထားရပါသည်။ နယ်အမှုဆောင်များက မနေသာသည့်အခါ ရွေးပေးခဲ့ကြရပါသည်။ သခင်အောင်ဆန်းတွင် ကိုယ်ပိုင်အဝတ်အထည် မည်မျှရှိသည်ကို အတိအကျ မသိရသော်လည်း၊ အစည်းရုံးပေါ်တွင် ရှိသမျှ သူပိုင်လိုလိုချည့် ဖြစ်ပါသည်။ တွေ့ကရာ အဝတ်အစားများကို လွယ်သလို ဆွဲဝတ်လေ့ရှိပါသည်။ အထူးသဖြင့် သခင်သန်းထွန်း၏ သေတ္တာတွင်းရှိ ပစ္စည်းများကို သူချယ်လှယ်ချင်သလို ချယ်လှယ်ပါသည်၊ သခင်သန်းထွန်းမှာ ကန်တော်ကြီးစောင်းရှိ ကုလားကျောင်းတကျောင်းတွင် ဆရာလုပ်နေသည့်အတွက် သူ့လခနှင့် သူ ဝယ်နိုင်စွမ်း ရှိပါသည်။ သခင်သန်းထွန်းသည် အရုပ်ဆိုးသလောက် အလှအနု အလွန်ကြိုက်ပါသည်။ လုံချည်များမှာ ပန်းနုရောင်၊ ဝါနုရောင်၊ ဖက်ဖူးရောင် စသော လုံချည်များ ၄ - ၅ - ၁၀ ထည်ခန့် ရှိပါသည်။ သခင်အောင်ဆန်းက ၎င်းလုံချည်များကို ခဏခဏ ယူဝတ်ပါသည်။ သခင်သန်းထွန်းမှာ သူအမြတ်တနိုးထားသော လုံချည်များကို ယူဝတ်သည့်အခါ သဘောမကျသော်လည်း ဖွင့်၍ မကန့်ကွက်ပါ။ ကွယ်ရာတွင် ‘ဒီလူတွေတော့ ဒီလိုပဲ ပါရမီ ဖြည့်နေရတယ်။ ကျုပ်ကို အနိုင်အကျင့်ဆုံး လူ နှစ်ယောက်ဟာ သူရယ် သခင်ဗဟိန်းရယ်ပဲ’ဟု ပြောပြဖူးပါသည်။ လုံချည်များကို သူဝတ်သွားလျှင်လည်း တခါဝတ် ဖြစ်ပါသည်။ သူယူဝတ်လိုက်လျှင် ဥစ္စာရှင် သခင်သန်းထွန်းက ပြန်မယူတော့ပေ။ ယူချင်လို့လည်း မကောင်းတော့ပါ၊ စွန်းထင်းပေရေပြီး ဖြစ်နေပေသည်။
သခင်အောင်ဆန်း၏ဇွဲ။
သခင်အောင်ဆန်းတွင် ချစ်စရာအကောင်ဆုံး အင်္ဂါတခုမှာ လုံ့လဝီရိယဇွဲပင် ဖြစ်ပါသည်။ ဘယ်သူတွေ ဘယ်လို စိတ်ပျက်နေနေ သူမပျက်၊ ဘယ်သူတွေ လုပ်လုပ် မလုပ်လုပ် သူလုပ်ပါသည်။ လုပ်စရာရှိလျှင် သူ့ဟာသူ လုပ်ပါသည်။ ရေးစရာ ရှိလျှင်လည်း သူ့ဟာသူ ရေးပါသည်။ အထူးဆန်းဆုံး အချက်တခုမှာ သူနှင့် သခင်သန်းထွန်း၏ (အမြင်) များ ဖြစ်ပါသည်။ နိုင်ငံရေး ပြဿနာတခုအတွက် သခင်သန်းထွန်းက သူ့အိမ်တွင် သူ ကြေညာချက်တခုကို ရေးဆွဲသည်ဆိုပါစို့။ သခင်အောင်ဆန်းက သူ့အမြင်နှင့်သူ အစည်းအရုံးတွင် ရေးဆွဲလေ့ရှိပါသည်။ ၎င်းကြေညာချက်များကို တိုက်ဆိုင်ကြည့်လိုက်သောအခါ မူချင်းမှာ တထေဝါတည်း ဖြစ်နေလေ့ရှိပေသည်။ ဤမျှအမြင်ချင်း တူသူများ ဖြစ်ကြပါသည်။ စစ်ပြီးခေတ် မဆပလမှ ကွန်မြူနစ်ကို ထုတ်ပစ်သည့် အချိန်အထိ သခင်သန်းထွန်းနှင့် သခင်အောင်ဆန်း အမြင်ချင်း အလွန်တူကြပါသည်။ နောက်ပိုင်း ကွဲကြသည်မှာ အထူးပင် ကြေကွဲ ဝမ်းနည်းဘွယ် ဖြစ်ပေသည်။ မည်သည့်အတွက် ကွဲကြသည်ကိုမူကား ဤဆောင်းပါးတွင် မဆွေးနွေးတော့ပေ။
သခင်အောင်ဆန်းသည် အလုပ်လုပ်စရာရှိလျှင် မိုးလင်းသည့်အထိ အလုပ် လုပ်တတ်ပေသည်။ မပြီးမချင်း မညည်းမညူ လုပ်လေ့ ရေးလေ့ ရှိပါသည်။ စိတ်လည်း အလွန်မြန်သည်။ အကြောင်းတခုခုကြောင့် စိတ်ညစ်လျှင် အလွန်သနားစရာ ကောင်းပေသည်။ ချစ်စရာလည်း ကောင်းပါသည်။ သို့အတွက် သခင်အောင်ဆန်း စိတ်ဆိုး စိတ်ညစ်ဖြစ်နေလျှင် အားလုံးကပင် ဝိုင်း၍ သနားချစ် ချစ်ကြပါသည်။ ဤကဲ့သို့ အဖြစ်အပျက်များကို ဒုတိယ စစ်ဖြစ်ခါနီး (ဗမာထွက်ရပ်ဂုဏ်း) ကိစ္စကို မြန်မာနိုင်ငံလုံးဆိုင်ရာ အမှုဆောင်အစည်းအဝေးတွင် ချ၍ စဉ်းစားကြသောအခါ ခဏခဏ တွေ့ရပေသည်။ ထွက်ရပ်ဂုဏ်းအရေးကို ဆန့်ကျင့်သူများနှင့် နားလည်မှု မရနိုင်ဘဲ အပြင်းအထန် ငြင်းခုံနေကြစဉ် သခင်အောင်ဆန်း၏ စိတ်ညစ်သည့် မျက်နှာထားမှာ ပြောမပြနိုင်လောက်အောင် သနားစရာ ကောင်းပေသည်။ အချို့အမှုဆောင်များမှာ သူ့ကို သနားသည်နှင့် “ကဲ - မှားရင်လည်း မှားပေစေ။ ဒီလူဟာ ဒါလောက်တော့ ညံ့မှာမဟုတ်ဘူး၊ သူစေတနာကို ကျုပ်တို့ ယုံကြည်တယ်။ သူ့ဘက်ကပဲ ကျုပ်တို့ ထောက်ခံမယ်” ဆိုပြီး ထောက်ခံကြသည်ကိုပင် တွေ့ရပါသည်။
သူ၏ စွမ်းရည်။
တနေ့တွင် ဗမာထွက်ရပ်ဂိုဏ်း အာဏာပိုင် အမှုဆောင်အစည်းအဝေးသို့ တက်ရောက်ရန် ကျောင်းသားသမဂ္ဂမှ သခင်ဗဟိန်း၊ တို့ဗမာအစည်းအရုံးမှ သခင်အောင်ဆန်း၊ သခင်လှဖေ (ယခု ဗိုလ်လက်ျာ)နှင့် ကျွန်တော်တို့ ဒေါက်တာဗမော်အိမ်သို့ သွားကြပါသည်။ အစည်းအဝေးတွင် ဗမာ့ထွက်ရပ်ဂုဏ်း ဝါဒစည်းမျဉ်းနှင့် လုပ်ငန်းစဉ်များ ရေးဆွဲရန် အဖွဲ့ငယ်တခု ဖွဲ့ရာတွင် ဒေါက်တာဗမော်က ချယ်ယာမင်၊ သခင်အောင်ဆန်းက အတွင်းရေးမှူးအဖြစ် အရွေးခံရပါသည်။ အမှုဆောင်များက ၎င်းအဖွဲ့ငယ်၏ စည်းမျဉ်းဝါဒနှင့် လုပ်ငန်းစဉ် အကြမ်းမူကို မည်သည့်နေ့တွင် တင်ပြနိုင်မည်နည်းဟု မေးရာ။ ဒေါက်တာ ဗမော်က တနင်္ဂနွေ နှစ်ပါတ်အတွင်း တင်ပြမည်ဟု ဖြေသည်ကို သခင်အောင်ဆန်းက ဒီလောက်အလုပ်ကလေးကို ဒီလောက်အချိန်ယူ လုပ်နေရင်၊ ဗမာ့လွတ်လပ်ရေးသာ ဆိုလျှင် ၁၀ နှစ်နဲ့ ပြီးနိုင်ပါတော့မလားဟု ပြောကာ “ကဲ - ခင်ဗျားတို့ လက်ဖက်ရည် သောက်နေတုံး ကျုပ်ပြီးအောင် ရေပြီး ၂ နာရီအတွင်း တင်ပြမည်” ဟုပြောကာ အခန်းထောင့်တခုသို့ ထသွားပြီး ရေးလေတော့၏။ အားလုံးလူကြီးများမှာ အံ့အားသင့်ပြီး စောင့်နေကြရပါသည်။ နှစ်နာရီခန့်အကြာတွင် အင်္ဂလိပ်လို ရေးထားသော သူအကြမ်းမူကို တင်ပြပါတော့သည်။ စကားလုံးအနည်းငယ်ကို ပြင်သည်မှတပါး အားလုံးသောအချက်များကို လက်ခံလိုက်ကြရပါသည်။ ဤတွင် လူကြီးပိုင်းက နိုင်ငံရေးသမားများသည် သခင်အောင်ဆန်း၏ ထက်မြက်ပုံ အဘက်ဘက်က အရည်အခြင်း ပြည့်စုံပုံများကို တီးတိုးချီးမွမ်း ကြပါတော့သည်။
တခါသော် ၁၉၄၀ ခုနှစ်၊ နှစ်ဦးတွင် ဗမာနိုင်ငံလုံးဆိုင်ရာ အမှုဆောင်ညီလာခံကို မန္တလေးမြို့၌ ကျင်းပနေစဉ်၊ ဆာစတက်ဖို့ကရစ်ပ်စ် ယခု ဘိလပ်ရွှေတိုက်စိုးဝန်ကြီး ဗမာပြည်သို့ ရောက်လာပါသည်။ သခင်ခေါင်းဆောင်များနှင့် တွေ့ရန် မန္တလေးသို့ လိုက်လာပါသည်။ အမှုဆောင်များနှင့် တွေ့ကြရာ၊ ဗမာနိုင်ငံရေး အခြေအနေများကို ဆွေးနွေးကြပါသည်။ ကရစ်ပ်စ်မှာ ဗမာ့ အခြေအနေနှင့် သခင်များအကြောင်းကို ဘုရင်ခံနှင့် အစိုးရအဖွဲ့ဝင်များ၏ ပြောပြချက်များကို အခြေခံထားပြီး ဆွေးနွေးဟန်တူပါသည်။ သခင်အောင်ဆန်းနှင့် သခင်သန်းထွန်းတို့က တကဲ့ အခြေအနေ အမှန်များနှင့်တကွ၊ ဗမာလွတ်လပ်ရေး ကြိုးပမ်းမှုများကို အသေးစိတ် တိတိလင်းလင်း ပြောပြကြရာ၊ ကရစ်ပ်စ်က “ကျူပ်အစက ခင်ဗျားတို့ လူငယ်တွေအပေါ်မှာ တော်တော်အထင်သေးမိတယ်။ အခု ခင်ဗျားတို့ ပြောပြတဲ့ လေးနက်တဲ့ ရည်ရွယ်ချက်၊ မွန်မြတ်တဲ့ လမ်းစဉ်တွေအတိုင်းဆိုရင် ခင်ဗျားတို့ လုပ်ငန်းစဉ်၊ ခင်ဗျားတို့ လွတ်လပ်ရေး ကြိုးပမ်းမှုဟာ တရားပါတယ်” ဟု ချီးကျူးဝန်ခံ သွားရပေသည်။ သခင်အောင်ဆန်း၏ တည်ကြည် လေးနက်သော မျက်နှာကို အစဉ်သဖြင့် စူးစူးစိုက်စိုက်ကြည့်ပြီး အကဲခတ်နေသည်ကိုလည်း သတိထားမိပါသည်။ တခါတရံ တုန်လှုပ်ခြောက်ချားခြင်း ဖြစ်တတ်သည်မှတပါး၊ မြင်တွေ့သူတိုင်းက မလေးစားဘဲ မနေနိုင်လောက်အောင် လေးနက်သော သဘောထား၊ လေးနက်သော မျက်နှာပေးနှင့် လေးနက်သော စကားလုံးများကို ပိုင်ဆိုင်သူမှာ သခင်အောင်ဆန်းပင် ဖြစ်သည်။
ငါးကျပ်တန် သခင်အောင်ဆန်း
တခါသော် ဟင်္သာတခရိုင် ညီလာခံကို ဇလွန်မြို့တွင် ကျင်းပနေပါသည်။ သခင်အောင်ဆန်းနှင့် ကျွန်တော်မှာ ဋ္ဌာနချုပ် ကိုယ်စားလှယ်အဖြစ် တက်ရောက်ရန် ဇလွန်သို့ သွားကြရပါသည်။ ညီလာခံအပြီး ရန်ကုန်သို့အပြန်တွင် ဒေါင့်ကြီးရွာ အစည်းအရုံး၏ ဘိတ်ခေါ်ချက်အရ တရားပွဲတခု ကျင်းပပါသည်။ တရားပွဲတွင် ကျွန်တော် ပထမ ဟောပါသည်။ သခင်အောင်ဆန်း အလှည့်ရောက်၍ ၁၀ မိနစ်ခန့် စကားပြောနေစဉ် ပုလိပ်အရာရှိတဦး ဝင်ရောက်လာပြီး နို့တစ်စာတခု ပေးပါသည်။ နို့တစ်စာတွင် ရာဇဝတ်ဝန်ကြီး မစ္စတာ ဇေးဗီးယားက ချင်းတောင်နယ် အကြောင်းများ နိုင်ငံရေး တရားပွဲများတွင် ထည့်မဟောရ။ ဟောလျှင် ကာကွယ်ရေး ဥပဒေအရ အရေးယူမည်ဟု ဖြစ်ပါသည်။ သခင်အောင်ဆန်းက နို့တစ်စာကို ပရိသတ်အား ဖတ်ပြပြီး၊ “ကဲ ချင်းတောင်နယ်မှာ ဘာတွေဖြစ်တယ်ဆိုတာ ခင်ဗျားတို့ သိကြရဲ့လား၊ ဒီကိစ္စကို ကျုပ်မေ့နေတယ်။ အခုနို့တစ်စာ ရောက်လာမှ သတိရတယ်။ ခင်ဗျားတို့ ချင်းတောင်နယ်အကြောင်း သိချင်ကြသလား” ဟု မေးလိုက်ရာ ပရိသတ်က “သိချင်တယ်၊ သိချင်တယ်” ဟု ဝိုင်းအော်ကြ၏။ သခင်အောင်ဆန်းလည်း ချင်းတောင်နယ် အကြောင်းကို စေ့ငှစုံလင်စွာ ဟောပြပါတော့သည်။
(၎င်းအချိန်တွင် ချင်းတောင်နယ်၌ ယခု ချင်းဝန်ကြီး ဖြစ်နေသူ ဦးဝမ်းသူမောင်မှာ နယ်ချဲ့သမားတို့၏ အနှိပ်အစက် အညှဉ်းအပန်း ခံနေရ၏ ဗမာပြည် နီုင်ငံရေး အသင်းအပင်းများမှ ယခုကဲ့သို့ နယ်ချဲ့သမားက လူနည်းစု ခေါင်းဆောင်တယောက်အား နှိပ်စက်နေသည်ကို အရေးတယူ ဆူပူဆောင်ရွက်သော အသင်းမှာ၊ တို့ဗမာအစည်းအရုံးသာ ရှိပေသည်။ တို့ဗမာ အစည်းအရုံး၏ သဘောထားမှာ လူနည်းစုအရေးကို အထူပင် ဦးစားပေးခဲ့လေသည်။)
၎င်းတရားပွဲ ပြီးလျှင် ပြီးခြင်း၊ သခင်အောင်ဆန်းနှင့် ကျွန်တော်အား ကာကွယ်ရေး ဥပဒေနှင့် ဖမ်းဆီးဝရမ်း ထုတ်လိုက်လေသည်။ ကျွန်တော်တို့ နှစ်ယောက်မှာ ဟင်္သာတမြို့ရှိ မြန်မာပုလိပ်အရာရှိကြီး တဦး၏ အကူအညီနှင့် လွတ်ထွက်လာပြီး ရန်ကုန်မြို့ ၅၃ လမ်းရှိ အိမ်တအိမ်တွင် ပုန်းနေကြလေသည်။ ၎င်းရက်အတွင်း သခင်အောင်ဆန်းအား ဖမ်းပေးလျှင် သို့မဟုတ် သတင်းပေးနိုင်လျှင် ဆုငွေ ၅ိ ပေးမည်ဟု မစ္စတာ ဇေးဗီးယားက ကျေညာလေတော့သည်။
ထိုကဲ့သို့ ပုန်းနေရစဉ်၊ တို့ဗမာအစည်းအရုံး ခေါင်ဆောင်များမှာ တကွဲတပြားစီ ဖြစ်နေကြသည်။ သခင်နု၊ သခင်သန်းထွန်း၊ သခင်ဗဟိန်း စသော သူများမှာ ထောင်ထဲတွင် ရှိကြပြီး သခင်မြ၊ သခင်လှဘော်၊ သခင်လှဖေ (ယခု ဗိုလ်လက်ျာ)၊ သခင်တင်မောင် စသည်တို့ အပြင်မှာ ကျန်ခဲ့ကြလေသည်။ ကျန်ခဲ့သော ခေါင်းဆောင်များမှာလည်း စစ်ရေးနှင့် ပတ်သက်၍ သဘောကွဲလွဲ နေကြရာ၊ သခင်အောင်ဆန်းမှာ စိတ်အတော်ပင် ပျက်နေပေသည်။ သခင်လှဖေနှင့် ကျွန်တော်မှာ စတော့ကိတ်လမ်း လူအိုရုံအနီး သခင်နုအိမ်တွင် သခင်နုဇနီး မမရီအား စောင့်ရှောက်ရင်း ထမင်းကပ်စား နေကြရပါသည်။ များမကြာမီ သခင်အောင်ဆန်း မြန်မာပြည် အပြင်ဘက်သို့ ထွက်သွားရေး ပြဿနာ ပေါ်လာပါတော့သည်။ ၎င်းကိစ္စကို သခင်လှဖေနှင့် ကျွန်တော်ပင် ကမ္မကထ ပြုနေကြရပါသည်။ ထွက်မသွားမီ တညတွင် ကျောင်းသားသမဂ္ဂ အသင်းတိုက်တွင် သခင်အောင်ဆန်း ခရီးထွက်ရေးအတွက် ဆွေးနွေးပွဲတခု လုပ်ကြပါသည်။ ၁၂ နာရီခန့်တွင် သခင်အောင်ဆန်းအား ၅၃ လမ်း တိုက်မှ မော်တော်ကားနှင့် ကျွန်တော် သွားခေါ်လာခဲ့ရပါသည်။
အစည်းအဝေး တက်ရောက်သူများမှာ ကိုကျော်ငြိမ်း (ယခု ဝန်ကြီးဟောင်း)၊ ကိုထွန်းအုံ (မြူနီစီပါယ်မင်းကြီး)၊ နဂါးနီ ကိုထွန်းအေး၊ ကိုလှမောင် (ယခု ဗိုလ်ဇေယျ တောခို)၊ သခင်ထွန်းရွှေ (နဂါးနီ) စသောသူများ ဖြစ်ပါသည်။ သခင်အောင်ဆန်းမှာ သွားခါနီးဖြစ်သည့်အလျောက် မှာစရာ စကားများကို မှာ၍ အားမရအောင် ဖြစ်နေရှာသည်။ ၁၂ နာရီမှ နံနက် ၄ နာရီခွဲထိ တယောက်တည်း စကားပြောနေ လေတော့သည်။ စကားမပြောလျှင်လည်း လုံးလုံးမပြော၊ ပြောလျှင်လည်း အိပ်နေသူကိုပင် နှိုး၍ ပြောတတ်လေသည်။
ဆောင်းပါရှည်အံ့စိုး၍ နိဂုံးချုပ်ရပေတော့မည်။ သခင်အောင်ဆန်း၏ နုစဉ်ဘဝ အဖြစ်အပျက်များကို ရေး၍ပင် ကုန်နိုင်ဘွယ် မရှိပေ။ ကျွန်တော်အဖို့တွင် အထွဋ်အထိပ် မရောက်မီက (သခင်အောင်ဆန်း) အထွဋ်အထိပ် ရောက်ပြီး (ဗိုလ်ချုပ်အောင်ဆန်း) ထက်ပင် ကြည်ညို လေးစားမိပါတော့သည်။