14 July 2010

ကိုလိုနီခေတ် မြန်မာ့နိုင်ငံရေး သမိုင်းမှ သင်ခန်းစာ တစ်ပုဒ်(သို့)နိုင်ငံတော်လုပ်ကြံမှု




၁။
၁၉၄၇ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက် နေ့၊ နံနက် ၁၀ နာရီ ၃၇ မိနစ်တွင် ရန်ကုန်မြို့ အတွင်းဝန်များ ရုံးကြီး၌ ဗိုလ်ချုပ် အောင်ဆန်း၊၀န်ကြီးများ ဖြစ်ကြသော ဒီးဒုတ် ဦးဘချို၊ သခင်မြ၊ ဦးဘ၀င်း၊ မိုင်းပွန်စော်ဘွားကြီး စပ်စံထွန်း၊ ဦးရာဇတ်နှင့် မန်းဘခိုင်၊ အတွင်းဝန် ဦးအုန်းမောင်နှင့် သက်တော်စောင့် ကိုထွေးတို့ လုပ်ကြံ သတ်ဖြတ်ခံခဲ့ ရသည်။ ဗိုလ်ချုပ် အောင်ဆန်းမှာ ဗြိတိသျှ ဘုရင်ခံ၏ အမှုဆောင် ကောင်စီ ဒုတိယဥက္ကဋ္ဌ (ဒုတိယ၀န်ကြီးချုပ်) တာဝန်ကို ထမ်းဆောင်နေချိန်ဖြစ်သည်။

မြန်မာနိုင်ငံ ဆိုင်ရာ ဗြိတိသျှ ဘုရင်ခံက လုပ်ကြံ သတ်ဖြတ်မှုကို စစ်ဆေး စီရင်ရန် ၁၉၄၇ ခုနှစ် သြဂုတ်လ ၃၀ ရက်နေ့တွင် အထူး ခုံရုံးဖွဲ့စည်းသည့် ဥပဒေ ထုတ်ပြန်ခြင်းနှင့် ၁၉၄၇ ခုနှစ် စက်တင်ဘာလ ၂၀ ရက်နေ့တွင် အထူးခုံရုံး ဖွဲ့စည်းတာဝန် ပေးအပ်ခြင်း တို့ကို စီစဉ် ဆောင်ရွက်ပေးခဲ့သည်။ အထူးခုံရုံး သည် ၁၉၄၇ ခုနှစ် စက်တင်ဘာလ ၂၄ ရက်နေ့တွင် စတင်ရုံး ထိုင်၍ ဦးစော၊ မောင်စိုး၊ သက်နှင်း၊ စိန်ကြီး(မောင်စိန်ခေါ် လှအောင်)၊ ရန်ကြီးအောင်(လှထွန်း)၊ သုခ၊ ခင်မောင်ရင်၊ မောင်နီ(ဘိုနီ ခေါ် ဂနီ)၊ မှုံကြီး(မောင်မှုန်)နှင့် ဘညွန့်တို့ (၁၀)ဦး အား တရားစွဲဆိုခြင်းနှင့် ၁၉၄၇ ခုနှစ် အောက်တိုဘာလ ၈ ရက်နေ့တွင် အမှုစတင် စစ်ဆေးခြင်းတို့ စတင် ဆောင်ရွက်ခဲ့သည်။ တရား စွဲဆိုခြင်း ခံရသူ ၁၀ ဦးအနက် ဦးစောသည် ဂဠုန်ဦးစော အဖြစ်လည်းကောင်း၊ နန်းရင်းဝန် ဦးစောအဖြစ် လည်းကောင်း ထင်ရှားခဲ့ပြီး လုပ်ကြံ သတ်ဖြတ်မှုကို စီစဉ် လှုပ်ရှားခဲ့သူ အဖြစ်လည်း ကျော်ကြားခဲ့ပါသည်။

အထူးခုံရုံး ရှေ့မှောက်တွင် ရှေ့နေချုပ်၏ မေးမြန်းချက်အား ဦးစော၏ ပြောကြားချက်များ အနက်မှ ဦးစော၏ဘ၀ ဖြစ်စဉ်နှင့် စပ်လျဉ်း၍ အောက်ပါ အတိုင်း ကောက်နုတ် ဖော်ပြအပ်ပါ သည်။ကျွန်တော် ကျောင်းမှာ ၅ တန်း အောင်ပါတယ်။ ၁၉၂၇ ခုနှစ်မှာ အောက်တန်း ရှေ့နေ စာမေးပွဲ အောင်ပါတယ်။ အဲဒီနှစ်မှာ အောက်တန်းရှေ့နေ စာမေးပွဲ နောက်ဆုံးကျင်းပခြင်း ဖြစ်ပါတယ်။ ကျွန်တော် နိုင်ငံရေးထဲ ၀င်တော့ ဂျီစီဘီအေ ၀ံသာနု အဖွဲ့ကို ၀င်ပါတယ်။ အဲဒီအဖွဲ့ကြီး ကွဲသွားတော့ ၂၁ ဦးအဖွဲ့ မှာပါပါတယ်။ ၁၉၂၂ ခုနှစ်မှာပါ။ ၁၉၃၆ ခုနှစ် ရွေးကောက်ပွဲများ မတိုင်မီ မှာ ၂၁ ဦး အဖွဲ့နဲ့ အခြား နိုင်ငံရေး အဖွဲ့ အစည်းများ ပူးပေါင်းကြပြီး ငါးပွင့်ဆိုင် အဖွဲ့ဖွဲ့ကြပါတယ်။ မျိုးချစ် ပါတီကို ၁၉၃၈ ခုနှစ်မှာ တည်ထောင်ပါတယ်။ ကျွန်တော့်ကို မျိုးချစ်ပါတီက ပထမဆုံး ခေါင်းဆောင်တင်မြောက်ပါတယ်။ မျိုးချစ်ပါတီဟာ သီးခြား ပါတီပါ။ ငါး ပွင့်ဆိုင်နှင့်မဆိုင်ပါ။ အဲဒီ အချိန်လောက် ကျတော့ ငါးပွင့်ဆိုင် အဖွဲ့လည်း ကွဲပါပြီ။

၁၉၂၇ ခုနှစ်မှာ ကျွန်တော် ဥပဒေ ပြုလွှတ်တော်ကို ပထမဆုံးအကြိမ် ရွေးကောက် တင်မြောက်ခြင်း ခံရပါတယ်။ သာယာဝတီ တောင်ပိုင်း မဲဆန္ဒ နယ်က တက်ပါတယ်။ ဗမာပြည်နဲ့ အိန္ဒိယပြည် ခွဲရေးတွဲရေး ပြဿနာကို အခြေခံတဲ့ရွေးကောက်ပွဲကြီးမှာ ကျွန်တော် သာယာဝတီ တောင်ပိုင်းကပဲ ယှဉ်ပြိုင် အရွေးခံပါတယ်။ သို့ပေမယ့် ရှုံးနိမ့်ခဲ့ပါတယ်။ နောက် ၁၀လလောက် ကြာတော့ ဟင်္သာတ မြောက်ပိုင်း မှာ အရွေးခံရပါတယ်။
နန်းရင်းဝန် ဖြစ်ပြီး ၁၉၄၁ခုနှစ်မှာ လန်ဒန် သွားခဲ့ပြီး အပြန် စစ်အတွင်းက ကျွန်တော့်ကို ယူဂန်ဒါ နိုင်ငံမှာ ဖမ်းဆီး ထားခဲ့ပါတယ်။ ဘာကြောင့် ဖမ်းဆီးကြတယ် ဆိုတာ မသိပါ။ ရန်ကုန်ပြန်ရောက် ပြီး ၁၉၄၆ ခုနှစ်၊ မေလလောက်မှာ မျိုးချစ် ပါတီကို ပြန်လည်ဖွဲ့စည်းဖို့ ကျွန်တော် ကြိုးပမ်းပါတယ်။ အဲဒီလမှာ စည်းဝေးကြပြီး အမှုဆောင် ကော်မတီဖွဲ့ပါတယ်။ ကော်မတီမှာ ၁၉ ယောက် ပါဝင်ပါတယ်။ ၁၉၄၆ ခုနှစ် စက်တင်ဘာလမှာ ကျွန်တော် ဘုရင်ခံ အမှုဆောင် အဖွဲ့ဝင်တစ်ယောက် ဖြစ်လာပါတယ်။

ကျွန်တော့်ကိုယ် ကျွန်တော် ဂဠုန် စစ်သူကြီးလို့ ဘွဲ့ခံတာ ၁၉၃၆ ခုနှစ်ထဲမှာ ဖြစ်ပါလိမ့်မယ်။ ဂဠုန် အပျော်တမ်း တပ်ဖွဲ့ရဲ့ ဗိုလ်ချုပ်ဆိုတဲ့ အဓိပ္ပာယ်ပါ။ ယူဂန်ဒါက ပြန်လာတော့ ပါတီကိုသာ အဓိကထားပြီး စည်းရုံးနေရလို့ ဂဠုန် တပ်ဖွဲ့ကို ပြန်မဖွဲ့နိုင်ပါ။ သာယာဝတီနယ်သား ပြည့်စုံ ကြွယ်ဝလှသည် မဟုတ်သော ၅ တန်း သာ အောင်မြင်ကာ အောက်တန်းရှေ့နေ လက်မှတ်သာ ရသည့် ဦးစောသည် ဗြိတိသျှ အစိုးရခေတ် နိုင်ငံရပ်ခြားမှ ဘွဲ့ရများ၊ ၀တ်လုံများ၊ တက္ကသိုလ်မှ ဘွဲ့ရများနှင့် အင်္ဂလိပ်စာ ရေးနိုင်ပြော နိုင်သူများ ကြားတွင် နိုင်ငံရေး နယ်ပယ်သို့ ခက်ခက်ခဲခဲ ထိုးဖောက် ၀င်ရောက်ခဲ့သည်။

ဟင်္သာတ မြောက်ပိုင်း မဲဆန္ဒနယ်မှ အောက်လွှတ်တော် အမတ်အဖြစ် အရွေးချယ် ခံရပြီးနောက် မြန်မာနိုင်ငံအား အိန္ဒိယ အင်ပါယာမှ ခွဲထုတ်၍ ကိုယ်ပိုင်အုပ်ချုပ်ရေး စနစ်သစ် စမ်းသပ်ကျင့်သုံးချိန် ၁၉၃၇ ခုနှစ် ဧပြီလတွင် ဒေါက်တာဘမော် ဦးဆောင်၍ ညွန့်ပေါင်း အစိုးရ ဖွဲ့နိုင်ခဲ့ပြီး ဦးစောက လွှတ်တော်တွင် အတိုက်အခံ ခေါင်းဆောင် အဖြစ် လှုပ်ရှားခဲ့သည်။ ၁၉၃၈ ခုနှစ်တွင် ၁၃၀၀ ပြည့် အရေးတော်ပုံ ဖြစ်ပွားပြီး မြန်မာပြည်သူများ၏ နယ်ချဲ့ ဆန့်ကျင်ရေး အရှိန်အဟုန်မြင့်မားလာခဲ့ ၍ ၁၉၃၈ ခုနှစ် ဖေဖော်ဝါရီလတွင် ဒေါက်တာ ဘမော်၏ ညွန့်ပေါင်းအစိုးရ အား လွှတ်တော်တွင် ဦးစောက အယုံ အကြည်မရှိ အဆိုတင်သွင်းပြီး ဖြုတ်ချ နိုင်ခဲ့သည်။ ၁၉၃၉ ခုနှစ်ဆန်းတွင် နန်းရင်းဝန် အဖြစ် ဦးပုဖြစ်လာပြီး အစိုးရ အဖွဲ့ကို ခေါင်းဆောင်ကာ ဦးစောသည် လယ်ယာနှင့်သစ်တောဝန်ကြီး ဖြစ်လာ သည်။ ၀န်ကြီးဖြစ်လာပြီးနောက် ဦးစောသည် မျိုးချစ် ပါတီအား တောင့် တင်းအောင် ဖွဲ့စည်းပြီး အစိုးရအဖွဲ့တွင် မျိုးချစ်ပါတီဝင် များကို ရအောင်သွင်း၍ လွှတ်တော် အပါအ၀င် အဘက်ဘက်တွင် စည်းရုံးမှု၊ အင်အားစုစည်းမှုတို့ကို အစဉ်တစိုက် ပြုလုပ်ခဲ့သည်။

၁၉၄၀ ပြည့်နှစ် စက်တင်ဘာလတွင် ဦးပု၏ အစိုးရ အဖွဲ့အား တစ်ဖက်လှည့်ဖြင့် အယုံအကြည် မရှိကြောင်း အဆိုကို တင်သွင်းစေပြီး အစိုးရအဖွဲ့မှ နုတ် ထွက်ခဲ့သည်။ အစိုးရအဖွဲ့မှ နုတ်ထွက်ပြီး နာရီဝက် အတွင်း၌ပင် အယုံအကြည် မရှိ အဆိုကို ထောက်ခံမဲ ပေး၍ ဦးပု အစိုးရ ပြုတ်ကျကာ ဦးစော နန်းရင်းဝန် ဖြစ်လာသည်။နန်းရင်းဝန်အဖြစ် ဦးစောသည် ဗြိတိသျှ ဘုရင်ခံ အပါအ၀င် ဗြိတိသျှ အစိုးရ အရာရှိများဖြင့် သင့်တင့်အောင်ပေါင်း သင်းဆက်ဆံခြင်း၊ အတိုက်အခံများအား ဖြိုခွင်းခြင်း၊ တို့ဗမာ အစည်းအရုံးများမှ သခင် ခေါင်းဆောင်များအား နှိမ်နင်းခြင်း၊ ဗြိတိသျှ ဘုရင်ခံနှင့် အပေးအယူ လုပ်ဆက်ဆံပြီး နန်းရင်းဝန် သက်တမ်း ရှည်ရန် ရွေးကောက်ပွဲအား ရွှေ့ဆိုင်း ခြင်း၊ ရှေးမြန်မာ ဘုရင်များနှယ် လယ်ထွန် မင်္ဂလာပွဲ ခင်းကျင်းခြင်း၊ ဗြိတိသျှ ဘုရင်ခံနှင့် ညှိနှိုင်း၍ ဗြိတိသျှနန်းရင်း ၀န် မစ္စတာချာချီနှင့် သွားရောက် တွေ့ဆုံပြီး မြန်မာနိုင်ငံအား ကိုယ်ပိုင် အုပ်ချုပ်ရေး(Dominion) တောင်းဆိုရေး အတွက် ၁၉၄၁ ခုနှစ် စက်တင်ဘာလတွင် ဗြိတိန်နိုင်ငံ လန်ဒန်မြို့သို့ သွားရောက်ခြင်းတို့ ပြုလုပ်ခဲ့သည်။ လန်ဒန်သို့ ဦးစော သွားရောက်စဉ်က အတွင်းဝန် ဦးတင်ထွဋ်လည်း လိုက်ပါခွင့်ရခဲ့သည်။

ဗြိတိန် နိုင်ငံတွင် ဗြိတိသျှ နန်းရင်းဝန် မစ္စာချာချီနှင့် မြန်မာ နန်းရင်းဝန် ဦးစောတို့ တွေ့ရာတွင် မစ္စတာချာချီက ဗြိတိန်အနေဖြင့် လောလောဆယ် ဒုတိယကမ္ဘာစစ် အောင်နိုင်ရေး လုံးပမ်းနေ၍ စစ်ပြီးမှ မြန်မာ့အရေး စဉ်းစား ပေးပါမည်” ဟုသာ အဖြေစကား ပေးလိုက်၍ ဦးစောလည်း ဗြိတိန်မှ အမေရိကန် သို့ ခရီးတစ်ထောက်နားပြီး မြန်မာ နိုင်ငံသို့ ပြန်ခဲ့သည်။ ပါလက်စတိုင်း နိုင်ငံ ဟိုင်ဖာမြို့အရောက်တွင် အပြန် လမ်းခရီး လစ်စ်ဘွန်းမြို့ရောက်ရှိစဉ်က ဂျပန်သံရုံးသို့ သွားရောက်ဆက်သွယ်မှု အတွက် ဗြိတိသျှတို့က ထိန်းသိမ်း လိုက်ပြီး ယူဂန်ဒါနိုင်ငံတွင် အကျယ် ချုပ်ဖြင့် လေးနှစ်ခန့်ကြာ ထိန်းသိမ်း ထားခဲ့သည်။ ဗြိတိသျှတို့သည် ဦးစော အား တစ်လကျော်ခန့် လျှို့ဝှက် ထိန်း သိမ်းထားပြီးမှ ၁၉၄၂ ခု နှစ် ဇန်န၀ါရီ ၁၈ ရက်နေ့တွင် ထိန်းသိမ်းထား ကြောင်းနှင့် မြန်မာနိုင်ငံသို့ ပြန်ခွင့် မပြုသေးကြောင်း ကြေညာခဲ့သည်။ နန်းရင်းဝန်ဘ၀မှ အကျယ်ချုပ်ခံ အကျဉ်းသား ဘ၀ ရောက်ခဲ့ရသော ဦးစောသည်လည်း မြန်မာ နိုင်ငံရေး လှုပ်ရှားမှုနှင့် လွတ်လပ်ရေးကြိုးပမ်းမှု တို့ဖြင့် မျက်ခြည်ပြတ်ခဲ့ရသည်။

၂။
၁၉၃၀ ပြည့်နှစ် အောက်တိုဘာလ ၂၈ ရက်နေ့တွင် သာယာဝတီ နယ်မှ စတင်၍ ဂဠုန်ဆရာစံ ဦးဆောင်သည့် တောင်သူလယ်သမား အရေးတော်ပုံ ဖြစ်ပွားခဲ့သည်။ တောင်သူလယ်သမား တို့၏ လက်နက်ကိုင် ဗြိတိသျှနယ်ချဲ့ ဆန့်ကျင်ရေး အရှိန်အဟုန်မှာ သာယာဝတီနယ်မှ မြန်မာနိုင်ငံ အနှံ့ အပြားသို့ ကူးစက်ခဲ့သည်။ ဗြိတိသျှ အစိုးရသည် တောင်သူလယ်သမားတို့ ၏ လက်နက်ကိုင်ဆန့်ကျင်မှုအား စစ်သည်နှင့်လက်နက်အင်အား ကြီးမား စွာသုံးစွဲ၍ ခြေမှုန်းခဲ့ရသည်။ ဦးစောသည် တောင်သူလယ်သမား အရေးတော်ပုံ ဖြစ်ရပ်စုံအား ဓာတ်ပုံ မှတ်တမ်းများ နှင့် ဗြိတိသျှတို့၏ ရက်စက်စွာ နှိမ်နင်းမှု တို့နှင့်အတူ ဂဠုန်အရေးတော်ပုံအမည် ဖြင့် စာအုပ်ပြုစုဖြန့်ဝေခဲ့သည်။ ဦးစော သည် ဂဠုန်အရေးတော်ပုံ စာအုပ်အား မြန်မာနိုင်ငံတွင်းမှာသာမက နိုင်ငံတကာ သို့ပါအစီအစဉ်တကျဖြန့်ဝေခဲ့ရာ ဗြိတိ သျှအစိုးရ၏ လိုက်လံသိမ်းဆည်း ပိတ် ပင်မှုခံရပြီး ဦးစောလည်း ဂဠုန်ဦးစော အဖြစ် နာမည်တွင် ကျော်ကြားခဲ့သည်။

ထို့ပြင် ဦးစောသည် နိုင်ငံရေး နယ်ပယ်တွင် ကျင်လည်လျှင် စာနယ် ဇင်းလောကနှင့် ကင်းကွာ၍ မရသည် ကိုလည်းကောင်း ၊ ဦးစော၏ မျိုးချစ် ပါတီ၏လှုပ်ရှားမှုအား ၀ါဒ ဖြန့်ချိမှုနှင့် စည်းရုံးမှု အတွက် ကိုယ်ပိုင်သတင်းစာ တစ်စောင် လိုအပ်သည်ကို လည်းကောင်း၊ ကောင်းစွာ သိမြင် ခံယူသည့် အားလျော်စွာ သတင်းစာ လုပ်ငန်းကို တစ်ဖက် တစ်လမ်းမှ ၀င်ရောက်လုပ်ကိုင် ခဲ့သည်။ ၀ိုင်အမ်ဘီအေ အသင်းမှ ဂျီစီ ဘီအေ အသင်းအဖြစ် ပြောင်းလဲ ဖွဲ့စည်းခဲ့ သည့် အသင်းကြီး၏ စည်းရုံး လှုပ်ရှားမှုကို အားပေး ထောက်ခံသည့် ထိုစဉ်က အရှိန်အ၀ါကြီးလှသော သူရိယသတင်း စာတွင် ဦးစွာအစုရှယ်ယာများစွာ ထည့်ဝင်ပြီး စာနယ်ဇင်းလောကတွင် ကျင်လည်လှုပ်ရှားခဲ့သည်။ ၁၉၃၅ ခုနှစ် တွင် သတင်းစာဆရာအဖြစ် ဂျပန်နိုင်ငံ သို့ လှည့်လည်လေ့လာပြီး မြန်မာနိုင်ငံ ပြန်ရောက်ချိန်တွင် ဂျပန်နိုင်ငံနှင့် ဂျပန် လူမျိုးတို့အား ချီးမွမ်းခန်းဖွင့် ရေးသား ဟောပြောခဲ့သည်။

ထို့ပြင် ရဲဘော် သုံးကျိပ်နှင့် အတူ မြန်မာနိုင်ငံ အတွင်းသို့ ၀င်ရောက်ခဲ့သည့် ဗိုလ်ချုပ်ကြီး ဆူဇူကီး (ဗိုလ်မိုးကြိုး) သည် သတင်းစာ ဆရာ တစ်ဦးအသွင် မြန်မာနိုင်ငံတွင်း ၀င်ရောက်၍ မြန်မာ့ နိုင်ငံရေး အခြေအနေ ကို ထောက်လှမ်းခဲ့စဉ်က တွေ့ဆုံသူ များတွင် ဦးစောလည်း ပါဝင်ခဲ့သည်။ ဦးစောက ဆူဇူကီးအား ဗြိတိသျှတို့အား တော်လှန် ဆန့်ကျင်ရေး အတွက် လက်နက် ခဲယမ်းနှင့် ငွေကြေးတို့ ကမ်းလှမ်းခဲ့ရာ ဆူဇူကီးက ကောင်စစ်ဝန်နှင့် ဆွေးနွေး ရန်တုံ့ပြန်ပြီး နောက်ဆုတ်ခဲ့သည်။ ၁၉၃၆ ခုနှစ်မှ စတင်၍ သူရိယ သတင်း စာမှာ မျိုးချစ်ပါတီ၏ ၀ါဒ ဖြန့်ချိရေး သတင်းစာ ဖြစ်လာပြီး ၁၉၃၈ ခုနှစ် တွင် ဦးစောသည် သူရိယ သတင်းစာ၏ အယ်ဒီတာချုပ် ဖြစ်လာခဲ့သည်။

ဦးစောသည် နိုင်ငံရေး လှုပ်ရှားမှု အဖြစ် အခါ အားလျော်စွာ မျက်မှောက် ကာလ နိုင်ငံရေးကို အခြေခံဟောပြောလေ့ ရှိရာ ဦးစော၏ အာဝဇ္ဇန်းကောင်းမှု ကြောင့် လူငယ်များ၏ နှစ်သက်အား ပေးမှုကိုလည်း ရယူနိုင်ခဲ့သည်။ ဦးနု နှင့် ဗိုလ်ချုပ်အောင်ဆန်း ရန်ကုန် တက္ကသိုလ်ကျောင်းသားသမဂ္ဂတာဝန် ထမ်းဆောင်စဉ်က ရန်ကုန် တက္ကသိုလ်တွင် လာရောက်၍ ဦးစောဟောပြောခဲ့ ရာ ကျောင်းသားထုက အားပေးသဘော ကျခဲ့သည်။ မောင်သုမန (ညိုမြ)က ဗမာ့ ၀ဋ်ကြွေးဆောင်းပါး(အိုးဝေ သတင်းစာ ၁.၅.၄၈)တွင် “၁၉၃၈ ခုနှစ်လောက် က ဦးစောက သူရိယသတင်းစာ အယ်ဒီတာ၊ ဗိုလ်ချုပ်အောင်ဆန်း ကလည်း ကျောင်းသားခေါင်းဆောင် အဖြစ်နဲ့ တက္ကသိုလ် သမဂ္ဂမှာ ရှိနေစဉ်ပဲ။ အဲဒီအချိန်မှာ ဗိုလ်ချုပ်က ဦးစောကို အတော် ကြည်ညိုတယ်။ “ဦးစောဟာ ဘယ်လောက်ချီးမွမ်းစရာကောင်းလဲ။ သူများလို ဘီအေ၊ အမ်အေမအောင် ပေမယ့် ကိုယ်ထူး ကိုယ်ချွန်ကြိုးစားပြီး ထိပ်တန်း ခေါင်းဆောင်တစ်ဦး ဖြစ် အောင်လုပ်နိုင်တဲ့ လူပဲလို့ ဗိုလ်ချုပ် ကိုယ်တိုင် မောင်သုမနကို ပြောတာ မှတ်မိသေးတယ်”ဟု ပြန်ပြောင်း အောက်မေ့ ရေးသားခဲ့သည်။

တောင်သူ လယ်သမား အရေးတော်ပုံကို အကြောင်းပြု၍ ဂဠုန်အရေး တော်ပုံ စာအုပ် ရေးသား ဖြန့်ချိမှုနှင့် ဂဠုန် ဆရာစံအား ဗြိတိသျှ အစိုးရမှ ဖမ်းဆီး တရားစွဲဆို သေဒဏ်ချမှတ်ရာတွင် အောက်တန်းရှေ့နေ အဖြစ် လိုက်ပါ ဆောင်ရွက်မှုတို့ဖြင့် မြန်မာနိုင်ငံရေး နယ်ပယ်တွင် ဦးစော စတင် ထင်ရှားချိန်တွင် တို့ဗမာ အစည်းအရုံးကြီးမှာ စတင်ဖွဲ့စည်း လှုပ်ရှားနေပြီ ဖြစ်ပါသည်။ ၁၉၃၇ ခုနှစ် တွင် ဗြိတိသျှ အစိုးရမှ မြန်မာနိုင်ငံအား အိန္ဒိယ၏ ပြည်နယ်တစ်ခု အဖြစ်မှ ခွဲထုတ်၍ ဒိုင်အာခီ အုပ်ချုပ်ရေး စနစ်ကို ရပ်စဲ၍ ၉၁-ဌာန အုပ်ချုပ်ရေး စနစ်သစ်ကို စတင် ဖော်ဆောင်ပြီး ဦးစောကလည်း မျိုးချစ် ပါတီကို ဖွဲ့စည်းဦးဆောင် လှုပ်ရှားခဲ့သည်။ ထို့နောက် ဦးစောသည် ၉၁-ဌာနအုပ်ချုပ်ရေးစနစ်၏ လွှတ်တော် နှင့် မြန်မာနိုင်ငံရေးနယ်တွင် ဆက်လက် လှုပ်ရှားခဲ့ရာ ၁၉၄၀ ပြည့်နှစ်၊ စက်တင် ဘာလ ၉ ရက်နေ့တွင် နန်းရင်းဝန် ဘ၀ကို ပိုင်ဆိုင်လာခဲ့သည်။

ထိုကာလ အတွင်း တို့ဗမာ အစည်းအရုံးမှ တောင်သူ လယ်သမား၊ အလုပ်သမား၊ လူငယ် စသည့် ပြည်သူများနှင့် အသင်းအဖွဲ့ များကို စည်းရုံးပြီး ဗြိတိသျှနယ်ချဲ့ ဆန့်ကျင်ရေး လုပ်ငန်းများကို အရှိန် အဟုန်မြှင့်တင် ဆောင်ရွက်ခဲ့ရာ၌ မြန်မာ့ လွတ်လပ်ရေး ကြိုးပမ်းမှု သမိုင်းမှ ထင်ရှားသည့် ၁၃၀၀ ပြည့်အရေးတော် ပုံနှင့် လွတ်လပ်ရေးအား လက်နက်စွဲကိုင် တိုက်ခိုက် ရယူရေး အစီအစဉ်ကို ချမှတ် အကောင်အထည် ဖော်ခဲ့သည်။ နန်းရင်းဝန် အဖြစ် မြန်မာနိုင်ငံမှ ဗြိတိန် နိုင်ငံသို့ မြန်မာနိုင်ငံ အုပ်ချုပ်ရေး ကိစ္စ အရေးဆိုရန် သွားချိန်တွင် ဗိုလ်ချုပ် အောင်ဆန်း၏ မြန်မာနိုင်ငံ လွတ်လပ် ရေးစီမံကိန်းအား ဂျပန် တပ်မတော်မှ လက်ခံ အတည်ပြုပြီး၍ ဂျပန်နိုင်ငံတွင် ရဲဘော်သုံးကျိပ်သည် စစ်ပညာ သင်ယူ နေကြပြီ ဖြစ်ပါသည်။ ဗြိတိသျှအစိုးရမှ ဦးစောအား ပြည်ပတွင် အကျယ်ချုပ်ဖြင့် စတင် ထိန်းသိမ်းစဉ် ၁၉၄၁ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် ရဲဘော် သုံးကျိပ်က ဗမာ့လွတ်လပ်ရေး တပ် မတော်ကို ဖွဲ့စည်းနိုင်ခဲ့ပြီး ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ပထမအကြိမ် စစ်ရေး ပြအခမ်းအနားကို ကျင်းပ၍ မြန်မာနိုင်ငံ တွင်းသို့ ၀င်ရောက်ကာ ဗြိတိသျှတို့အား စတင် တိုက်ခိုက်နေကြပြီ ဖြစ်ပါသည်။


ဦးစော နန်းရင်းဝန်ဘ၀မှ ဗြိတိသျှ အစိုးရ၏ အကျယ်ချုပ်အကျဉ်းသားဘ၀ ရောက်ရှိနေစဉ်ကာလအတွင်း မြန်မာ ပြည်သူများနှင့် ဗမာ့လွတ်လပ်ရေး တပ်မတော်သည် ဂျပန်တပ်မတော်နှင့် လက်တွဲ၍ ဗြိတိသျှတို့အား တိုက်ခိုက် အောင်မြင်ခဲ့ခြင်း၊ မြန်မာနိုင်ငံအား ဖက်ဆစ်ဂျပန် စိုးမိုးသောကာလ (၁၉၄၂ -၁၉၄၅)တွင် ခါးသီးသောအတွေ့အကြုံ များ ရရှိခဲ့ခြင်း၊ ၁၉၄၄ ခုနှစ် သြဂုတ်လ ၂၃ ရက်နေ့တွင် ဗမာ့လွတ်လပ်ရေး တပ်မတော်နှင့် နိုင်ငံရေး အင်အားစုအချို့ပူး ပေါင်း၍ နောင် ဖက်ဆစ် ဆန့်ကျင်ရေး ပြည့်သူ လွတ်လပ်ရေး အဖွဲ့ချုပ် (ဖ.ဆ. ပ.လ) ဖြစ်လာမည့် ဖက်ဆစ် တိုက်ဖျက် ရေး ပြည်သူ့အဖွဲ့ချုပ် (ဖ.တ.ဖ)ကို စတင်ဖွဲ့စည်း၍ ဖက်ဆစ်ဂျပန် တော်လှန်ရေး အစီအစဉ်များ ချမှတ် အကောင်အထည် ဖော်ခြင်း၊ ၁၉၄၅ ခုနှစ် မတ်လ ၂၇ ရက် နေ့တွင် မြန်မာပြည်သူများနှင့် ပြည်သူ့ လွတ်လပ်ရေးတပ်မတော်သည် ဗြိတိသျှ နှင့် မဟာမိတ် တပ်များနှင့် လက်တွဲ၍ ဖက်ဆစ် ဂျပန်တို့အား တိုက်ခိုက်အောင် မြင်ခြင်းတို့ ဆောင်ရွက်နိုင်ခဲ့ကြသည်။

၃။
မြန်မာနိုင်ငံမှ ဖက်ဆစ်ဂျပန်များ ဆုတ်ခွာပြီး ဗြိတိသျှတို့ ပြန်လည်ဝင် ရောက်လာချိန်တွင် ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သည့် ဖဆပလအဖွဲ့ချုပ်သည် ဗြိတိသျှတို့ထံမှ လုံးဝ လွတ်လပ်ရေး ရရှိ ရန် ဗြိတိသျှ အာဏာပိုင်များနှင့် ဆက်လက် ညှိနှိုင်း ကြိုးပမ်းခဲ့သည်။ ဗိုလ်ချုပ် အောင်ဆန်းသည် ဖဆပလတွင် ပါတီစုံ အဖွဲ့စုံမှ လူကြီးလူရွယ်လူငယ်များ၊ တိုင်း ရင်းသားများနှင့် တပ်မတော်ကိုယ်စား လှယ်များဖြင့် တောင့်တင်းခိုင်မာသည့် အမျိုးသားရေးအင်အားစုကြီးဖြစ်အောင် လည်း ကြိုးပမ်း ဖွဲ့စည်းထားသည်။ ဗြိတိသျှအစိုးရသည် မြန်မာနိုင်ငံတွင်း ပြန်လည်ဝင်ရောက်ပြီး နေသားတကျ ဖြစ်သည်နှင့် ဂျပန်နိုင်ငံတွင် အကျဉ်းချ ထားသူ ဒေါက်တာ ဘမော်နှင့် ယူဂန်ဒါ နိုင်ငံတွင် အကျဉ်းချထားသူ ဦးစောတို့အား ပြန်လွှတ်ပြီး မြန်မာနိုင်ငံသို့ ပြန်ပို့ ပေးခဲ့သည်။ နန်းရင်းဝန်ဟောင်း ၂ ဦး အား မြန်မာနိုင်ငံရေး နယ်ပယ်တွင် ပြန်လည် လှုပ်ရှားခွင့် ပေးလိုက်ခြင်းဖြစ်သည်။

မြန်မာပြည်ဘုရင်ခံ ဆာဒေါ်မန်စ မစ်သည် ၁၉၄၅ ခုနှစ် အောက်တိုဘာ လ ၁၆ ရက်နေ့တွင် မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိလာပြီးလျှင် ဖဆပလ ခေါင်းဆောင်များ ပါဝင်မှု မရှိသည့် ဘုရင်ခံ၏ အမှုဆောင် ကော်မတီ (အစိုးရအဖွဲ့)အား ဗြိတိသျှ ၄ ဦးနှင့် မြန်မာ ၈ ဦးဖြင့် လည်းကောင်း၊ ဘုရင်ခံ ၏ ဥပဒေပြုလွှတ်တော်အား အဖွဲ့ဝင် ၃၄ ဦး ဖြင့်လည်းကောင်း၊ ၁၉၄၅ ခုနှစ် နိုဝင်ဘာလနှင့် ဒီဇင်ဘာလ အတွင်း၌ ဖွဲ့စည်းပြီး မြန်မာနိုင်ငံ အုပ်ချုပ်ရေးကို စီမံဆောင်ရွက်ခဲ့သည်။ ဖဆပလအဖွဲ့ ချုပ်နှင့် မြန်မာပြည်သူတို့သည် ဗြိတိသျှ အစိုးရ၏ စက္ကူဖြူ စီမံကိန်း အုပ်ချုပ်ရေး စနစ်ကို ဆန့်ကျင်ကန့်ကွက်မှု၊ အမျိုး သား စည်းလုံး ညီညွတ်ရေးကို တည် ဆောက်မှု၊ လွတ်လပ်ရေး အမြန်ဆုံးပေး ရေး တောင်းဆိုမှု၊ လွတ်လပ်ရေး မပေးမီ ယာယီ အစိုးရဖွဲ့စည်းရေးနှင့် ပြည်သူ များ ရွေးချယ် တင်မြှောက်သည့် တိုင်းပြု ပြည်ပြုလွှတ်တော် ထားရှိရေးတို့ကို အစဉ်တစိုက် အရေးဆိုခဲ့ပြီး ထန်းတပင် လယ်သမားများ၏ ကန့်ကွက် ဆန္ဒပြ မှုနှင့် အမှုထမ်းသပိတ်များ ဆက်တိုက် ပေါ်ထွန်းခဲ့သည်။

ထို့နောက် ဗြိတိသျှ အစိုးရသည် ဘုရင်ခံ ဆာဒေါ်မန်စမစ်အား ပြန်လည်ခေါ်ယူ၍ ဘုရင်ခံအဖြစ် ဆာဟူးဘတ်ရန့်စ်ကို အစားထိုးခန့်အပ် ခဲ့သည်။ ဘုရင်ခံ ဆာဟူးဘတ်ရန့်စ် သည် ဆာဒေါ်မန်စမစ် ဖွဲ့စည်းခဲ့သော ဘုရင်ခံ၏ အမှုဆောင်ကောင်စီကို တာဝန် ထမ်းဆောင်ပြီး နှစ်ပတ်အကြာ ၁၉၄၆ ခုနှစ် စက်တင်ဘာလ ၁၇ ရက်နေ့တွင် နုတ်ထွက် စေခဲ့သည်။ ဘုရင်ခံသည် ဘုရင်ခံ၏အမှုဆောင်ကောင်စီ ပြန်လည် ဖွဲ့စည်းရေးအတွက် စက်တင်ဘာလ အတွင်း၌ ဗိုလ်ချုပ်အောင်ဆန်းနှင့် သုံးကြိမ်တိုင် တွေ့ဆုံ ညှိနှိုင်းခဲ့သည့်ပြင် စက်တင်ဘာလ ၂၁ ရက်နေ့တွင် ဂဠုန် ဦးစောနှင့်လည်း တွေ့ဆုံခဲ့သည်။ ဘုရင်ခံနှင့် တွေ့ဆုံပြီး အပြန်တွင် ဂဠုန် ဦးစောအား သေနတ်ဖြင့် ပစ်ခတ်မှု ဖြစ်ပွားပြီး ဒဏ်ရာရခဲ့သည်။ ဖဆပလ အမှုဆောင် လူကြီးများက “နိုင်ငံရေးနယ် နိမိတ် အတွင်းသို့ အကြမ်းဖက်သည့် စနစ်များ သွတ်သွင်းလာခြင်းကို များစွာ ပြစ်တင် ရှုတ်ချကြလျက် ယခုကဲ့သို့ ဦးစော ဒဏ်ရာအနာတရဖြစ်သွားသည့် အတွက် ၀မ်းနည်းကြောင်း” ထုတ်ဖော်ခဲ့ သည့်ပြင် စက်တင်ဘာလ ၂၇ ရက်နေ့ တွင် ရန်ကုန် ဆေးရုံတွင် ဆေးဝါးကု နေသည့် ဦးစောအား ဗိုလ်ချုပ်အောင် ဆန်းနှင့် သခင်နုတို့ သွားရောက်ကြည့်ရှု အားပေးခဲ့ကြသည်။

ဗြိတိသျှအစိုးရမှ ၁၉၄၆ ခုနှစ် စက်တင်ဘာလ ၂၆ ရက်နေ့တွင် ဘုရင်ခံ၏ အမှုဆောင် ကောင်စီသစ်ကို အမျိုးသားယာယီ အစိုးရ အဖြစ် ပြင်ဆင် ဖွဲ့စည်းရာတွင် ဖဆပလမှ ၆ ဦးနှင့် ကျန်ပါတီများ၊ တိုင်းရင်းသားများနှင့် တစ်သီးပုဂ္ဂလမှ ၅ ဦး ပါဝင်ခွင့်ရခဲ့ သည်။ အမှုဆောင်ကော်မတီဥက္ကဋ္ဌ အဖြစ် ဘုရင်ခံ ဆာဟူးဘတ်ရန့်စ်နှင့် ဒုတိယဥက္ကဋ္ဌအဖြစ် ဗိုလ်ချုပ်အောင် ဆန်းတို့ ဆောင်ရွက်ခဲ့ကြပြီး မျိုးချစ် ပါတီမှ ဦးစောကိုလည်း ပညာရေးနှင့် အမျိုးသား စီမံကိန်း ဌာန၀န်ကြီး အဖြစ် ပါဝင်စေခဲ့သည်။ ထို့ နောက်ဗြိတိသျှ ၀န်ကြီးချုပ် မစ္စတာအက်တလီက မြန်မာ ပြည်အရေး တွေ့ဆုံ ဆွေးနွေးရန် ဘုရင်ခံ ၏ အမှုဆောင် ကောင်စီမှ ကိုယ်စားလှယ် အဖွဲ့အား ဖိတ်ကြားခဲ့သည်။ ၁၉၄၇ ခုနှစ် ဇန်န၀ါရီလ ၂ ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်၍ ၀န်ကြီး နှင့် တာဝန်ရှိသူ ၁၆ ဦးတို့သည် လန်ဒန် မြို့သို့ စတင်ထွက်ခဲ့ကြရာ၌ အဖွဲ့ဝင် အဖြစ် ဦးစောလည်းလိုက်ပါခွင့်ရခဲ့သည်။

ဗြိတိသျှဝန်ကြီးချုပ် မစ္စတာ အက်တလီနှင့် ဗိုလ်ချုပ်အောင်ဆန်းတို့ ခေါင်းဆောင်သည့် နှစ်ဖက်ကိုယ်စား လှယ်များ ဆွေးနွေးညှိနှိုင်းကြပြီးနောက် ၁၉၄၇ ခုနှစ် ဇန်န၀ါရီလ ၂၇ ရက်နေ့ တွင် ဗြိတိသျှနှင့် မြန်မာတို့သည် အောင်ဆန်း-အက်တလီ စာချုပ်ဟုခေါ် တွင်မည့် စာချုပ်တစ်ရပ်ကို လက်မှတ် ရေးထိုးခဲ့ကြသည်။ ဘုရင်ခံ၏ အလုပ် အမှုဆောင်ကောင်စီအား ကြားဖြတ် အစိုးရအဖြစ် အသိအမှတ်ပြု၍ နိုင်ငံခြား ရေး၊ ကာကွယ်ရေး၊ ဘဏ္ဍာရေး စသည့် ကိစ္စရပ်များ ဆောင်ရွက်ခွင့်၊ ပြည်သူ့ ဆန္ဒဖြင့် တိုင်းပြုပြည်ပြု လွှတ်တော် ရွေး ကောက်ပြီး ထားရှိရေး၊ တောင်တန်း ဒေသများမှ ပြည်သူများ၏ ဆန္ဒအရသာ ဗမာပြည်မနှင့် တောင်တန်းဒေသအတူ လွတ်လပ်ရေး ရယူရန် ဟူသည့် အချက် များပါဝင်သည်။ အောင်ဆန်း-အက်တလီ စာချုပ်မှာ ဗြိတိသျှအစိုးရ အား မြန်မာပြည်သူများနှင့် ဖဆပလ တို့၏ တောင်းဆိုချက်များ ဖြစ်ကြပြီး တစ်နှစ်အတွင်း လွတ်လပ်ရေးရတော့ မည့် အာမခံချက်လည်း ဖြစ်သည်။ အောင်ဆန်း-အက်တလီ စာချုပ်အား မြန်မာကိုယ်စားလှယ်အဖွဲ့ဝင်နှစ်ဦး ဖြစ် သည့် ပညာရေးနှင့် အမျိုးသားရေး စီမံကိန်းဌာန ၀န်ကြီးဦးစောနှင့် သယ်ယူ ပို့ဆောင်ရေးနှင့် လမ်းပန်းဆက်သွယ် ရေးဌာန၀န်ကြီး သခင်ဗစိန်တို့က ကန့် ကွက်စကားဆို၍ လက်မှတ်ရေးထိုးမှု မပြုခဲ့ကြသော်လည်း ဗြိတိသျှအစိုးရမှ ဗိုလ်ချုပ်အောင်ဆန်းနှင့် ကျန်ကိုယ်စား လှယ်များ၏ သဘောတူညီချက်ဖြင့် ချုပ်ဆိုခဲ့သည်။

၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် ဘုရင်ခံ၏ အမှုဆောင် ကောင်စီမှ ဦးစောနှင့်သခင်ဗစိန်တို့ နုတ် ထွက်ခဲ့ကြသည်။ ထို့နောက် ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၂၃ ရက်နေ့တွင် ဥက္ကဋ္ဌဘုရင်ခံ ဆာဟူးဘတ်ရန့်စ်နှင့် ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ်ဆောင်ဆန်းတို့ ဦးဆောင်သည့်အဖွဲ့ဝင် ၁၃ ဦးပါဝင် သည့် ကြားဖြတ် ယာယီ အစိုးရအဖွဲ့ကို ပြန်လည် ဖွဲ့စည်းခဲ့သည်။ ကြားဖြတ် ယာယီ အစိုးရအဖွဲ့ဝင် ၁၃ ဦးတွင် လည်း ဦးစော ပါဝင်မှုမရှိတော့ချေ။

၎။
အောင်ဆန်း-အက်တလီ စာချုပ် အရ ဖဆပလ အဖွဲ့ချုပ်သည် ဗမာနှင့် တောင်တန်းဒေသများမှ တိုင်းရင်းသား များက လွတ်လပ်ရေးရယူပြီး အေးအတူ ပူအမျှနေထိုင်သွားကြရန် သန္နိဋ္ဌာန်ချ မှတ်သည့် တိုင်းရင်းသားစည်းလုံးညီ ညွတ်မှု၏ ပြယုဂ်ပင်လုံစာချုပ်ကို ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက် နေ့တွင် ချုပ်ဆိုခြင်း၊ ပြည်သူတို့၏ ဆန္ဒဖြင့် ဖွဲ့ စည်းသော တိုင်းပြုပြည်ပြု လွှတ်တော် ပထမအကြိမ်အစည်းအဝေးကို ၁၉၄၇ ခုနှစ် ဇွန်လ ၁၀ ရက်နေ့တွင် ကျင်းပ ခြင်း၊ တိုင်းပြုပြည်ပြု လွှတ်တော် ပထမ အကြိမ် အစည်းအဝေးတွင် အဖွဲ့ဝင် ၅၅ ဦးပါဝင်သည့် အခြေခံဖွဲ့စည်းအုပ်ချုပ်ပုံ ရေးဆွဲရေး ကော်မတီ ဖွဲ့စည်းခြင်းတို့ကို အောင်မြင်စွာ ဆောင်ရွက်ခဲ့သည်။

ဗိုလ်ချုပ်အောင်ဆန်းနှင့် ဖဆပလ အဖွဲ့ချုပ်သည် တစ်နှစ်အတွင်း လွတ်လပ် ရေးရရှိရေး အတွက် လိုအပ်သမျှ အင်တိုက်အားတိုက် ဆောင်ရွက်နေကြ စဉ် ၁၉၄၇ ခုနှစ် ဇွန်လ ၂၄ ရက်နေ့တွင် ဗိုလ်တထောင် လက်နက်တိုက်မှ ဘရင်းသေနတ် အလက် ၂၀၀၊ ပြောင်း ပို ၂၀၀ နှင့် ကျည်ကပ် ၈၀၀ ကို စာ ရွက်စာတမ်း အတုဖြင့် ထုတ်ယူသွားမှု နှင့် ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၀ ရက်နေ့ တွင် မင်္ဂလာဒုံ အခြေစိုက် လက်နက်တိုက် မှ ပွိုင့်-၃၀၃ ရိုင်ဖယ်ကျည်ဆန် ၁ သိန်း၊ စတင်းကျည်ဆံ ၂၅၆၀၀၀ နှင့် လက်ပစ် ဗုံးအလုံး ၂၀၀ ကို ထုတ်ယူသွားမှုတို့ ဖြစ်ပွားခဲ့သည်။ ထို့နောက် ၁၉၄၇ ခုနှစ် ဇူလိုင်လအတွင်း ၁၅ ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် ပျော်ဘွယ်ဦးမြ တို့သည်လည်းကောင်း၊ ၁၆ ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် သခင်နုတို့ သည်လည်းကောင်း၊ ၁၈ ရက်နေ့တွင် သခင်နုသည်လည်းကောင်း ဘုရင်ခံ ဆာဟူးဘတ်ရန့်နှင့် တွေ့ဆုံကြ၍ လက်နက် ခဲယမ်းများ ပျောက်ဆုံးမှုကို ဆွေး နွေးကြသည်။

ထို့ပြင် ထိုစဉ်က ပြန်ကြားရေး ၀န်ကြီးဌာန ၀န်ကြီး ဒီးဒုတ် ဦးဘချိုသည် သတင်းစာဆရာများနှင့် တွေ့ဆုံ အသိပေးခဲ့ရပုံကို သတင်းစာဆရာ ဦးမောင်မောင်ခင်က နိုင်ငံရေး မှတ်တမ်းများ ဆောင်းပါး (မြန်မာ့အလင်းသတင်း စာ ၁၄.၅.၆၇)တွင် “ဦးဘချိုက ဂဠုန် ဦးစောသည် လက်နက်များကို စုဆောင်းနေသည်ဟု ပြောသော အခါ ဘာလုပ်ဖို့လဲဟု ကျွန်တော်တို့က သံပြိုင် မေးမိပါသည်။ ကျုပ်တို့ကို သတ်ဖို့ပေါ့ ဟု ဦးဘချိုက စိုးရိမ်မှု လုံးဝမပြဘဲ ဖွင့်ဟပြောပြလိုက်ပါသည်။ ဒါဖြင့် ဒီလူကို အရေးမယူကြဘူးလား။ ဗိုလ်ချုပ် ကကော ဘာမှအကာအကွယ် မလုပ်ဘူး လားလို့ မေးကြသောအခါ ဒါကတော့ ဗျာ ကျုပ်တို့က ဗမာပြည်ကြီးကောင်း စားအောင် ဒီလောက်ကြိုးစားနေတာပဲ။ သူတို့က မကျေနပ်လို့ သတ်ချင်လည်း သတ်ပေါ့ဟု ဦးဘချိုက ကျွန်တော်တို့ အား တစ်ဆင့် ပြောပြပါသည်” ဟု ဖော်ပြ ခဲ့ပြီး ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၈ ရက်နေ့ တွင် ဦးဘချိုနှင့် တွေ့ဆုံကြောင်း မှန်းထားသည်။

မြန်မာနိုင်ငံဆိုင်ရာ ဗြိတိသျှ ဘုရင်ခံ ဆာဟူးဘတ်ရန့်စ်နှင့် ဗြိတိသျှအာဏာ ပိုင်များသည် လက်နက်ခဲယမ်းများအား လုံခြုံစွာ ထိန်းသိမ်းရန် ပျက်ကွက်မှု၊ မသမာ သူတို့၏ အကြမ်းဖက် ရန်ပြုမှုအား မကာ ကွယ်နိုင်မှုနှင့် ဗိုလ်ချုပ်အောင်ဆန်းနှင့် မြန်မာနိုင်ငံ၏ခေါင်းဆောင်များ၏ လုံခြုံ ရေးကို တာဝန် မယူနိုင်မှုတို့ကြောင့် ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့ နံနက် ၁၀ နာရီ ၃၇ မိနစ်တွင် ဗိုလ်ချုပ် အောင်ဆန်းနှင့် မြန်မာနိုင်ငံ၏ ခေါင်းဆောင်များမှာ မသမာသူတို့၏ သတ်ဖြတ်မှု ခံရပြီး နိုင်ငံတော် လုပ်ကြံမှု ဖြစ်ပွားခဲ့ရသည်။

နိုင်ငံတော် လုပ်ကြံမှု အတွက် အထူး ခုံရုံးက ၁၉၄၇ ခုနှစ် ဒီဇင်ဘာ ၃၀ ရက်နေ့တွင် ဂဠုန်ဦးစောနှင့် အပေါင်း ပါတို့အား သေဒဏ် စီရင်ချက် ချမှတ် ခဲ့သည်။ စီရင်ချက် ဖတ်ကြားပြီးချိန်တွင် ဂဠုန်ဦးစောက စီရင်ချက် သုံးသပ်ချက် အချို့ကို ပြန်လှန်ချေပ ကန့်ကွက်ခဲ့သည့် ပြင် ၁၉၄၈ ခုနှစ် ဇန်န၀ါရီလ ၃ ရက်နေ့ တွင် တရားလွှတ်တော်တွင် အယူခံလွှာ တင်ခဲ့သည်။ ၁၉၄၈ ခုနှစ် ဇန်န၀ါရီလ ၄ ရက်နေ့တွင် မြန်မာနိုင်ငံသည် လွတ်လပ်သော နိုင်ငံအဖြစ် ရပ်တည်နိုင်ခဲ့ သည်။
၁၉၄၈ ခုနှစ် ဧပြီလ ၂၇ ရက်နေ့ တွင် တရား လွှတ်တော်ချုပ်က ဦးစော၏ အယူခံလျှောက်လွှာကို ပယ်ခဲ့သည်။ ဦးစောသည် ၁၉၄၈ ခုနှစ် ဧပြီလ ၂၈ ရက်နေ့တွင် အင်းစိန်အကျဉ်းထောင်၌ ဇနီး၊ သမီးတို့နှင့်အတူ မိုးညှင်းသိင်္ဂီ ကျောင်းတိုက် ရေလဲ ဦးပဏ္ဍိစ္စ ဆရာတော် ထံမှ လက္ခဏာရေးသုံးပါး တရားနာပြီး လျှင် ၁၉၄၈ ခုနှစ် မေလ ၈ ရက်နေ့ နံနက် အရုဏ်တက်တွင် အင်းစိန်အကျဉ်း ထောင်အတွင်း၌ ကြိုးပေးခံခဲ့သည်။

ပြန်ကြားရေးဝန်ကြီးဌာနမှ ရုပ်ရှင် ရိုက်ကူး၍ အင်းစိန် အကျဉ်းထောင်တွင် ဦးစောအား ကြိုးပေးပုံအား မှတ်တမ်း တင်ထားခဲ့သည်။ ထိုမှတ်တမ်းတင် သတင်းကားအား ကြည့်ရှုခွင့် ရခဲ့သော တရားသူကြီးချုပ် ဒေါက်တာမောင်မောင် က နိုင်ငံတော် လုပ်ကြံမှု စာအုပ်တွင် ခံစား ရေးသားဖော်ပြခဲ့ရာ ဦးစော၏ နောက်ဆုံးအချိန် လှုပ်ရှားမှုဟု ဆိုနိုင်ပါသည်။

ဦးစောသည် သူ့အားသောက်ရန် ပေးထားသော နံနက် လက်ဖက်ရည်ကို အခန်း၌ ဆွမ်းကပ်ခဲ့သည်။ ဖယောင်းတိုင် သုံးတိုင် ထွန်းညှိ၍လည်း ပူဇော်ခဲ့သည်။ ပြီးမှ အပြင်တွင် စောင့်နေကြသော အကျဉ်းဌာနမင်းကြီး ဦးဘမောင်၊ ဦးသန်းနွဲ့(ယခုအကျဉ်းဌာနမင်းကြီး)၊ ဆရာဝန်၊ တရားသူကြီး စသူတို့ကိုပြုံး ရွှင်စွာ နှုတ်ဆက်သည်။ ဦးစောသည် ရှမ်းဘောင်းဘီ မီးခိုးရောင်ကို သပ်သပ် ရပ်ရပ် ၀တ်စားထားသည်။ ကြိုးစင်ရှိရာသို့ ထွက်ခွာလာကြရာ ဘုရားရုပ်ပွား တော် တစ်ဆူတည်ထား ကိုးကွယ်ရာကို လွန်လာသဖြင့် ပြန်လှည့်၍ ဒူးတုပ်ဝပ် ချသည်။ ကြိုးစင်ဘက်သို့ ဆက်လက် ထွက်ခွာကြရာတွင် မြင်ရာလူကို လှမ်း ၍နှုတ်ဆက်သည်။ မမြင်ရသူကို မေး၍ နှုတ်ဆက်လိုက်ကြောင်း မှာကြားသည်။ အထူး ခုံရုံးနာယက ဦးကျော်မြင့်နှင့် တကွ သူ့အပေါ်တာဝန်အရ ဆောင်ရွက်ရ သည့်သူများအား မုန်းတီးမှု မရှိပါဟု မှာကြားခဲ့သည်။ ထို့နောက် တည်တည်ငြိမ်ငြိမ်ပင် ကြိုးစင်ပေါ်ကို တက် သွားလေသည်။

၅။
ဗြိတိသျှကိုလိုနီခေတ် မြန်မာ့နိုင်ငံ ရေးသမိုင်း လွတ်လပ်ရေးကြိုးပမ်းမှု ကာလတွင် ဗုဒ္ဓဘာသာကလျာဏယုဝ အသင်း(၀ိုင်အမ်ဘီအေ)၊ မြန်မာနိုင်ငံလုံး ဆိုင်ရာ မြန်မာအသင်းချုပ်ကြီး(ဂျီစီဘီ အေ)၊ တို့ဗမာအစည်းအရုံး၊ ဖက်ဆစ် ဆန့်ကျင်ရေး ပြည်သူလွတ်လပ်ရေးအဖွဲ့ (ဖဆပလ) တို့မှာ ထင်ရှားသည့် အဖွဲ့ များဖြစ်သည်။ ထိုအဖွဲ့များနှင့် အခြား ပါတီအဖွဲ့များတွင် ကဏ္ဍအသီးသီးတွင် ဦးဆောင်ပါဝင်စွမ်းဆောင်လှုပ်ရှားကြ သည့် ပုဂ္ဂိုလ်များစွာလည်း ပေါ်ထွန်းခဲ့ ကြသည်။ မြန်မာနိုင်ငံလွတ်လပ်ရေးရခဲ့ သည်မှာ ယခုအခါနှစ်ပေါင်း ၆၀ ကျော် ခဲ့ပြီးဖြစ်၍ ထိုအဖွဲ့အစည်းများနှင့် ထိုပုဂ္ဂိုလ်များ၏ စွမ်းဆောင်လှုပ်ရှားမှု များသည်သမိုင်းအဖြစ်မော်ကွန်းဝင်လျက် ရှိပါသည်။


မျက်မှောက်ကာလ မျိုးဆက်များ အနေဖြင့် သမိုင်းကို ရှုမြင်ဆင်ခြင်၍ အကောင်းနှင့်အဆိုး၊ အမှန်နှင့်အမှား ပိုင်းခြားပြီး သင်ခန်းစာ ယူသွားကြရန်သာ ဖြစ်သည်။






ကေမြူး