12 July 2010

မင်းသားဒွေးကွယ်လွန်ခြင်း ဇွန်လိုင်(၁၁)ရက်နေ့တွင် သုံးနှစ်ပြည့်အဖြစ် တစ်နိုင်တစ်ပိုင် လှူဒါန်းခြင်းများပြုလုပ်



ဒွေးကွယ်လွန်ခြင်းသုံးနှစ်ပြည့် အဖြစ် မိသားစုများနှင့် နီးစပ်ရာ အနုပညာရှင်အချို့က တစ်နိုင်တစ်ပိုင် လှူဒါန်းမှုအချို့အား ပြုလုပ်ခဲ့ကြသည် ဟု သတင်းရရှိသည်။


ယင်းသို့ပြုလုပ်ခဲ့ကြရာ၌ ဇနီး ဖြစ်သူ မမိုးမိုးနှင့် ဒွေး၏မိသားစုဝင်များတို့က မှော်ဘီမြို့နယ်ရှိဘုန်းတော်ကြီးကျောင်းတွင် ကျောင်းရှိ သံဃာတော်အပါးပေါင်း ၂၀၅ ပါးအား လှူဒါန်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။


'အစ်ကိုကွယ်လွန်တာ သုံးနှစ် ပြည့်သွားပါပြီ။ အခုချိန်ထိအောင် မမေ့ကြသေးဘဲ သတိတရအားပေးနေကြတဲ့ ပရိသတ်တွေကိုလည်း ကျွန်တော်ကျေးဇူး အများကြီးတင်ပါတယ်။

ကျွန်တော်တို့ရင်ထဲမှာတော့ အခုချိန်ထိအောင် အိပ်မက်တွေလိုပဲ ရှိနေပါသေးတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အစ်ကိုရဲ့ အနုပညာအပေါ်ထား တဲ့ ရူးသွပ်မှု၊ စေတနာ တွေကြောင့် သူ့ကိုချစ်တဲ့ ပရိသတ်တွေရဲ့ရင်ထဲမှာတော့ ရှိနေဦးမှာပါပဲ'ဟု ညီဖြစ်သူသားညီက ပြော ပြခဲ့သည်။


ထို့အပြင် ဒွေးမကွယ်လွန်မီက မန်နေဂျာအဖြစ် ဆောင်ရွက်ခဲ့သူ ကိုဆာမိ(စတီးလ်)ကလည်း ရုပ်ရှင်ရိုက်ကွင်းအတွက် ရောက်ရှိနေသည့် ပုပ္ပားရှိ ဘုန်းတော်ကြီးကျောင်း၌ သံဃာတော်ငါးပါးအား နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခြင်း၊ ဒွေးနှင့် ရင်းနှီးလက်တွဲခဲ့သည့် သရုပ်ဆောင် ဖိုးကျော်ကလည်း ရန်ကုန်မြို့ရှိ ရွှေတိဂုံဘုရား၌ လှူဒါန်းခြင်းများအား ရည်စူးပြုလုပ်ပေးခဲ့သည်ဟု သိရသည်ဟု eleven ဂျာနယ်တွင်ဖော်ပြပါရှိသည်.။