15 July 2010

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင် ဦးဝင်းတင်နှင့် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးငွေလင်းဆွေးနွေးချက်


(ဆွေးနွေးသူများ – အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင် ဦးဝင်းတင့်် နှင့်လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးငွေလင်းဆွေးနွေးချက်)


ဦးသစ်ဆင်း။ ။ ဟုတ်ကဲ့ခင်ဗျာ။ အခု တင်ဆက်မယ့် အစီအစဉ်ကတော့ ဦးဝင်းတင်နှင့်စကားပြောခြင်း အပတ်စဉ်ကဏ္ဍပါ။ အခုတပတ် ဒီအစီအစဉ်မှာ ထိုင်းနိုင်ငံတနေရာမှာရှိတဲ့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုငွေလင်းက (NLD) ရဲ့ လက်ရှိရပ်တည်ချက်နဲ့ ပတ်သက်ပြီး (RFA) တယ်လီဖုန်းလိုင်းပေါ်ကနေပြီးတော့မှတဆင့် ဦးဝင်းတင်နဲ့ တိုက်ရိုက်ဆက်သွယ် စကားပြောကြားခဲ့တာကို နားဆင်ရမှာပါ။ ဒီအစီအစဉ်ကို ဦးခင်မောင်စိုးက တာဝန်ယူတင်ဆက်တာဖြစ်ပါတယ်။


ဦးခင်မောင်စိုး။ ။ ဟုတ်ကဲ့ကိုငွေလင်းရေ လိုင်းပေါ်မှာ ဆရာဦးဝင်းတင် ရှိပါတယ်။ ပြောပါ။


ဦးငွေလင်း။ ။ ဆရာဦးဝင်းတင်ခင်ဗျ။


ဦးဝင်းတင်။ ။ ဟုတ်ကဲ့ခင်ဗျ။ ပြောပါ။


ဦးငွေလင်း။ ။ ကျနော်က လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီက ကိုငွေလင်းပါ။ ဆရာတို့ အဲ့ဒီ (၈၈/၈၉) လောက်က ဆရာတို့ဌာနချုပ်ရုံးကို ကျနော်တို့ မကြာခဏဆိုသလို ရောက်ပါတယ်။


ဦးဝင်းတင်။ ။ ဟုတ်ကဲ့ခင်ဗျ။


ဦးငွေလင်း။ ။ အဲ့ဒီတုန်းကတည်းက ဆရာတို့ပါတီကို ကျနော်တို့က အတတ်နိုင်ဆုံးဝန်းရံထောက်ခံပြီးတော့မှ ဆောင်ရွက်ခဲ့တဲ့အစဉ်အလာရှိ ပါတယ်။ အခုလည်းပဲ ဆရာတို့ ဒီရွှေဂုံတိုင်ကြေညာချက်အပေါ်မှာရပ်ခံပြီးတော့မှ ဆရာတို့အသေအချာပဲ လူထုကိုမျက်နှာမူတဲ့ အလုပ်တွေ၊ လူထုနိုင် ငံရေး လုပ်ငန်းတွေဆောင်ရွက်နေတဲ့ဥစ္စာကို ကျနော်တို့အများကြီးအားရပါတယ်ဆရာ။ အဲ့ဒီဥစ္စာကိုလည်းနှုတ်ဆက်ရင်းနဲ့ ဆရာနဲ့စကားပြောချင်လို့ ဒီကနေ့ လှမ်းပြီးနှုတ်ဆက်တာပါဆရာ။


ဦးဝင်းတင်။ ။ ဟုတ်ကဲ့ ကောင်းပါတယ်ဗျာ။ ကိုငွေလင်းရေ ခင်ဗျားပြောဆိုနေတာတွေလည်း ကျနော်တို့မီဒီယာတွေမှာ တွေ့နေပါတယ်။ အဲ့ဒီခင်ဗျားတို့က ဒီ (၈၈) ကျောင်းသားတွေ၊ အဲ့ဒီအချိန်တုန်းက လူငယ်တွေပေါ့ဗျာ။ နောက်ပြီးတော့ နိုင်ငံရေးလုပ်သွားတဲ့ လူ့ဘောင်တို့ ဘာတို့ဆိုတဲ့ လူငယ်တွေနဲ့ (NLD) ကို ၀န်းရံခဲ့တဲ့ဟာတွေပြန်ပြောတော့ ဒါတွေကိုကျနော်တို့မမေ့ပါဘူး။ ဒီဟာတွေအတွက်လည်း ကျနော်တို့ အဲ့ဒီအချိန်တုန်းက တည်းက ကျောင်းသားလူငယ်တွေရဲ့အင်အားတွေကို အားကိုးတာတွေ ကျနော်တို့အများကြီးရှိခဲ့ပါတယ်။ ကျနော်တို့အဲ့ဒါတွေကို နောက်ပိုင်းကျတော့ ကျနော်တို့နည်းနည်းပြောတာပေါ့ဗျာ။


ကျနော်အခုလောလောဆယ်ပြောချင်တာက ဘာလဲဆိုတော့ ကျနော်တို့ဒီရက်ပိုင်းအတောအတွင်းမှာ အဲ့ဒီခင်ဗျား တို့ ကျောင်းသားလူငယ်တွေ အထူးသဖြင့် အကျဉ်းထောင်ထဲကိုရောက်နေတဲ့ ကျောင်းသားလူငယ်ခေါင်းဆောင်တွေရဲ့အိမ်တွေကို ကျနော်တို့ (NLD) က ဥက္ကဋ္ဌဦးတင်ဦးနဲ့အတူပေါ့ဗျာ ကျနော်တို့အမျိုးသမီးခေါင်းဆောင်တွေ၊ နောက်ပြီးတော့ ကျနော်တို့ (NLD) က လူငယ်ခေါင်းဆောင်တွေ သွားရောက်ပြီး တော့ နှုတ်ဆက်နေတယ်။ မေတ္တာလက်ဆောင်တွေ ကျနော်တို့ပေးကြတယ်။ အမှတ်တရရှိခြင်းတွေကို ပြောတယ်။ ကျေးဇူးစကားတွေကို ပြောကြပါတယ်။ အဲ့ဒီဟာတွေ အခုကျနော်တို့လုပ်နေပါတယ်။ အဲ့ဒီလုပ်နေတဲ့အချိန်ဆိုတော့ ခင်ဗျားပြောတဲ့စကားအတိုင်းပဲ ဟိုအချိန်ကတည်းက ခင်ဗျား တို့လည်း (NLD) တို့ ဘာတို့ဝန်းရံလာတာ ကျနော်တို့ကလည်း ဒီကျောင်းသားလူငယ်များရဲ့ ကျေးဇူးတွေ၊ ကျောင်းသားလူငယ်များရဲ့ ဂုဏ်သတ္တိတွေ၊ အားမာန်တွေကို ကျနော်တို့ အလေးထားခဲ့တယ်ဆိုတာကို ကျနော်တို့က အဲ့ဒီ (၈၈) ကာလတုန်းကတင်မကဘဲနဲ့ ဒီကနေ့အထိလည်း ဆက်ပြီးတော့ ဒီသဘောထားတွေကို ထားနေတယ်ဆိုတာကို အခုကျနော်တို့ ဒီဥက္ကဋ္ဌဦးတင်ဦးရဲ့ သွားရောက်ပြီး ကျေးဇူးတင်စကားတွေပြောနေတာက သက်သေခံနေ ပါတယ်ဗျာ။ အဲ့ဒါလည်း ခင်ဗျားတို့ သတိထားမိမယ်လို့ ကျနော်တို့ယူဆပါတယ်။


ဦးငွေလင်း။ ။ ဟုတ်ကဲ့ပါဆရာ။ ဆရာတို့အကျဉ်းသားအိမ်တွေကိုလိုက်ပြီးတော့မှ၊ လိုက်ပြီးအားပေးနေတာ၊ တွေ့ဆုံနှုတ်ဆက်ပေးနေတာ စော စောကဆရာပြောသလိုပဲ အထဲကကျနော်တို့ရဲ့ လုပ်ဖော်ကိုင်ဖက် ညီအစ်ကိုမောင်နှမတွေကို လိုက်ပြီးအားပေးနေတာက ဒီကနေ့အခြေအနေကြီးကို အပြန်အလှန်ဝန်းရံ ထောက်ခံနေကြတယ်လို့ ကျနော်တို့အောက်မေ့ပါတယ်ဆရာ။ အဲ့ဒီတော့ဆရာ အဲ့ဒီလိုသွားတဲ့အချိန်ကျတော့ ဒီအကျဉ်းကျမိသား စုတွေရဲ့ စိတ်အခံနဲ့ စိတ်ဓာတ်ခံစားမှုတွေ ဘယ်လိုတုန့်ပြန်မှုတွေ တွေ့ရသလဲဆရာ။


ဦးဝင်းတင်။ ။ ကျနော်ကတော့ ဘယ်လိုပြောချင်သလဲဆိုတော့ အားလုံးကလည်း ၀မ်းသာကြတယ်ဗျာ။ သူတို့ရဲ့ တုန့်ပြန်မှုတွေကလည်း အလွန်ကောင်းပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဥပမာဆိုပါတော့ ဒီကနေ့ သောကြာနေ့မှာ ကျနော်တို့ ဒေါ်သက်သက်အောင်တို့၊ ဒေါ်စန်းစန်းတင်တို့ အိမ်တွေရောက်တဲ့အခါကျတော့ အဲ့ဒီကမိသားဝင်တွေရဲ့ တက်ကြွမှုက ကျနော် ဦးတင်ဦးရဲ့စကားလေးကို ကိုးကားပြောရလို့ရှိရင် ကဲတဲ့ ကျနော်တို့ လာတဲ့ဟာက ခင်ဗျားတို့ကိုအားပေးဖို့လာတာပဲတဲ့။ ဒါပေမယ့်ခင်ဗျားတို့ကနေ ကျနော်တို့ကိုပြန်ပြီးတော့ အားပေးလိုက်သလိုဖြစ်ပါတယ်တဲ့။ အဲ့ဒီအတွက် ကျနော်တို့ အများကြီးရှေ့ဆက်ပြီးတော့လုပ်ရမယ့် လုပ်ငန်းတွေအတွက် အားတက်ပါတယ်ဆိုတဲ့ စကားကလေးကိုပြောခဲ့တယ်ဗျ။ အဲ့ဒီသဘောပဲဗျ။ ခင်ဗျားရဲ့မေးခွန်းနဲ့ပတ်သက်ပြီးတော့ ကျနော်ဖြေရရင်တော့ ဦးတင်ဦးစကားအတိုင်းပဲ ဖြေရမှာပဲ။ ကျနော်တို့တွေသွားပြီးတော့ မိသားစုဝင်တွေကို သွားတွေ့တဲ့အခါမှာ အားလုံးလိုလိုပေါ့ဗျာ ဒီဒေါ်သက်သက်အောင်တို့အိမ်တို့၊ ဒေါ်စန်းစန်းတင်တို့အိမ်တို့ အလားတူစွာပဲ အိမ်တိုင်းလိုလိုမှာ ဒီမိသားစု တွေရဲ့တုန့်ပြန်ချက်တွေဟာ ကျနော်တို့က အားသွားပေးတယ်ဆိုတဲ့သဘောထက် သူတို့ကနေ ပြန်ပြီးတော့ကျနော်တို့ကို အားပေးလိုက်တယ်။ ဆက်ပြီး တော့ နိုင်ငံရေးလုပ်ငန်းတွေလုပ်ပါ။ မှန်ကန်တဲ့နိုင်ငံရေးရပ်တည်ချက်တွေအပေါ်မှာ ရပ်ပါလို့ ကျနော်တို့ကိုပြန်ပြီးတော့ အားပေးလိုက်သလိုတောင်ဖြစ် ပါတယ်လို့ ကျနော်ပြောချင်ပါတယ်။


ဦးငွေလင်း။ ။ ကျနော်ယုံကြည်ပါတယ်ဆရာ။ ဒီ အထဲထဲက ကျနော်တို့ နိုင်ငံရေးယုံကြည်ချက်နဲ့ အကျဉ်းကျခံနေရတဲ့ ကျနော်တို့ညီအစ်ကို မောင်နှမတွေအကုန်လုံးက ဘယ်တော့မှ သူတို့ရဲ့ယုံကြည်မှုကိုစွန့်လွှတ်ကြမှာမဟုတ်ဘူး။ ဘယ်လောက်အထိ ဒုက္ခကြီးကြီး သူတို့ဆက်ပြီးတော့မှ တကယ့် ဒီယုံကြည်ချက်အပေါ်မှာ ရပ်ခံကြမယ်။ နောက်ပြီးတော့မှ တပြိုင်နက်တည်းမှာ ဆရာတို့အပြင်က ရဲရဲဝံ့ဝံ့နဲ့ ဒီလူထုအရှေ့ကနေပြီးတော့မှ ဦး ဆောင်လမ်းပြနေတာတွေကိုလည်း သူတို့ အစဉ်အမြဲထောက်ခံဝန်းရံနေလိမ့်မယ်လို့ ကျနော်အဲဒီလိုအောက်မေ့ပါတယ် ဆရာ။


ဦးဝင်းတင်။ ။ ကျနော်နောက်ဆုံးကြားရတဲ့ Message လေးတစ်ခုပေါ့ဗျာ။ ဘယ်သူ့ဆီက ဘယ်ဝ့ါဆီကရယ်လို့တော့ အတိအကျပြောဖို့ တော့မလွယ်ဘူးပေါ့။ မပြောလည်းမပြောချင်ပါဘူးကျနော်တို့ ဘာစကားလည်းဆိုလို့ရှိရင် အခု NLD ဟာ အခုနောက်ဆုံးရွေးကောက်ပွဲကို မဝင်ဖို့အတွက် မတ်လ (၂၉) ရက်နေ့က ဆုံးဖြတ်လိုက်တဲ့ ဆုံးဖြတ်ချက်ကို ထောင်ထဲမှာရှိတဲ့ လူတွေအားလုံးကနေပြီးတော့ ဒါကိုထောက်ခံတယ်။ ဂုဏ်ယူတယ် ဝမ်းသားတယ်ဆိုတဲ့ စကားတွေ ကျနော် အိမ်တိုင်းလိုလိုမှာ အနည်းနဲ့အများပေါ့ဗျာ ကြားခဲ့ရတဲ့ စကားဖြစ်ပါတယ်။ ကျနော်တို့ကို မိသားစုတွေရဲ့ တက်ကြွမှုတွေကြောင့်သာ အားတက်ရတာမဟုတ်ဘဲနဲ့ ထောင်ထဲကနေ ပါးလိုက်တဲ့ သတင်းစကားဖြစ်တဲ့အတွက် ကျနော်တို့ကလည်း အများကြီးကို အားတက်ရတယ်ဗျာ။ အမှန်အတိုင်းပြောရရင် ကျနော်တို့ရဲ့ ဒီ ဆုံးဖြတ်ချက်ကလည်း မြန်မာပြည်ရဲ့ နိုင်ငံရေးသမိုင်းမှာ အလွန်အရေးကြီးတဲ့ အချိုး အကွေ့ကြီးဖြစ်ပါတယ်။


ကျနော်တို့ဘက်ကကြည့်မယ်ဆိုရင် NLD ဘက်ကကြည့်မယ်ဆိုလည်း ဒါအလွန်ကိုကြီးမားတဲ့ စွန့်လွှတ်မှုပေါ့ဗျာ။ ကျနော်တို့ရဲ့ ပါတီ လုပ်ငန်းတွေ ပါတီအနေနဲ့ တရားဝင်ရပ်တည်မှုတွေ ဒါတွေကို ကျနော်တို့စွန့်ပြီးတော့ နိုင်ငံရေးကျင့်ဝတ်နဲ့အညီ ကျနော်တို့ မှန်ကန်တဲ့ဆုံးဖြတ်ချက် တွေချလိုက်တာ နောက်ပြီးတော့ ဒါဟာဘာလဲဆိုရင် ပြည်သူလူထုအပေါ်မှာ သစ္စာမဖောက်တာ ပြည်သူလူထုကို ကျောမခိုင်းတာဆိုတာ ပြပါတယ်။ တနည်း အားဖြင့်ဆိုလို့ရှိရင်လည်း ဒီရွေးကောက်ပွဲကို မဝင်ခြင်းအားဖြင့် ကျနော်တို့ဟာ ၂၀၀၈ စစ်အခြေခံဥပဒေကြီး တရားဝင်လုပ်ပေးမယ့် လမ်းကြောင်း ပေါ်မှာ လက်မြှောက် ဒူးထောက် အားလျားမှောက်ပြီးတော့ အပေါက်ကိုဝင်ပြီးတော့ တိုးတာမလုပ်ဘဲနဲ့ ပြည်သူကိုသစ္စာခံတဲ့ သဘောတရားနဲ့ ကျနော် တို့ရပ်တည်ခြင်းဖြစ်တယ်ဆိုတာကို ကျောင်းသားလူငယ်တွေဆီကနေပြီးတော့ ဒီလိုစကားမျိုးကို ပြန်ပြီးတော့ရတဲ့အခါကျတော့ ကျနော်တို့အများကြီးအား တက်ပါတယ်။ ကျနော်အဲဒီလိုပဲပြောချင်ပါတယ်။


ကိုငွေလင်း။ ။ သေချာပါတယ်ဆရာ အဲဒီဥစ္စာက။ အကျဉ်းထောင်တွေထဲကပဲဖြစ်ဖြစ် ကျနော်တို့အကျဉ်းထောင်ပြင်ပပေါ့ ဆရာ့စကားနဲ့ ပြောရ မယ်ဆိုလို့ရှိရင်တော့ ထောင်အကျယ်ထဲကပေါ့နော် ဒီမြန်မာပြည်တနံတလျားကလူတွေပဲဖြစ်ဖြစ် နောက်ကျနော်တို့လို အပြင်ဘက်မှာ ဆက်ပြီးအလုပ် လုပ်နေတဲ့ လူတွေပဲဖြစ်ဖြစ် အားလုံးအတွက် အားဖြစ်သွားစေတဲ့ ဆုံးဖြတ်ချက်လည်းဖြစ်သလို နောက် NLD ရဲ့ ဂုဏ်သိက္ခာ NLD ရဲ့ နိုင်ငံရေးတန်ဖိုး လည်း ပိုမိုပြီးကြီးသွားစေတယ်လို့ ကျနော်တို့ မြင်ပါတယ်ဆရာ။ အဲဒီဥစ္စာကို ကျနော်တို့ အကြွင်းမဲ့ထောက်ခံပါတယ်။


အဲဒီနောက်ပိုင်းမှာ တဆက် တည်း ဆရားတို့အားလုံး လူထုကိုလမ်းညွှန်ပေးနေတဲ့ နိုင်ငံရေးလုပ်ငန်းစဉ်တွေဆက်ပြီးတော့မှ ပျိုးထောင်နေကြတာ၊ ဆရာတို့နယ်ထွက်ပြီးတော့မှ စည်း ရုံးရေးတွေ ဆင်းနေကြတာတွေ အရမ်းကိုပဲ အားရပါတယ် ဆရာ။ အဲဒီကျတော့ နယ်ထွက်တဲ့ခရီးစဉ်တွေနဲ့ ပတ်သက်ပြီးတော့မှ ဆရာတို့ အဲဒီနယ်တွေ ကနေပြီးတော့မှ ပါတီဝင်တွေကဖြစ်စေ လူထုကဖြစ်စေ ဆရာတို့ကိုတုန့်ပြန်ပုံလေးတွေ နည်းနည်းလောက် မိတ်ဆက်ပေးပါလားဆရာ။


ဦးဝင်းတင်။ ။ အဲဒီဟာလည်း အရေးကြီးပါတယ်ဗျာ။ ဘာဖြစ်လို့အရေးကြီးလဲဆိုတော့ ခုနကပြောသလိုပေါ့ ဒီ မတ်လ (၂၉) ရက်နေု့ NLD ရဲ့ ဆုံးဖြတ်ချက်က မြန်မာပြည်နိုင်ငံရေးသမိုင်းမှာ အလွန်ကိုအရေးပါတဲ့ ဆုံးဖြတ်ချက်ကြီးတစ်ခုဖြစ်တယ်ဆိုတာကို တစ်ပြည်လုံး တစ်ကမ္ဘာလုံးပေါ့ဗျာ။ အသိအမှတ်ပြုကြပါတယ်။ အထူးသဖြင့်ကတော့ ကျနော်တိုက ဒီ အောက်ခြေတွေမှာရှိတဲ့ NLD တွေ၊ အောက်ခြေမှာရှိတဲ့ လူထုတွေနဲ့ သွားရောက်ပြီး တော့ ထိတွေ့ဆက်ဆံတဲ့အခါကျတော့ အဲဒီသူတို့ရဲ့ထောက်ခံမှုတွေဟာ ပိုပြီးတော့ထင်ရှားလာတယ်။ မြန်မာလူထုရဲ့ နိုင်ငံရေးအသိဟာ ဘယ်လောက် မြင့်မားတယ်ဆိုတာကို ကျနော်တို့တွေ့ရတဲ့အခါကျတော့ အများကြီးအားတက်ပါတယ်။


အမှန်တိုင်းပြောပြရရင် ကျနော်တို့လည်း ထောင်ထဲနေကြ ပေါ့ဗျာ။ တခါတလေကျတော့ သိတဲ့အတိုင်းပဲ ပြည်သူလူထုနဲ့ ကျနော်က အဆက်တွေကပြတ်။ အဲလိုအခါမျိုးမှာ ကျနော်တို့မှာ အားငယ်တဲ့စိတ်တွေ၊ မှားယွင်းတဲ့ သဘောထားတွေ၊ ကျနော်တို့မှာ ၀င်ဝင်သွားတယ်ဗျ။ ပြည်သူလူထုဟာ မြန်မာပြည်နိုင်ငံရေးမှာ စိတ်မှဝင်စားသေးရဲ့လား။ ပြည်သူလူထုမှာ နိုင်ငံရေးအသိမှ ရှိရဲ့လား။ နောက် ပြည်သူလူထုဟာ ရှေ့မှာသွားရမယ့် နိုင်ငံရေးခရီးနဲ့ပက်သက်ပြီးတော့ အားမာန်မှ ရှိသေးရဲ့လားဆိုတဲ့ ဒီကျနော်တို့ လွဲမှားတဲ့ စိတ်ကူး စိတ်သန်းတွေ၊ တခါတလေ ကျနော်တို့ခေါင်းထဲမှာ ၀င်တယ်ဗျ။ ဒါပေမယ့် အခု ကျနော်တို့ နယ်တွေကိုဆင်းသွားကြည့်တဲ့အခါမှာ ပြည်သူလူထုဟာ ခုနပြောသလို (၁) NLD ရဲ့ ဒီအလွန်အရေးပါတဲ့ မတ်လ (၂၉) ရက်နေ့ ဆုံးဖြတ်ချက်ကို မှန်တယ်လို့ တခဲနက် ပြောကြတယ်။ (၂) ကတော့ ဘာလဲဆိုတော့ ပြည်သူလူထုက ဘာပဲပြောနေနေ NLD ရွေးကောက်ပွဲမ၀င်ဘူး ဆုံးဖြတ်ခြင်း၊ ပါတီကို မှတ်ပုံမတင်ဘူးလို့ ဆုံးဖြတ်ခြင်း၊ အဲဒီကနေတဆင့် ဒီ (၂၀၀၈) စစ်အခြေခံဥပဒေကို ငြင်းပယ်ခြင်းဆိုတာတွေကို ပြည်သူလူထုက ဒါ သဘောပေါက်ပြီးတော့ ဘာဖြစ်လဲဆိုတော့ NLD မရှိလည်း NLD လုပ်သလို လုပ်မယ်ဆိုတဲ့ သဘောထားတွေကတော့ ပေါ်တယ်။ တကယ်လုပ်နိုင်ခြင်း၊ မလုပ်နိုင်ခြင်းကတော့ တစ်ပိုင်းပေါ့ဗျာ။


ပြည်သူလူထုရဲ့ တန့်ပြန်ချက်ကတော့ အဓိက တုန့်ပြန်ချက်ကတော့ ဘာလဲဆိုတော့ ဒီရွေးကောက်ပွဲကို NLD က ကျောခိုင်းသလိုပဲ၊ ပြည်သူလူထု ကလည်း ကျောခိုင်းမယ်ဆိုတဲ့သဘောထားကို ဖော်ထုတ်ကြခြင်းဖြစ်ပါတယ်။ ဒါအလွန်အရေးကြီးတဲ့ ဆုံးဖြတ်ချက်၊ ပြည်သူလူထုရဲ့ ဖော်ပြချက်နှစ်ခု ဖြစ်တယ်လို့ ကျနော် ပြောချင်ပါတယ်။ သို့မဟုတ်လို့ရှိရင်လည်း မြန်မာပြည်သူလူထုရဲ့ နိုင်ငံရေးအသိ ကြွယ်ဝခြင်း၊ လေးနက်ခြင်းကို ဖော်ပြတယ်လို့ ကျနော် အဲလိုပဲ ပြောပြချင်ပါတယ်ဗျာ။


ဦးငွေလင်း။ ။ ဟုတ်ကဲ့ပါ ဆရာ ဒီကျနော်တို့ ပါတီအနေနဲ့ဆိုလို့ရှိရင် ဒီ ဒေါ်အောင်ဆန်းစုကြည်၊ နောက်ပြီးတော့ ကျနော်တို့ ဒီ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ နောက်ပြီးတော့ (၉၀) ရွေးကောက်ပွဲရလဒ် ဆိုတာတွေအပေါ်မှာ အလေးအမြတ် အများကြီးထားပါတယ်ဆရာ။ တခြား တခြား ကျနော်တို့ ဒီဘက်မှာရှိနေတဲ့ လုပ်ဖော်ကိုင်ဖက်တွေအကုန်လုံးရဲ့ ရင်ထဲမှာလည်းပဲ အဲဒီလို အလေးထားချက်တွေ ရှိပါတယ်။ အခု မတ်လ (၂၉) ဆုံးဖြတ်ချက် ပြီးတဲ့အချိန်မှာဆိုရင်တော့ ဒီ NLD ဟာ တကယ့်တပ်ဦးမှာ တကယ်ကိုပဲ တာဝန်အရှိဆုံး၊ တကယ့်အရေးကြီးတဲ့ အဆုံးအဖြတ်တွေကို လုပ်ကိုင်ဆောင် ရွက်အနိုင်ဆုံးဆိုတဲ့ဥစ္စာကို ကျနော်တို့တွေ့ရပါတယ်ဆရာ။ ဒီကိစ္စတွေနဲ့ ပက်သက်ပြီးတော့မှ NLD ရဲ့ ရှေ့ဆက်ပြီးတော့မှ ဆောင် ရွက်နေတဲ့ လုပ်ငန်း စဉ်တွေနဲ့ ပက်သက်လို့ပေါ့ ဆရာပြောပြလို့ရသလောက် ပြောပြမယ်ဆိုရင်တော့ ကောင်းပါတယ် ဆရာ။


ဦးဝင်းတင်။ ။ ကျနော်အဲဒါတွေနဲ့ ပက်သက်ပြီးတော့ ဘယ်လိုပြောချင်သလဲဆိုတော့ ဒီဆုံးဖြတ်ချက်တွေအပေါ်မှာတည်ပြီးတော့မှ ကျနော်တို့ ရှေ့ကို ဘယ်လိုစခန်းသွားမလဲဆိုတာနဲ့ပက်သက်ပြီးတော့ စဉ်းစားတဲ့အခါမှာ ကျနော်တို့မှာလည်း အမှန်တိုင်းပြောရရင် အခက်ခဲတွေ မရှိဘူးလို့ ကျနော် တို့မပြောချင်ပါဘူး။ အခက်ခဲတွေရှိပါတယ်။ သို့သော် ကျနော်တို့ တစ်ဖက်ကပြန်ကြည့်တော့ ရှေ့မှာ မျှော်လင့်ချက်တွေ အများကြီးရှိတယ်။ အလားအလာ တွေ အများကြီးရှိတယ်လို့ ကျနော် ပြောချင်ပါတယ်။ အင်္ဂလိပ်စကားနဲ့ ပြောရရင် Bright In Tunnel ဆိုတဲ့ စကားရှိပါတယ်။ ဥမင်လှိုဏ်ခေါင်းထဲက အလင်းရောင်ပေါ့ဗျာ ဟုတ်လား။


ကျနော်တို့ဟာ ဒီနေ့ NLD က ထွက်သွားတဲ့လူတွေရဲ့ စကားအသုံး အနှုန်းနဲ့ပြောရရင် NLD ဟာ ဥပဒေလမ်းကြောင်း ထဲမှာ မရှိဘူး။ ဥပဒေပြင်ပမှာ ရှိတယ်ဆိုတဲ့အခါကျတော့ ကျနော်တို့ကတော့ အဲဒီအတွက် အရေးမကြီးဘူး။ သူတို့ပြောတဲ့ သူတို့ ဥပဒေလမ်းကြောင်း ပေါ်ဆိုတာ သူတို့က (၂၀၀၈) အခြေခံဥပဒေလမ်းကြောင်းပေါ်မှာရှိတာ။ ကျနော်တို့ကတော့ စစ်အခြေခံဥပဒေကို ဆန့်ကျင်တဲ့ စစ်မှန်တဲ့ တရားဥပဒေလမ်းကြောင်းပေါ်မှာ ကျနော်တို့ရှိနေတဲ့အတွက် ပြောချင်တာဘာလဲဆိုရင် ကျနော်တို့ဟာ မှောင်ထဲမည်းထဲ သွားနေတာမဟုတ်ဘူး။ ခုနပြောခဲ့တဲ့ ဥမင်လှိုဏ် ခေါင်းထဲက အလင်းရောင်ကိုမြင်ရတဲ့လူတွေလို ကျနော်တို့ခံစားရတယ်။ အဲဒါဘာလဲဆိုတော့ ဥမင်လှိုဏ်ခေါင်းထဲမှာ အလင်းရောင်တွေ့တယ်ဆိုက တည်းကိုက ဥမင်လှိုဏ်ခေါင်းက ပိတ်နေတဲ့လမ်းကို သွားနေတာမဟုတ်ဘူး ဥမင်လှိုဏ်ခေါင်းထဲမှာ အရှေ့မှာ ထွက်ပေါက်ရှိတယ်။ အဲတော့ ကောင်းပြီ အဲဒီ ထွက်ပေါက်က ကျနော်တို့ဘယ်လို ထွက်ကြမလဲ။ ကျနော်တို့ အဲဒီထွက်ပေါက်ကို အရောက်ဘယ်လို တက်လှမ်းကြမလဲ။ အဲဒီ ထွက်ပေါက်ကနေ ထွက်ပြီး တဲ့အခါ ကျနော်တို့ ဘာတွေလုပ်မလဲဆိုတာကို ကျနော်တို့ စဉ်းစားတဲ့အခါမှာ ကျနော်တို့ ဒီနေ့ NLD လုပ်နေတာဟာ ပထမဦးဆုံး ကျနော်တို့ လုပ်တာ ဘာလဲဆိုတော့ ကျနော်တို့ဟာ ဘယ်လောက်ပဲ စစ်အစိုးရကနေပြီးတော့ ကျနော်တို့က သေစေချင်နေနေ ဘေးရောက်စေချင်နေနေ။ ကျနော်တို့က ဘေးကိုမရောက်ဘူး။ ကျနော်တို့ဟာ မသေဘူး။ ကျနော်တို့ဟာ နိုင်ငံရေးအားဖြင့် ၀တ်လစ်စားလစ်ဖြစ်မနေဘူး။ Politically Naked မဟုတ်ဘူး။ ကျနော်တို့က ရှေ့မှာ ကောင်းကောင်းလမ်းကြီးက ဖြောင့်ဖြောင့်တန်းတန်းရှိတယ်လို့ ကျနော်ပြောချင်ပါတယ်။ အဲဒါတွေက ခုန ကိုငွေလင်းမေးတဲ့ စကားထဲကပါတဲ့ ကျနော်တို့ ဘာလုပ်သွားမလဲဆိုတာကို ပြတာပါပဲ။ ဒီ ကျနော် ပြောတဲ့စကားတွေမှာတော့ ကျနော်တို့ ဘာတွေ လုပ်မယ်။ ရှေ့မှာ ဘာတွေ ရှိတယ်ဆိုတာကို ပြတယ်လို့ ကျနော်ပြောချင်ပါတယ်။ ကျေးဇူးတင်ပါတယ်။


ဦးငွေလင်း။ ။ အခုလို ရှင်းပြတာ ကျေးဇူးတင်ပါတယ် ဆရာ။ အားလုံးကျန်းမာရေးကို ဂရုစိုက်ကြပါဆရာ။ အားလုံး ကျန်းကျန်းမာမာနဲ့ နိုင်ငံ့တာဝန်တွေကို ဆက်ပြီးထမ်းဆောင်နိုင်ကြပါစေလို့ ကျနော်တို့ အလေးနက်ကိုပဲ ဆုတောင်းပေးပါတယ်ဆရာ။


x x x x x


(၁၂-၇-၂၀၁၀ ရက်နေ့ RFA မြန်မာပိုင်းအစီအစဉ်၏ ဦးဝင်းတင်နှင့် စကားပြောခြင်းအစီအစဉ်)