13 July 2010

ကျပ်ငါးသိန်းတန်ဖုန်းမန္တလေးတိုင်း တွင် သုံးရက်အတွင်း လျှောက်ထားရယူနိုင်

ကျပ်ငါးသိန်းတန် စီဒီအမ်အေ ၈၀၀ မဂ္ဂါဟတ်ဇ် ဖုန်းများကို မန္တလေးမြို့တွင် ယခုလ ၅ ရက်နေ့မှ စတင်ကာ သုံးရက်အတွင်း အပြီးသတ်လျှောက်ထား ရယူနိုင်ပြီ ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းက သတင်း ထုတ်ပြန်သည်။ အဆိုပါ ဖုန်းများကို မန္တလေးမြို့ရှိ သတ်မှတ်နေရာ သုံးခုဖြစ်သည့် လမ်း ၈၀ နှင့် ၂၅ လမ်းထောင့်ရှိ တိုင်းကြေးနန်းရုံး ပီအေစီ၊ ပြည်ကြီးတံခွန် စာတိုက်နှင့် အမရပူရ အိတ်ချိန်းရုံးများတွင် လျှောက်ထား ရယူနိုင်မည် ဖြစ်ပြီး လျှောက်ထား လိုသူများအနေဖြင့် ဖုန်းလျှောက်လွှာ၊ မှတ်ပုံတင် မိတ္တူ၊ ပုံစံ ၁၀ မိတ္တူတို့ဖြင့် လျှောက်ထားရမည် ဖြစ်သည်။

လျှောက်ထားပြီး နောက်နေ့တွင် လမ်း ၈၀ နှင့် ၂၅ လမ်း ထောင့်ရှိ မန္တလေးတိုင်း ဆက်သွယ်ရေးရုံးတွင် မှတ်ပုံတင် မူရင်းပြသ၍ ငွေသွင်းချလံ ထုတ်ယူခြင်းနှင့် ဘဏ်(၁)တွင် ဖုန်းတပ်ဆင်ခ ပေးသွင်းခြင်းများ ပြုလုပ်ရမည် ဖြစ်ပြီး ထို့နောက်တွင်မှ အီလိုက်တက် အရောင်းစင်တာတွင် ဖုန်း RUIM ကတ်ကို ထုတ်ယူနိုင်မည် ဖြစ်ကာ လျှောက်ထားပြီး သုံးရက်အတွင်း ဖုန်းတပ်ဆင်နိုင်မည် ဖြစ်ကြောင်း သိရသည်။

ထိုဖုန်းများကို ယခင်က မန္တလေးတိုင်း ဆက်သွယ်ရေးရုံးများတွင် ဆက်သွယ် လျှောက်ထားခဲ့ရပြီး ဖုန်းသုံးစွဲခွင့် ရရှိရန် အနည်းဆုံး နှစ်ပတ်ခန့် ကြာမြင့်လေ့ရှိသည်။ အဆိုပါဖုန်းများကို သုံးရက်အတွင်း အပြီးသတ်လျှောက်ထား ရယူနိုင်မည့် အစီအစဉ်နှင့် ပတ်သက်၍ မန္တလေးမြို့နေ ကိုသူရက “အခု အစီအစဉ်က ဖုန်းလျှောက်တဲ့သူတွေအတွက် အချိန်ကုန်သက်သာပြီး အဆင်ပြေပါတယ်။ အရင်ကဆို ဖုန်းအမြန် လိုချင်သူတွေအတွက် အပြင်မှာ ငါးသောင်းကနေ တစ်သိန်းလောက်အထိ အပိုပေး နေရတာမျိုးလည်း သက်သာသွားတာပေါ့ ” ဟု သုံးသပ် ပြောကြားခဲ့ကြောင်း Internet ဂျာနယ်တွင် ဖော်ပြထားပါသည်။