12 April 2010

ပြည်သူ့ဂုဏ်ရည် ဂုဏ်ပြုအစီအစဉ်၏ ပထမအဆင့်ဆန်ကာတင်စာရင်း အမည် ၂၄ ခု ထုတ်ပြန်စာအမှတ် ၆/ ၂၀၁၀ - နေ့စွဲ - ဧပြီ ၉၊ ၂၀၁၀

အပြည်ပြည်ဆိုင်ရာမြန်မာမိသားစုများ၏ ပြည်သူ့ဂုဏ်ရည် (Citizen of Burma Award)

www.citizenofburma.org P.O Box 1276, Baldwin Park, CA 91706, U. S. A

Albany, Cincinnati, Washington D.C, Virginia, Maryland Metro Area, New York, Buffalo, Boston, Fort Wayne, Phoenix, Seattle, San Francisco and Los Angeles, Denver, Aurora,Greeley, Chapel Hill, Carrboro, High Point

ပြည်သူ့ဂုဏ်ရည် ဂုဏ်ပြုအစီအစဉ်၏ ပထမအဆင့်ဆန်ကာတင်စာရင်း အမည် ၂၄ ခု ထုတ်ပြန်

စာအမှတ် ၆/ ၂၀၁၀ - နေ့စွဲ - ဧပြီ ၉၊ ၂၀၁၀




၁။ မတ်လ ၂၄ ရက်နေ့က စတင်ပြီး Citizen of Burma Award - ပြည်သူ့ဂုဏ်ရည် အစီအစဉ်ကို ကြေငြာချက်ထုတ်ပြန်ခဲ့သည်။ မြန်မာပြည်တွင်းရှိ စေတနာ့ဝန်ထမ်းလူမှုလုပ်ငန်း စွမ်းဆောင်သူများအနက် မိမိတို့ ဆန္ဒပြုလိုသူကို အွန်လိုင်းနှင့် အီးမေးများမှ တဆင့် တင်သွင်းရန် ဖိတ်ခေါ်ခဲ့သည်။ လက်ရှိပါဝင်ဆောင်ရွက်နေကြသော ပြည်သူ့ဂုဏ်ရည်အစီအစဉ် ဖြစ်မြောက်ရေးအဖွဲ့ဝင်များကလည်း မိမိတို့နေထိုင်ရာ မြို့ရွာဒေသအလိုက် ဆန္ဒသဘောထားများ လိုက်လံမေးမြန်းကောက်ခံခြင်းတို့ကိုလည်း ဆောင်ရွက်လျက် ရှိကြသည်။



၂။ မတ်လ ၂၄ မှ ဧပြီလ ၉ ရက်အတွင်း ပြည်သူ့ဂုဏ်ရည် အမည်စာရင်းတင်သွင်းခြင်းကို လက်ခံခဲ့ရာ ယခု နောက်ဆုံးစာရင်းပိတ်ချိန်တွင် ပထမအဆင့် ဆန်ကာတင်စာရင်းမှာ အောက်ပါအတိုင်းဖြစ်သည်။ ၎င်းအမည်စာရင်းရှင်တို့၏ ထူးခြားမှုအကျဉ်းကိုလည်း ရရှိသော အချက်အလက်များပေါ်မူတည်၍ အောက်ပါအတိုင်း တွဲဖက် တင်ပြလိုက်ပါသည်။



၃။ ၎င်း တို့မှာ -


၁။ ကရုဏာလူမှုကူညီရေးအသင်း၊ မူဆယ်မြို့၊ ရှမ်းပြည်နယ် - ပညာရေး၊ ကျန်းမာရေး၊ နာရေးနှင့် လူနာစောင့်ရှောက်မှု စေတနာဝန်ထမ်းလုပ်ငန်းများ ဆောင်ရွက်နေသော အသင်း ဖြစ်သည်ဟု ဆိုပါသည်။ အချက်အလက်များ ပိုမိုပြည့်စုံအောင် ဖြည့်စွက်ပြီး ဆက်လက် တင်ပြပါမည်။




၂။ ကျော်သူ၊ ရုပ်ရှင်သရုပ်ဆောင်၊ နာရေးကူညီမှုအသင်း - ရုပ်ရှင်သရုပ်ဆောင်အလုပ်ကိုပါ အထိခိုက်ခံပြီး ရန်ကုန် - နာရေးကူညီမှုအသင်းကြီးကို ဦးဆောင် ဆောင်ရွက်သူ၊ ထိုနာရေးကူညီမှုအသင်းနှင့်အတူ စာကြည့်တိုက်၊ ဆေးခန်း စသည့် ကုသိုလ်ဖြစ် လုပ်ငန်းများကိုပါ ဆက်လက် တာဝန်ယူဆောင်ရွက်နေသူ၊ နိုင်ငံ၏ ခေတ်နောက်ပြန်ဆွဲသည့် အယူအဆ အလေ့အကျင့်များကို နာရေးကူညီမှုလုပ်ငန်း ၀တ္တရားများဆောင်ရွက်ရင်း ထုတ်ဖော်ပြောဆိုပြီး ပြောင်းလဲမှုသို့ ဆွဲခေါ်သူ



၃။ ဒေါက်တာစောဝါးထူး၊ မော်လမြိုင်မြို့ အနာကြီးရောဂါပြုစုစောင့်ရှောက်ရေးဆေးရုံ - အနာကြီးရောဂါသည်များအား ပြုစုစောင့်ရှောက်ဆေးကုသမှုပေးသည့် ဆေးရုံအုပ် ဆရာဝန်ကြီးကို ဆန္ဒပြုတင်ပြထားပါသည်။ အချက်အလက်များ ပိုမိုပြည့်စုံအောင် ဖြည့်စွက်ပြီး ဆက်လက်တင်ပြပါမည်။



၎။ ဇာဂနာ၊ လူရွှင်တော်၊ ဒါရိုက်တာ၊ စေတနာ့ဝန်ထမ်း စွမ်းဆောင်သူ - ၂၀၀၈ မေ - နာဂစ်မုန်တိုင်း ကယ်ဆယ်ရေးလုပ်ငန်းများကို ဆရာတော်၊ သံဃာတော်များ၊ အနုပညာရှင်များ၊ ပြည်သူများ၊ လူငယ်များနှင့် ပူးပေါင်းပြီး ဆောင်ရွက်နိုင်ခဲ့သည်။ ပရိသတ်ကိုလည်း မီဒီယာများကတဆင့် အမြန်ဆုံး သတင်းပို့ ရှင်းပြနိုင်ခဲ့သည်။ စစ်အစိုးရကို နာဂစ်ကယ်ဆယ်ရေးနှင့် ပတ်သက်ပြီး ဝေဖန်ပြောဆိုသဖြင့် ဖမ်းဆီးထောင်ချခံရသည်။ ထောင်ဒဏ် ၅၈ နှစ် ကျခံနေရသည်။ လူမှုရေးလုပ်ငန်းများအတွက် အလှူရှင်များ၊ လုပ်အားပေးစေတနာရှင်များနှင့် ပရိသတ်အားလုံးကို စည်းရုံးနိုင်သူ၊ အလုပ်ပြီးမြောက်အောင် ဆောင်ရွက်သူ၊ ရဲရင့်ပွင့်လင်းစွာ ပြောဆိုတင်ဆက်နိုင်သူ အနုပညာရှင်တဦးအဖြစ် ထူးခြားသည်။



၅။ ဦးဇေယျာပဏ္ဏိတ၊ မိုးညှင်းသိဂီကျောင်းတိုက် ဆရာတော် ( ပိုင်းလော့ဆရာတော်)၊ တောင်ဒဂုံမြို့သစ် ၊ ရန်ကုန် - နာဂစ်မုန်တိုင်း အပြီး ကွမ်းခြံကုန်း၊ ဒေးဒရဲအပိုင် ကျေးရွာများအတွက် ကယ်ဆယ်ရေး၊ ပြန်လည်ထူထောင်ရေး၊ စားရေရိက္ခာ ထောက်ပံ့ရေး၊ ဆေးဝါးကုသရေးလုပ်ငန်းများ ဦးဆောင်ကူညီမှုများ ပေးအပ်ခဲ့သည်။ ရွာသားများနှင့် ကလေးသူငယ်များကို စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးဖြေသိမ့်မှုများ ဆောင်ရွက်ပေးရုံသာမက ရွာသားများအား ပြန်လည်ထူထောင်ရေးအတွက် အသက်မွေးဝမ်းကြောင်းလုပ်ငန်းများကို ကိုယ်ထူကိုယ်ထ ကြံဆ ဆောင်ရွက်လာနိုင်အောင် စည်းရုံးဦးဆောင်နိုင်ခဲ့သည်။



၆။ သီတဂူဆရာတော် ဦးဉာဏိသရ - နာဂစ်မုန်တိုင်းတိုက်ခတ်ပြီးနောက် ဒုက္ခသည်ကူညီကယ်ဆယ်ရေးလုပ်ငန်းများတွင် နိုင်ငံတကာ အန်ဂျီအိုများပြီးလျင် တဦးချင်း အနေဖြင့် ငွေကြေး၊ အရင်းအနှီးအများဆုံးကို ပြည်သူလူထုထံက စနစ်တကျ အလှူခံကာ ဒုက္ခသည်များအား စနစ်ကျစွာဖြင့် ထောက်ပံ့ ပေးနိုင်ခဲ့သည့် ဗုဒ္ဓဘာသာ ဆရာတော် တပါးဖြစ်သည်။ ၁၉၈၀ ခုနှစ်များကတည်းက ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်းအခြေပြုပြီး သောက်သုံးရေ အလှူ၊ ဆေးကုသမှု ဒါနအလှူ နှင့် လူမှုလုပ်ငန်း စေတနာ့ဝန်ထမ်းအလုပ်များကို အားပေး ထောက်ပံ့သူ၊ လှုံဆော်စည်းရုံးသူ၊ တည်ထောင်ဆောင်ရွက်သူတဦးအဖြစ် ထင်ရှားသည်။



၇။ ဦးနာယက၊ မန္တလေး - ဖောင်တော်ဦးဘုန်းတော်ကြီးကျောင်း - ဘုန်းတော်ကြီးသင်ပညာရေးကျောင်းကို ၁၀ စုနှစ် တခုကျော် ဦးဆောင် အကောင်အထည်ဖော်သူဖြစ်သည်။ အလှူရှင်များ၊ အဖွဲ့အစည်းများ၊ စေတနာရှင်လုပ်အားပေးများဖြင့် ဘုန်းတော်ကြီးကျောင်းအခြေပြု နေ့ကျောင်းနှင့် အဆောင်ကျောင်းများတွင် ပညာသင်ဦးရေ ၅ ထောင်ကျော်ကို ပညာသင်ပေးနေသည်။ ပြည်နယ် အစွန်အဖျား အနှံ့က ကလေးသူငယ်များကိုလည်း စောင့်ရှောက်ပျိုးထောင်မှု ပေးလျက်ရှိသည်။ ဘုန်းတော်ကြီးသင်ကျောင်းများမှတဆင့် အဆင့်မြင့်ပညာရေးဆက်နိုင်အောင်လည်း အားပေး ဆောင်ရွက်နေသူဖြစ်သည်။



၈။ နာရေးကူညီမှုအသင်း၊ ရန်ကုန်မြို့ - နာရေးကူညီမှုအသင်း ဖြစ်မြောက်ရေးကော်မတီကို ၂၀၀၁ ခုနှစ်၊ ဇန်န၀ါရီလ ၁ ရက်နေ့မှ စတင် ဖွဲ့စည်းခဲ့သည်။ ဆရာကြီး ဦးသုခ၏ အိပ်မက်နှင့် မန္တလေးဗြဟ္မာစိုရ်အသင်းကြီး၏ လမ်းပြမှုမှ အကောင်အထည် ပေါ်လာသော 'ရန်ကုန်မြို့ နာရေးကူညီမှုအသင်း' ဖြစ်မြောက်ရေး ကော်မတီတွင် လူတန်းစားမျိုးစုံ ပါဝင်သည်။ နာရေးလုပ်ငန်း၊ မိခင်နှင့်ကလေး စောင့်ရှောက်ကယ်တင်ရေးလုပ်ငန်း၊ အခြား ကျန်းမာရေးစောင့်ရှောက်မှု၊ စာကြည့်တိုက်နှင့် လူငယ်ဖြွုံဖိုးရေး စေတနာဝန်ထမ်းလုပ်ငန်းများ ဆောင်ရွက်နိုင်သည်။ အထူးသဖြင့် ၂၀၀၈ နာဂစ်တွင် အသင်းကြီး၏ စေတနာဝန်ထမ်းအားလုံး မြန်မာပြည်သူ ရဟန်းသံဃာတို့နှင့်အတူ ကယ်ဆယ်ရေး၊ စောင့်ရှောက်ရေး၊ နာရေး၊ ကျန်းမာရေးလုပ်ငန်းများ အမြန်ဆုံး၊ အထိရောက်ဆုံး ဆောင်ရွက်နိုင်ခဲ့သည်။



၉။ ဖြူဖြူသင်း၊ အင်န်အယ်ဒီပါတီဝင်၊ HIV လူနာများ ကူညီစောင့်ရှောက်ခြင်း - ၂၀၀၂ တွင် ဒေါ်အောင်ဆန်းစုကြည်၏ လူငယ်အဖွဲ့သို့ လမ်းညွှန်မှုများနှင့်အတူ ကုလအစီအစဉ်ဖြင့် အေအိုင်ဒီအက်စ်- အိတ်ခ်ျအိုင်ဗီ ပညာရေးသင်တန်းကို တက်ရောက်ခဲ့သည်။ ၎င်းနောက် HIV လူနာများ၊ ကလေးသူငယ်များကို ကူညီစောင့်ရှောက်ခြင်းကို ဇောက်ချပြီး လုပ်ကိုင်ခဲ့သည်။ နိုင်ငံရေး အနှောက်အယှက်များကြားမှ ယနေ့ထက်ထိ အဆိုပါလုပ်ငန်းကို တစိုက်မတ်မတ် လုပ်ကိုင်သူဖြစ်သည်။ အခြားအင်န်ဂျီအိုလုပ်ငန်းအများအပြားရှိသည့်ကြားက ဖြူဖြူသင်းနှင့် မိတ်ဆွေများသည် လူနာများ၏ လိုအပ်ချက်များကို အခက်အခဲများကြားထဲက ရဲရင့်စွာ ထုတ်ဖော်ပြောဆိုခြင်း၊ လှုပ်ရှားဆောင်ရွက်ခြင်းဖြင့် ကိုယ့်အားကိုယ်ကိုး စွန့်စားဆောင်ရွက်နေရသူ



၁၀။ ဗြဟ္မစိုရ်အသင်း၊ မန္တလေးမြို့၊ နာရေးနှင့် လူမှုရေးကူညီမှုအသင်း - ဗြဟ္မာစိုရ်အသင်းကြီးသည် မန္တလေးမြို့၏ နာရေးကူညီမှုအသင်းကြီး ဖြစ်သည်။ ၁၉၉၈ မေ ၇ ရက်နေ့မှာ ဗြဟ္မစိုရ် လူမှု ကူညီရေး အသင်းကို မန္တလေးတွင် စတင် ဦးဆောင် ဖွဲ့စည်း ခဲ့သည်။ တောင်စလင်း ဆရာတော် ဦးတိက္ခက ကျောင်းဝင်း အတွင်း ပေ နှစ်ရာ ပတ်လည် မြေကွက်ကို အသုံးပြုခွင့် ပေးသဖြင့် အသင်း၏ နေရာဌာန ဖြစ်လာသည်။ ဆရာတော် ဦးတိက္ခသည် ၎င်းအသင်းတွင် နာယက အဖြစ် တာဝန် ယူသည်။ နဒီ မြန်မာ ဦးအောင်ခိုင်၊ ဒေါ်ညိုမီ မိသားစုမှ နာရေးယာဉ် တစ်စီး လှူဒါန်းပြီး၊ နာရေး ကူညီမှု အပိုင်းမှာ အသားကျ လာသည့် အခါ ကျန်းမာရေး ကူညီမှု များကို ၂ဝဝဝ ခုနှစ် ဧပြီလ ၄ ရက်နေ့မှစပြီး ကူညီပေးခဲ့သည်။



၁၁။ မလွန်ဈေးဆန်လှူအသင်းကြီး၊ မန္တလေး - မြန်မာပြည်အတွင်း အနယ်နယ်အရပ်ရပ်မှ အလှူခံရရှိသော ဆွမ်းဆန်များကို နှစ်စဉ် တော်သလင်းလ၌ စစ်ကိုင်း၊ မင်းကွန်း၊ မင်းဝံ တောင်ရိုးကြီး သုံးရပ်နှင့် မန္တလေး လေးပြင်လေးရပ်မှာ သီတင်းသုံးကြသည့် ရဟန်း သာမဏေ၊ သူတော်၊ သီလရှင်များကို ပေးလှူသော အသင်းကြီး ဖြစ်သည်။ သီပေါမင်းတရား ပါတော်မူသည့်နှစ် (၁၈၈၅)ခုနှစ်အလွန် (၁၁)နှစ်အကြာမှာ စတင်တည်ထောင်ခဲ့သည်။ မန္တလေးမြို့ရှိ နှစ်ပေါင်း(၁၁၀)ကျော်ရှိပြီ ဖြစ်၍ ရှားရှားပါးပါး ပရဟိတအသင်းကြီး ဖြစ်သည်။ တစ်ပြည်လုံးတွင် စေတနာ့ဝန်ထမ်း မလွန်ဆန်လှူ အသင်းထောက် (၇၀၀)ကျော်က ပရဟိတ စိတ်ရင်း အပြည့်နှင့် ပါဝင်လုပ်ဆောင်ပေးနေကြသည်။



၁၂။ မေရီချက်(ပ်)မင်း နားမကြားသောကလေးများ ကျောင်း။ Mary Chapman Teachers Training Callege & School for the Deaf။ ရန်ကုန် - မြန်မာနိုင်ငံရှိ နားမကြားသော ကလေးများအတွက် ပထမဆုံးကျောင်းပင် ဖြစ်သည်။ ၁၉၂၀-ခုနှစ်တွင် အင်္ဂလန်သူ မစ္စ မေရီချက်(ပ်)မင်း (Miss Mary Chapman) က မြန်မာပြည်ရှိ မွေးရာပါ နားမကြား၊ စကားမပြောတတ်သော ကလေးသူငယ်များအတွက် စတင်တည်ထောင်ခဲ့သည်။ နားမကြားသော ကလေးငယ်များကို ပညာသင်ကြားပေးနိုင်မည့် ဆရာ၊ ဆရာမများကို ပျိုးထောင်ပေးခဲ့ပြီး နားမကြားသော ကလေးများကိုလည်း စာနှင့် သက်မွေးပညာရပ်များကို သင်ကြားပေးခဲ့သည်။


၁၃။ မြင့်မြင့်ခင်ဖေ (ရွှေဇီးကွက်)၊ နာရေးကူညီမှုအသင်း - မိမိ၏ မိသားစု၊ ခင်ပွန်းနှင့်အတူ လူမှုရေးလုပ်ငန်းများတွင် မြှုပ်နှံလုပ်ကိုင်သူ။ နာဂစ်မုန်တိုင်းကယ်ဆယ်ရေးကိစ္စများတွင် ငွေကြေး၊ လုပ်အား၊ စွမ်းအင်များကို ထိရောက် မြန်ဆန်မှု ရှိအောင် စီမံခန့်ခွဲနိုင်သူ။ စိတ်ဓာတ်ကြံ့ခိုင်သော ခေါင်းဆောင်မှုပေးနိုင်သည့် အမျိုးသမီးတဦး



၁၄။ ဦးမြင့်အေး၊ လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့၊ ကြည့်မြင်တိုင်၊ ရန်ကုန် - အဓမ္မလုပ်အားပေးများအား ကာကွယ်စောင့်ရှောက်ရေး၊ ကလေးစစ်သားများကို ကယ်တင်စောင့်ရှောက်ခြင်း၊ လူ့အခွင့်အရေးကာကွယ်ရေးလုပ်ငန်းများကို နယ်များ၊ ကျေးလက်များအထိ ဆင်းပြီး ဆောင်ရွက်သူ။ ကော့မှူးမြို့နယ် အဓမ္မလုပ်အားပေးများဘက်က ရပ်တည် တရားစွဲဆိုအောင်နိုင်သူ စုစုနွေးအရေးတွင် အိုင်အယ်အိုထံ သတင်းပေးပို့ပြီး ၀ိုင်းဝန်း လက်တွဲ ဆောင်ရွက်ခဲ့သူ တဦးဖြစ်သည်။



၁၅။ မြန်မာဘလော့ဂ်ဂါဆိုဇိုင်ယတီ၊ MBS (Myanmar Blogger Society) - အင်တာနက်နှင့် ကွန်ပျူတာအခြေစိုက် ပညာဒါနလုပ်ငန်း၊ စေတနာ့ဝန်ထမ်းလူမှုရေးလုပ်ငန်းနှင့် တကိုယ်ရည်တိုးတက်မှုများကို စေတနာ့ဝန်ထမ်းဆောင်ရွက်သော အဖွဲ့တခု ဖြစ်သည်။ ၂၀၀၇ တွင် ပထမဦးဆုံး မြန်မာဘလော့ဂ်ဂါများ ဆွေးနွေး ကျင်းပခဲ့သည်။ ၂၀၀၈ မေ နာဂစ်မုန်တိုင်း ကယ်ဆယ်ရေး၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် အလှူခံခြင်း၊ လုပ်အားပေးခြင်းများ ပြုလုပ်ခဲ့သည်။ ၂၀၀၈ မှ ၂၀၁၀ အတွင်း ရန်ကုန် မြန်မာအိုင်စီတီပတ်ခ်က အခြေတည်ပြီးနောက် ရန်ကုန်၊ မန္တလေး၊ တောင်ကြီး၊ ပခုက္ကူမြို့များတွင် အခမဲ့နည်းပညာသင်တန်းများ ပြုလုပ်ခဲ့သည်။ အွန်လိုင်းမှတဆင့် အီးဘွတ်များ၊ အခမဲ့ဝန်ဆောင်မှုများလည်း ဆောင်ရွက်လျက်ရှိသည့် အစုအဖွဲ့တခု ဖြစ်သည်။



၁၆။ မွတ်ဆလင်ကုသိုလ်ဖြစ်ဆေးရုံ၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန် - အထွေထွေရောဂါနှင့် မျက်စိကု ကုသိုလ်ဖြစ်ဆေးရုံကိုလည်း ဆန္ဒပြုထားကြပါသည်။ ရန်ကုန် မတ်ွဆလင် ကုသိုလ်ဖြစ်ဆေးရုံကို ဒေါက်တာ တင်မျိုးဝင်း တာဝန်ယူကြည့်ကြပ်လျက် ရှိပြီး နိုင်ငံရေးနယ်ပယ်နှင့် နိုင်ငံရေး အကျဉ်းသားဟောင်းများ၏ ကျန်းမာရေး စောင့်ရှောက်မှု ၊ဆေးဝါးကုသမှုတို့ကို တာဝန်ယူလုပ်ဆောင်ပေးလျက် ရှိသည်ဟု သိရသည်။



၁၇။ ရန်အောင်မြင် ဆွမ်းချက်နှင့် နာရေးကူညီမှု အသင်း၊ မိတ္ထိလာ - ၁၉၉၁ မိတ္ထိလာမီးကြီးအပြီး ၁၉၉၂ မှ စတင်ပြီး သံဃာတော်များကို ဆွမ်းချက်လောင်းလှူခြင်းနှင့် မြို့နယ်တွင်း မိသားစုများ၏ နာရေးကူညီမှုကို ဆောင်ရွက်ခြင်းတို့ကို ပြုလုပ်ခဲ့သည်။ ၁၉၉၃ တွင် အသင်းကို မှတ်ပုံတင်ဖွဲ့စည်းနိုင်ခဲ့သည်။ မိတ္ထိလာ လူအိုရုံအတွက်လည်း ဝေယျာဝစ္စများ ဆောင်ရွက်လျက်ရှိသည်။ သံဃာတော်အပါး ၁၂၀၀၏ နေ့စဉ် ဆွမ်း ကို လောင်းလှူလျက်ရှိုသည်။ မိတ္ထိလာမြို့ရှိ ပူအိုက်ခြောက်သွေ့သော သင်းချိုင်းမြေကို သစ်ပင်ဝါးပင်တို့ စိုက်ပျိုးပြီး သာယာစိမ်းစိုအောင်လည်း ဆောင်ရွက်နိုင်ခဲ့သည်။ မိတ္ထိလာလူအိုရုံမှ လူကြီးသူမများကို နှစ်စဉ် မြန်မာပြည်ဘုရားဖူးခရီး စီစဉ်ပေးနိုင်သည်။ အသင်းဥက္ကဋ္ဌမှာ ဦးအုန်းကျော်၊ အတွင်းရေးမှူးမှာ ဦးမြင့်သိန်း ဖြစ်သည်။



၁၈။ သုခရိပ်မြုံ - HIV ကူးစက်ခံမိဘမဲ့ ကလေးများဂေဟာ (ဒဂုံမြို့သစ် အရှေ့ပိုင်း) - ၂၀၀၆ခုနှစ်မှာ အုတ်မြစ်ချအခြေတည်ခဲ့ပြီး HIV ကူးစက်ခံ မိဘမဲ့ကလေးငယ်များကို လိုအပ်သည့် ဆေးဝါးများပုံမှန်တိုက်ကျွေးကာ အလှည့်ကျဆရာဝန်များ၊ သူနာပြုများနှင့် ပြုစုပေးနေသလို ဝိသာခါ သီလရှင်ပညာဒါနကျောင်းရဲ့ သင်ရိုးများအတိုင်း ပညာသင်ကြားပေးရာ နေရာ။



၁၉။ ဦးသုမင်္ဂလ (ဒယ်အိုးဆရာတော်) ၊ မှော်ဘီမြို့၊ မင်္ဂလာကျောင်းတိုက် - ၂၀၀၇ နောက်ပိုင်း တရားပွဲများတွင် ယနေ့မြန်မာလူမှုအဖွဲ့အစည်းကို ဝေဖန်ထောက်ပြမှုများဖြင့် ထင်ရှားသူ ဗုဒ္ဓဘာသာတရားပြ ဆရာတော်ဖြစ်သည်။ သုမင်္ဂလာအကျိုးတော်ဆောင်လုပ်ငန်းကို ထူထောင်ပြီး နာဂစ်ကူညီမှုလုပ်ငန်းများ၊ ပညာဒါနလုပ်ငန်းများ၊ ကျန်းမာရေးနှင့် အထွေထွေလူမှုရေးလုပ်ငန်းများအတွက် ထောက်ပံ့လှူဒါန်းမှုများ ပြုလုပ်သူ ဖြစ်သည်။


၂၀။ သန်းမြင့်အောင် (စာရေးဆရာမ)၊ နာရေးကူညီမှုအသင်း - စာရေးသားခြင်းအလုပ်ကို အချိန်ပြည့် မလုပ်ကိုင်နိုင်တော့ဘဲ နာရေးကူညီမှုလုပ်ငန်းနှင့်တကွ အခြား အားနည်းသူ ကလေးသူငယ်များ (HIV သင့်ကလေးသူငယ်များ) စောင့်ရှောက်ရေး၊ ရန်ပုံငွေ ရှာဖွေရေး၊ စာပေလောက၊ အနုပညာလောက အသိုင်းအ၀ိုင်းများ၏ ၀ိုင်းဝန်းပါဝင်ဆောင်ရွက်လာရေး စသည့်လုပ်ငန်းများကို စုစည်းဆောင်ရွက်နိုင်သူ။ ၎င်း၏ စာပေရေးသားမှုများတွင်လည်း မြန်မာပြည်၏ အထူးလိုအပ်မှုများ ကြီးမားကျယ်ပြန့်လှသည့် လူမှုရေးဒုက္ခဘေးကို စာဖတ်သူများ စာနာစိတ်၊ သဒ္ဓါစိတ်၊ စေတနာ့ဝန်ထမ်းစိတ်များ ပေါ်ပေါက်လာစေဖို့ အားထုတ်ရေးသားနိုင်သည့် စာရေးဆရာ



၂၁။ ဦးအာစိဏ္ဏ - တေဇာရာမ ဘုန်းတော်ကြီးသင် အလယ်တန်းကျောင်း၊ ရွှေပြည်သာမြို့ နယ်၊ ရန်ကုန်တိုင်း - ယခင်က လှိုင်မြို့နယ်(၁၅)ရပ်ကွက် အနောက်အုတ်ကျင်းတွင် တည်ရှိခဲ့သော ဘုန်းကြီးကျောင်းပတ်ဝန်းကျင် သည်စက်ရုံပေါင်းများစွာတည်ရှိသော နေရာဒေသဖြစ်ပြီး ၄င်းစက်ရုံများတွင် အလုပ်လုပ်ကြသော အခြေခံအလုပ်သမားလူတန်းစား မိသားစုများမှာ စက်ရုံနှင့်နီးသောရပ်ကွက်များတွင် အလွန်ဆင်းရဲစွာ နေထိုင်ကြပြီး သူတို့သားသမီးအများစုမှာ မူလတန်းပညာကိုပင် ပြီးဆုံးအောင် မသင်ကြားနိုင်ကြဘဲ အရွယ်ရောက်သည်နှင့်မိဘများနည်းတူ စက်ရုံများတွင်အလုပ်ဝင်ကြခြင်းသံသရာကို မနှစ်မြို့သော ဆရာတော်က နွမ်းပါးသူ ကလေးများအတွက် ဘုန်းတော်ကြီးသင် အခြေခံမူလတန်းကျောင်းကို ၁၉၆၄တွင်တည်ထောင်ပြီး ပိုမိုကောင်းမွန်သော ဘဝများသို့ရောက်ရှိစေရန်ကူညီပံ့ပိုးပေးခဲ့သူ။



၂၂။ ဦးအေးမြင့်၊ (ဦးအေးမြင့်မောင်) လမ်းပြကြယ်ဥပဒေအကျိုးဆောင်အဖွဲ့ - ၂၀၀၃ ခုနှစ်ကတည်းက အဓမ္မလုပ်အားပေးခိုင်းစေခြင်းခံရသူ လယ်သမားများ၊ အလုပ်သမားများနှင့် ရွာသားများအတွက် စစ်အာဏာပိုင်များနှင့် ရင်ဆိုင်ဖြေရှင်းခြင်း၊ ဥပဒေကြောင်းအရ ကာကွယ်စောင့်ရှောက်မှုများ ပေးခြင်းတို့ကို ဆောင်ရွက်သူ ရှေ့နေတဦး။ နိုင်ငံတကာအလုပ်သမားအဖွဲ့ချုပ် ( အိုင်အယ်လ်အို) ထံ စာရင်းများ၊ အချက်အလက်များ ပြုစုတိုင်ကြားခဲ့သဖြင့် စစ်အစိုးရက ထောင်အကြိမ်ကြိမ်ချမှတ်ပြီး အရေးယူခြင်း ခံရသူ ဖြစ်သည်။ ၎င်းအပြင် အသက်မပြည့်ဘဲ စစ်မှုထမ်းရန် အဓမ္မခေါ်ဆောင်ခြင်း ခံရသူ ကလေးစစ်သားများကို ကာကွယ်စောင့်ရှောက်ခြင်းကိုလည်း ဆောင်ရွက်နေသူ ဖြစ်သည်။ ၎င်း၏ ရှေ့နေလိုက်ခွင့်လိုင်စင်ကို စစ်အစိုးရက ရုတ်သိမ်းခဲ့ပြီး ဖြစ်သည်။



၂၃။ လူမှုထူးချွန်ဆုရ ဦးအောင်မြင်စိုး - တသီးပုဂ္ဂလတဦးအဖြစ် သွေး နှင့်မျက်ကြည်လွှာလှူခြင်း၊ HIV,AIDS ဝေဒါနာရှင်များအား စောင့်ရှောက်ကူညီခြင်း၊ UNICEF နှင့်ပူးပေါင်းပြီး ကလေးသူငယ်များအား ကူညီပံပိုးခြင်း စသည့် လုပ်ငန်းများကို ဆောင်ရွက်သူ တဦးဖြစ်သည်။ လက်ရှိအစိုးရထံမှ လူမှုထူးချွန်ဂုဏ်ထူးဆောင်အဆင့် ၁ ၊ ၂ ၊ ၃ အဆင့်များ ပေးအပ်ချီးမြင့်ခြင်းခံရသည်။



၂၄။ ဦးအောင်သိန်း၊ ဦးခင်မောင်ရှိန်၊ ဦးညီညီထွေး၊ ဦးရန်နိုင်အောင်(ခ)ဦးဖိုးဖြူနှင့် ဦးစောကျော်ကျော်မင်း - မြန်မာနိုင်ငံမှ နိုင်ငံရေးအမှုလိုက်ရှေ့ နေများ - တရားမျှတမှုနှင့် လူ့အခွင့်အရေးချိုးဖောက်ခံရမှုများအတွက် မိမိတို့တတ်ကျွမ်းသည့်အတတ်ပညာဖြင့် အခမဲ့စေတနာ့ဝန်ထမ်းအဖြစ် ကူကွယ်ရာမဲ့အမှုသည်များအတွက် အမှုလိုက်ကာကွယ် အကျိုးဆောင်ပေးကြသော၊ တရားဥပဒေစိုးမိုးရေးအတွက် မားမားမတ်မတ် ရပ်တည်ဆောင်ရွက်ခဲ့ကြသော မြန်မာ့ရှေ့နေများ။ (၄င်းတို့အားလုံးမှာ ရှေ့နေလိုင်စင် ရုပ်သိမ်းခံထားကြရသူများဖြစ်ပါသည်)



၎။ ဧပြီလ ၁၀ နှင့် ၁၁ ရက်တွင် မြို့နယ်များအလိုက် ဖြစ်မြောက်ရေးကိုယ်စားလှယ်အဖွဲ့အသီးသီးက ၎င်းတို့၏ ဆန္ဒအရှိဆုံး ၅ ဦးကို “နောက်ဆုံးဆန်ကာတင်အဖြစ်” ရွေးချယ်ကြမည် ဖြစ်သည်။ ဧပြီလ ၁၂ ရက်မှ ၂၁ ရက်အထိ နောက်ဆုံးဆန်ကာတင် ၅ ဦးကို ပရိသတ်အားလုံးထံသို့ အသိပေးတင်ပြပြီး အင်တာနက်မဲပေးသည့် စနစ်ဖြင့် မဲဆန္ဒရယူပြီး ပြည်သူ့ဂုဏ်ရည် အဖြစ်ဂုဏ်ပြုနိုင်ရန် ရွေးချယ်မည် ဖြစ်သည်။ ဧပြီလ ၂၄ တွင် ၂၀၁၀ ခုနှစ်အတွက် ပြည်သူ့ဂုဏ်ရည် ချီးမြှင့်သည့် အခမ်းအနားကို အိမ်ရှင်အဖြစ် အယ်လ်အေမိသားစုများက ကျင်းပကြမည် ဖြစ်သည်။ ထိုအခမ်းအနားတွင် မဲအများဆုံး ဆန္ဒပြုခံရသူကို ကြေငြာမည်။



အားလုံးရဲ့ကိုယ်စား

ဦးကိုလေး(အယ်လ်အေ) 626-383-6901 ကိုဝေလ(နယူးယောက်) 718-505-0080 ကိုထိန်လင်း(ဆန်ဖရန်စစ္စကို) 415-531-3761 ကိုကျော်ဝဏ္ဏ (အယ်လ်အေ) 626-478-7717 ကိုမောင်ရစ် (ဆန်ဖရန်စစ္စကို) 415-595-1485





ပေးပို့ ပေးသော ကိုဘိုဘို (Los Angeles) အားကျေးဇူးတင်ပါသည်.