17 April 2010

အဝေးပြေးမော်တော်ယာဉ်ပေါ်တွင် အစားအစာထဲ အိပ်ဆေးထည့်ကျွေးပြီး ပစ္စည်းများ ခိုးယူမှု ဖြစ်ပွား







မော်လမြိုင်မှ ရန်ကုန်သို့ ပြေးဆွဲသည့် . . . အဝေးပြေး ခရီးသည်ယာဉ်ပေါ်တွင် အစားအစာထဲ အိပ်ဆေးထည့်ကျွေးပြီး တန်ဖိုးကျပ် ၁၆ သိန်းခွဲရှိ ရွှေ ငွေပစ္စည်းများ ခိုးယူမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ရုံးမှ သိရသည်။ ဖြစ်စဉ်မှာ၂၀၁၀ ပြည့်နှစ် မတ် ၅ ရက်နေ့ တွင် မော်လမြိုင်ကွက်သစ် ရပ်ကွက်နေ ရွှေပန်းတိမ် လုပ်ငန်း လုပ်ကိုင်သူ ကိုကျော်ကျော်ဦး (၃၀ နှစ်) သည် မော်လမြိုင်မှ ရန်ကုန်သို့ လာမည့် . . . ကား ခုံအမှတ် ၁၅ ဖြင့် လိုက်ပါခဲ့ကြောင်း သိရသည်။ ယင်းအချိန်တွင် ဘေးချင်းကပ်ခုံ၌ စီးနင်းလိုက်ပါလာသူ အရပ်ပု၊ ဗိုက်အနည်းငယ်ရွှဲ၊ အသားလတ်၊ ခန္ဓာကိုယ်ဝ၊ ပုဆိုးဝတ်ထားပြီး (လူမြင်လျှင် မှတ်မိနိုင်သော) အသက် ၄၀ ခန့် ရှိသူနှင့် ရင်းနှီးကာ ၄င်းထံပါသော ပေါင်မုန့်တစ်ခုကို ကားပေါ်တွင်ကျွေးသဖြင့် စားခဲ့မိကြောင်း၊ ဘီးလင်းမြို့နယ် ကားရပ်နားသည့် နေရာအရောက်တွင် ကားခေတ္တ ရပ်နားစဉ် လက်ဖက်ရည် အတူသောက်ပြီး ပြန်လည် လိုက်ပါလာကာ အိပ်ပျော်သွားခဲ့ကြောင်း သိရသည်။



တောင်ဥက္ကလာပမြို့နယ်၊ ၄ ရပ်ကွက် ပါရမီ ကားဂိတ်ဝင်း အတွင်းရှိ . . . ကားဂိတ်သို့ မနက် ၅ နာရီ အချိန်ခန့်တွင် ရောက်ရှိပြီး၊ ယာဉ်မောင်း နှင့် ယာဉ်အကူတို့က နှိုးရာ သတိကောင်းစွာမရရှိသဖြင့် သင်္ဃန်းကျွန်း စံပြဆေးရုံသို့ အတွင်းလူနာအနေဖြင့် တက်ရောက်ခဲ့ရကြောင်း သိရသည်။ ထိုသို့ အိပ်ပျော်သွားစဉ်တွင် ကိုကျော်ကျော်ဦး ၏ ခရီးဆောင်အိတ်အတွင်း မှ ငွေကျပ် ၁၆၀ဝ၀ဝ၊ ရွှေချိန် ၂ ကျပ် ၃ ပဲသားခန့် ရှိ အမ်စီရွှေဆွဲကြိုးတစ်ကုံး၊ ၃ မတ်သားရှိရွှေလက်စွပ် တစ်ကွင်း၊ စုစုပေါင်းတန်ဖိုး ကျပ် ၁၆၅၅၀ဝ၀ ပျောက်ဆုံးနေသည်ကို သိရသဖြင့် သက်ဆိုင်ရာသို့ တိုင်ကြားခဲ့ကြောင်း၊ အဆိုပါအမှုကို တောင်ဥက္ကလာပမြို့နယ် ရဲစခန်းတွင် ပ/၂၀၈/၁၀ ပုဒ်မ ၃၂၈ ဖြင့် တရားခံ (စုံစမ်းဆဲ) အား စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။