16 April 2010

၂၀၁၀ ပြည့်နှစ် လားရှိုးမြို့ မဟာသင်္ကြန်ပွဲတော် စည်ကားစွာကျင်းပမည်

ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့တွင် ၂၀၁၀ ပြည့်နှစ် မဟာသင်္ကြန်ပွဲတော်ကို စည်ကားစွာ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။


လားရှိုးမြို့ မဟာသင်္ကြန်ပွဲတော်ဖွင့်ပွဲ အခမ်းအနားကို ဧပြီလ ၁၃ ရက်နေ့ သင်္ကြန်အကြိုနေ့ ညနေတွင် ရန်တိုင်းအောင်မြို့ဦးစေတီတော် အနီးရှိ ဗဟိုမဏ္ဍပ်တွင် ကျင်းပမည်ဖြစ်ပြီး သင်္ကြန်ကာလအတွင်း ယိမ်းအကအဖွဲ့ ၁၉ဖွဲ့မှ ယိမ်းအကများဖြင့် ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း သိရသည်။



လားရှိုးမြို့၊ မဟာသင်္ကြန်ပွဲတော်တွင် ရေကစားမဏ္ဍပ်ကြီးပေါင်း ၂၀ ကျော် ပါဝင်ရေကစားကြမည်ဖြစ်ပြီး မဏ္ဍာပ်များအား မန္တလေး-လားရှိုး-မူဆယ် ပြည်ထောင်စုလမ်းမကြီးနှင့် ဘူတာလမ်း၊ လေယာဉ်ကွင်းလမ်း တို့တွင် ဆောက်လုပ်လျက်ရှိကြောင်း သိရသည်။



လားရှိုးမြို့၊ မဟာသင်္ကြန်ပွဲတော်သို့ နှစ်စဉ်နှစ်တိုင်း နိုင်ငံကျော်ရုပ်ရှင်သရုပ်ဆောင်များ၊ အဆိုတော်များ လာရောက်ဖျော်ဖြေလေ့ရှိကြရာ ယခုနှစ်တွင် အကယ်ဒမီနေအောင်၊ ဘိုဘိုဟန်၊ ကံ့ကော်တောမျိုးအောင်၊ ဗစ်တာခင်ညို၊ ပလေးဘွိုင်းသန်းနိုင်၊ မျိုးမြင့်လေး၊ ဂျေညီညီ၊ ထွန်းထွန်း (Example)၊ သြရသ၊ မေခလာ၊ ရတနာ၊ ဆုရွှန်းလဲ့၊ လင်းဇာနည်ဇော်၊ ဂျေညီမလေး၊ ချစ်စနိုးဦး၊ ဖူးစုံ၊ နီနီခင်ဇော်၊ မို့မို့လွင်၊ စိမ့်နေခြည်၊ သီရိ(Cartoon)၊ ဂူးဂူး ၊ BlueBerry အဖွဲ့၊ တွင်ကယ်လ်နှင့်Dancer အဖွဲ့တို့ လာရောက်ဖျော်ဖြေကြမည်ဖြစ်ပြီး ရန်ကုန်မြို့မှ နာမည်ကျော်တီးဝိုင်း Aurora တေးဂီတအဖွဲ့မှလည်း ဘဏ္ဍာအခွန်မဏ္ဍာပ်တွင် ဖျော်ဖြေမည်ဖြစ်ကြောင်း၊ လားရှိုးမြို့ မဟာသင်္ကြန် ကျင်းပရေးကော်မတီမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ သိရသည်။