12 April 2010

ပြည်သူ့ဂုဏ်ရည် ဂုဏ်ပြုအစီအစဉ်က နောက်ဆုံးဆန်ကာတင် ၅ ဦး ထုတ်ပြန် စာအမှတ် ၇/ ၂၀၁၀ - နေ့စွဲ - ဧပြီ ၁၂၊ ၂၀၁၀

အပြည်ပြည်ဆိုင်ရာမြန်မာမိသားစုများ၏ ပြည်သူ့ဂုဏ်ရည် (Citizen of Burma Award)
www.citizenofburma.org P.O Box 1276, Baldwin Park, CA 91706, U. S. A
Albany, Cincinnati, Washington D.C, Virginia, Maryland Metro Area, New York, Buffalo, Boston, Fort Wayne, Phoenix, Seattle, San Francisco and Los Angeles, Denver, Aurora, Greeley, Chapel Hill, Carrboro, High Point

ပြည်သူ့ဂုဏ်ရည် ဂုဏ်ပြုအစီအစဉ်က နောက်ဆုံးဆန်ကာတင် ၅ ဦး ထုတ်ပြန်
စာအမှတ် ၇/ ၂၀၁၀ - နေ့စွဲ - ဧပြီ ၁၂၊ ၂၀၁၀

၁။ မတ်လ ၂၄ ရက်နေ့က စတင်ပြီး Citizen of Burma Award - ပြည်သူ့ဂုဏ်ရည် အစီအစဉ်ကို ကြေငြာချက်ထုတ်ပြန်ခဲ့သည်။ မြန်မာပြည်တွင်းရှိ စေတနာ့ဝန်ထမ်းလူမှုလုပ်ငန်း စွမ်းဆောင်သူများအနက် မိမိတို့ ဆန္ဒပြုလိုသူကို အွန်လိုင်းနှင့် အီးမေးများမှ တဆင့် တင်သွင်းရန် ဖိတ်ခေါ်ခဲ့သည်။ လက်ရှိပါဝင်ဆောင်ရွက်နေကြသော ပြည်သူ့ဂုဏ်ရည်အစီအစဉ် ဖြစ်မြောက်ရေးအဖွဲ့ဝင်များကလည်း မိမိတို့နေထိုင်ရာ မြို့ရွာဒေသအလိုက် ဆန္ဒသဘောထားများ လိုက်လံမေးမြန်းကောက်ခံခြင်းတို့ကိုလည်း ဆောင်ရွက်လျက် ရှိကြသည်။


၂။ မတ်လ ၂၄ မှ ဧပြီလ ၉ ရက်အတွင်း ပြည်သူ့ဂုဏ်ရည် အမည်စာရင်းတင်သွင်းခြင်းကို လက်ခံခဲ့ရာ ယခု နောက်ဆုံးစာရင်းပိတ်ချိန်တွင် ပထမအဆင့် ဆန်ကာတင်အဖြစ် စုစုပေါင်း ၂၄ ဦးတွင် ဆရာတော် ၅ ဦး၊ အသင်းအဖွဲ့ ၁၀ ဖွဲ့၊ အမျိုးသား ၆ ဦး နှင့် အမျိုးသမီး ၃ ဦး ပါဝင်ပါသည်။



၃။ ဧပြီလ ၁၀ မှ ၁၁ ရက်တွင် ထိုပဏာမဆန်ကာတင်စာရင်း ၂၄ ဦးအနက်မှ နောက်ဆုံးဆန်ကာတင် ၅ ဦး၏ အမည်စာရင်းကို ပြည်သူ့ဂုဏ်ရည် အစီအစဉ်တွင် ပူးပေါင်းပါဝင်ကြသည့် အမေရိကန်ပြည်တွင်းရှိ မြို့နယ်ပေါင်း ၁၄ ခုမှ မြန်မာမိသားစုများထံက ဆန္ဒပြုတင်သွင်းကြရန် တောင်းခံခဲ့ရာ မြို့အလိုက် ရွေးချယ်သော ၅ ဦး စီအနက် အများဆန္ဒအရှိဆုံး နောက်ဆုံးဆန်ကာတင် ၅ ဦးမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။


၎။ ၎င်း တို့မှာ -

၁။ ကျော်သူ၊ ရုပ်ရှင်သရုပ်ဆောင်၊ နာရေးကူညီမှုအသင်း - ရုပ်ရှင်သရုပ်ဆောင်အလုပ်ကိုပါ အထိခိုက်ခံပြီး ရန်ကုန် - နာရေးကူညီမှုအသင်းကြီးကို ဦးဆောင် ဆောင်ရွက်သူ၊ ထိုနာရေးကူညီမှုအသင်းနှင့်အတူ စာကြည့်တိုက်၊ ဆေးခန်း စသည့် ကုသိုလ်ဖြစ် လုပ်ငန်းများကိုပါ ဆက်လက် တာဝန်ယူဆောင်ရွက်နေသူ၊ နိုင်ငံ၏ ခေတ်နောက်ပြန်ဆွဲသည့် အယူအဆ အလေ့အကျင့်များကို နာရေးကူညီမှုလုပ်ငန်း ၀တ္တရားများဆောင်ရွက်ရင်း ထုတ်ဖော်ပြောဆိုပြီး ပြောင်းလဲမှုသို့ ဆွဲခေါ်သူ



၂။ ဇာဂနာ၊ လူရွှင်တော်၊ ဒါရိုက်တာ၊ စေတနာ့ဝန်ထမ်း စွမ်းဆောင်သူ - ၂၀၀၈ မေ - နာဂစ်မုန်တိုင်း ကယ်ဆယ်ရေးလုပ်ငန်းများကို ဆရာတော်၊ သံဃာတော်များ၊ အနုပညာရှင်များ၊ ပြည်သူများ၊ လူငယ်များနှင့် ပူးပေါင်းပြီး ဆောင်ရွက်နိုင်ခဲ့သည်။ ပရိသတ်ကိုလည်း မီဒီယာများကတဆင့် အမြန်ဆုံး သတင်းပို့ ရှင်းပြနိုင်ခဲ့သည်။ စစ်အစိုးရကို နာဂစ်ကယ်ဆယ်ရေးနှင့် ပတ်သက်ပြီး ဝေဖန်ပြောဆိုသဖြင့် ဖမ်းဆီးထောင်ချခံရသည်။ ထောင်ဒဏ် ၅၈ နှစ် ကျခံနေရသည်။ လူမှုရေးလုပ်ငန်းများအတွက် အလှူရှင်များ၊ လုပ်အားပေးစေတနာရှင်များနှင့် ပရိသတ်အားလုံးကို စည်းရုံးနိုင်သူ၊ အလုပ်ပြီးမြောက်အောင် ဆောင်ရွက်သူ၊ ရဲရင့်ပွင့်လင်းစွာ ပြောဆိုတင်ဆက်နိုင်သူ အနုပညာရှင်တဦးအဖြစ် ထူးခြားသည်။




၃။ သီတဂူဆရာတော် ဦးဉာဏိသရ - နာဂစ်မုန်တိုင်းတိုက်ခတ်ပြီးနောက် ဒုက္ခသည်ကူညီကယ်ဆယ်ရေးလုပ်ငန်းများတွင် နိုင်ငံတကာ အန်ဂျီအိုများပြီးလျင် တဦးချင်း အနေဖြင့် ငွေကြေး၊ အရင်းအနှီးအများဆုံးကို ပြည်သူလူထုထံက စနစ်တကျ အလှူခံကာ ဒုက္ခသည်များအား စနစ်ကျစွာဖြင့် ထောက်ပံ့ ပေးနိုင်ခဲ့သည့် ဗုဒ္ဓဘာသာ ဆရာတော် တပါးဖြစ်သည်။ ၁၉၈၀ ခုနှစ်များကတည်းက ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်းအခြေပြုပြီး သောက်သုံးရေ အလှူ၊ ဆေးကုသမှု ဒါနအလှူ နှင့် လူမှုလုပ်ငန်း စေတနာ့ဝန်ထမ်းအလုပ်များကို အားပေး ထောက်ပံ့သူ၊ လှုံဆော်စည်းရုံးသူ၊ တည်ထောင်ဆောင်ရွက်သူတဦးအဖြစ် ထင်ရှားသည်။







၎။ ဖြူဖြူသင်း၊ အင်န်အယ်ဒီပါတီဝင်၊ HIV လူနာများ ကူညီစောင့်ရှောက်ခြင်း
- ၂၀၀၂ တွင် ဒေါ်အောင်ဆန်းစုကြည်၏ လူငယ်အဖွဲ့သို့ လမ်းညွှန်မှုများနှင့်အတူ ကုလအစီအစဉ်ဖြင့် အေအိုင်ဒီအက်စ်- အိတ်ခ်ျအိုင်ဗီ ပညာရေးသင်တန်းကို တက်ရောက်ခဲ့သည်။ ၎င်းနောက် HIV လူနာများ၊ ကလေးသူငယ်များကို ကူညီစောင့်ရှောက်ခြင်းကို ဇောက်ချပြီး လုပ်ကိုင်ခဲ့သည်။ နိုင်ငံရေး အနှောက်အယှက်များကြားမှ ယနေ့ထက်ထိ အဆိုပါလုပ်ငန်းကို တစိုက်မတ်မတ် လုပ်ကိုင်သူဖြစ်သည်။ အခြားအင်န်ဂျီအိုလုပ်ငန်းအများအပြားရှိသည့်ကြားက ဖြူဖြူသင်းနှင့် မိတ်ဆွေများသည် လူနာများ၏ လိုအပ်ချက်များကို အခက်အခဲများကြားထဲက ရဲရင့်စွာ ထုတ်ဖော်ပြောဆိုခြင်း၊ လှုပ်ရှားဆောင်ရွက်ခြင်းဖြင့် ကိုယ့်အားကိုယ်ကိုး စွန့်စားဆောင်ရွက်နေရသူ



၅။ ဦးအေးမြင့်၊ (ဦးအေးမြင့်မောင်) လမ်းပြကြယ်ဥပဒေအကျိုးဆောင်အဖွဲ့ - ၂၀၀၃ ခုနှစ်ကတည်းက အဓမ္မလုပ်အားပေးခိုင်းစေခြင်းခံရသူ လယ်သမားများ၊ အလုပ်သမားများနှင့် ရွာသားများအတွက် စစ်အာဏာပိုင်များနှင့် ရင်ဆိုင်ဖြေရှင်းခြင်း၊ ဥပဒေကြောင်းအရ ကာကွယ်စောင့်ရှောက်မှုများ ပေးခြင်းတို့ကို ဆောင်ရွက်သူ ရှေ့နေတဦး။ နိုင်ငံတကာအလုပ်သမားအဖွဲ့ချုပ် ( အိုင်အယ်လ်အို) ထံ စာရင်းများ၊ အချက်အလက်များ ပြုစုတိုင်ကြားခဲ့သဖြင့် စစ်အစိုးရက ထောင်အကြိမ်ကြိမ်ချမှတ်ပြီး အရေးယူခြင်း ခံရသူ ဖြစ်သည်။ ၎င်းအပြင် အသက်မပြည့်ဘဲ စစ်မှုထမ်းရန် အဓမ္မခေါ်ဆောင်ခြင်း ခံရသူ ကလေးစစ်သားများကို ကာကွယ်စောင့်ရှောက်ခြင်းကိုလည်း ဆောင်ရွက်နေသူ ဖြစ်သည်။ ၎င်း၏ ရှေ့နေလိုက်ခွင့်လိုင်စင်ကို စစ်အစိုးရက ရုတ်သိမ်းခဲ့ပြီး ဖြစ်သည်။



၅။ ယခု ဧပြီလ ၁၂ ရက်မှ ၂၁ ရက် အတွင်း နောက်ဆုံးဆန်ကာတင် ၅ ဦးမှ ပရိသတ်အားလုံး၏ ဆန္ဒအရှိဆုံး တဦးကို အင်တာနက်မဲစနစ်ဖြင့် ပြည်သူ့ဂုဏ်ရည် ( Citizen of Burma Award ) အဖြစ်ဂုဏ်ပြုနိုင်ရန် ရွေးချယ်မည် ဖြစ်သည်။ ဧပြီလ ၂၄ တွင် ၂၀၁၀ ခုနှစ်အတွက် ပြည်သူ့ဂုဏ်ရည် ချီးမြှင့်သည့် အခမ်းအနားကို အိမ်ရှင်အဖြစ် အယ်လ်အေမိသားစုများက ကျင်းပကြမည် ဖြစ်သည်။ ထိုအခမ်းအနားတွင် မဲအများဆုံး ဆန္ဒပြုခံရသူကို ကြေငြာမည်။



၆ ။ ထိုနည်းတူ ပြည်သူ့ဂုဏ်ရည်အဖြစ် အမည်စာရင်းတင်သွင်းခံရသူ မြန်မာပြည်၏ လူမှုလုပ်ငန်း စေတနာ့ဝန်ထမ်း စွမ်းဆောင်သူ ၂၄ ဦး ထံ ပြည်သူ့ဂုဏ်ရည် မိတ်ဆွေများအားလုံးက လေးစား ဂုဏ်ယူပါကြောင်း ၂၀၁၀ ပြည်သူဂုဏ်ရည်အစီအစဉ်၏ မှတ်တမ်းလွှာကို ပေးပို့သွားမည် ဖြစ်ကြောင်း အသိပေးလိုက်ပါသည်။

အားလုံးရဲ့ကိုယ်စား
ဦးကိုလေး(အယ်လ်အေ) 626-383-6901 ကိုဝေလ(နယူးယောက်) 718-505-0080 ကိုထိန်လင်း(ဆန်ဖရန်စစ္စကို) 415-531-3761 ကိုကျော်ဝဏ္ဏ (အယ်လ်အေ) 626-478-7717 ကိုမောင်ရစ် (ဆန်ဖရန်စစ္စကို) 415-595-1485



ပေးပို့ ပေးသော ကိုဘိုဘို (Los Angeles) အားကျေးဇူးတင်ပါသည်.