16 April 2010

ဗုံးပေါက်ကွဲမှုကြောင့်သေဆုံးသူများ၏ရုပ်အလောင်းများကို သင်္ဂြိုလ်နိုင်ရန်အတွက်ဧပြီလ ၁၆ ရက်နံနက်၈နာရီမှစ၍ဆေးရုံကြီးရေခဲတိုက်မှတစ်ဆင့်ရေဝေးသုဿာန်သိုပို့ဆောင်


ဧပြီလ ၁၅ ရက် သင်္ကြန်အကြတ်နေ့ မွန်းလွဲ ၃နာရီအချိန်ခန့်တွင် ကန်တော်ကြီး ပတ်လမ်းရှိ X2O မဏ္ဍပ်အရှေ့တွင် ဗုံးပေါက်ကွဲမှုဖြစ်စဉ်ကြောင့် သေဆုံးသူများ၏ ရုပ်အလောင်းများကို သင်္ဂြိုလ်နိုင်ရန်အတွက် ဧပြီလ ၁၆ ရက် နံနက် ၈ နာရီမှစ၍ ရန်ကုန်ပြည်သူ့ဆေးရုံကြီး ရေခဲတိုက်မှတစ်ဆင့် ရေဝေးသုဿာန်သို့ ပို့ဆောင်ထားကြောင်း သိရှိရသည်။



''အဲဒီနေ့က ကျွန်မတို့ အိမ်ရှေ့မှာ သာကူကျိုတယ်၊ မုန့်လုံးရေပေါ်လုံးပြီး အလှူဒါနလုပ်တယ်။ ၂နာရီခွဲလောက်မှာ အလှူကပြီးတယ်။ ကျွန်မရဲ့ အမျိုးသားက သူ့ဦးလေးရယ်၊ တူရယ် စုစုပေါင်း သုံးယောက်က စတိတ်ရှိုးသွားကြည့်မယ်ဆိုပြီး ကန်တော်ကြီးပတ်လမ်းကိုသွားတယ်။ လေးနာရီလောက်မှာ အိမ်ကို ဦးလေးနဲ့ တူရယ်ပဲ ပြန်ရောက်လာတယ်။ ကျွန်မရဲ့အမျိုးသားကပါမလာတော့ဘူး။ အဲဒီတော့ ကျွန်မတို့က ချက်ချင်း ဆေးရုံတွေမှာ လိုက်ရှာတယ်။ သင်္ကြန်အတက်နေ့ နံနက်ပိုင်းမှာ ရန်ကုန်ဆေးရုံကြီး ရေခဲတိုက်ကိုသွားရှာတော့ တွေ့ရတယ်။ သူဆုံးသွားတော့ ကျွန်မနဲ့အတူအသက် ၁၀နှစ်အရွယ်ရှိတဲ့ သမီးလေးတစ်ယောက်ပဲ ရှိတော့တယ်''ဟု ဗဟန်းမြို့နယ် ကြားတောရလမ်းရှိ သေဆုံးသူ၏ အမျိုးသမီးက ပြောပါသည်။ အဆိုပါ သေဆုံးသူအမျိုးသားမှာ အသက် ၃၅ နှစ်ဝန်းကျင်ရှိကြောင်းသိရသည်။



ထို့အပြင် ကန်တော်ကြီးပတ်လမ်းရှိ X2O မဏ္ဍပ်အရှေ့တွင် ဗုံးပေါက်ကွဲမှုဖြစ်စဉ်ကြောင့် ဒဏ်ရာရရှိသူများကို ရန်ကုန်ပြည်သူ့ဆေးရုံကြီးရှိ အခန်း ၅-၆၊ ၃-၄၊ ၁၅-၁၆၊ ၁၃-၁၄၊ ၉-၁၀ တို့၌ ကုသပေးလျက်ရှိကြောင်းနှင့် ဒဏ်ရာရသူများ၏ မိသားစုဝင်များအနက် တစ်ဦးစီကို ၀င်ရောက်ခွင့်ပြုထားကြောင်း သိရှိရပါသည်။



''ကျွန်မရဲ့သားက မနေ့က သူငယ်ချင်းတွေနဲ့ လျောက်လည်ကြတယ်။ အပြန်မှာ သူပါမလာဘူး။ ပျောက်နေတဲ့အတွက် ဆေးရုံကြီးကို လာကြည့်တာပါ။ ဒဏ်ရာရလူစာရင်းတွေကိုကပ်ထားပြီး၊ လူနာတစ်ယောက်ကို တစ်ဦးသာဝင်ကြည့်ခွင့်ပေးပါတယ်။ ကျွန်မရဲ့ သားကို ဆေးရုံကြီးရဲ့ အခန်း ၅-၆မှာ တွေ့ပါတယ်။ ဒီအခန်းမှာ ယောက်ျားလေးက ၄၇ယောက်၊ မိန်းကလေးက ၁၆ ယောက် ရှိတယ်လို့ စာရင်းကပ်ထားတာကို တွေ့ရတယ်''ဟု ဒဏ်ရာရရှိသူတစ်ဦး၏ မိခင်က ပြန်လည်ပြောကြားပါသည်။




ရင်းမြစ်....weeklyeleven


.........................................................................................................



သင်္ကြန်အကြတ်နေ့က ဗုံးပေါက်ကွဲခဲ့သော x2o ရေကစားမဏ္ဍပ် အပါအဝင် ကန်တော်ကြီးပတ်လမ်း

ရေပြန်ကစားနေကြပါသည်.။








သင်္ကြန်နောက်ဆုံးနေ့တွင် ရေပြန်ကစားနေကြောင်း တွေ့ရှိရသည်။ သို့သော် အဆိုပါ မဏ္ဍပ်များတွင် ဗုံးပေါက်ကွဲမှု မဖြစ်ပွားမီသင်္ကြန်ရက်များကကဲ့သို့ ရေကစားသူများပြားမှုမရှိကြောင်းလည်းတွေ့ရသည်။ ထို့အပြင် အချို့မဏ္ဍပ်များမှာမူ လုံးဝပိတ်သိမ်းထားပြီး ရေကစားခြင်းမပြုတော့ကြောင်း တွေ့ရသည်။



''ကျွန်တော်က X2O မဏ္ဍပ်မှာ ရက်အားလုံးရေကစားဖို့လက်မှတ်ဝယ်ထားတာပါ။ မနေ့က ဖြစ်ရပ်ကြောင့် ဒီနေ့ရေကစားမဏ္ဍပ်ဖွင့်မဖွင့် မသေချာသလို ကျွန်တော်ကိုယ်တိုင်ကလည်း ကစားချင်စိတ်မရှိတော့ဘူး။ ဒါပေမယ့် တစ်နှစ်မှတစ်ခါ ပျော်ရတဲ့ သင်္ကြန်ဆိုတော့လဲ ပျော်ချင်ပါးချင်တဲ့စိတ်က ရှိသေးတာပေါ့။ ဒါပေမယ့် ကိုယ့်အသက်အန္တရာယ်ထက်တော့ အရေးကြီးတာဘာမှမရှိပါဘူးဗျာ။ အခု သူငယ်ချင်းတွေနဲ့ မဏ္ဍပ်မှာ မထိုင်တော့ဘဲ လျောက်လည်ဖို့ထွက်လာရင်းနဲ့ မဏ္ဍပ်ပြန်ဖွင့်နေတယ်ဆိုတာကြားလို့ လာကြည့်တာပါ''ဟု X2O ရေကစားမဏ္ဍပ်တွင် All Days လက်မှတ်ဝယ်ထားသူတစ်ဦးက ပြောကြားသည်။



''ကျွန်တော်တို့ထင်တာက ကန်တော်ကြီးပတ်လမ်းမှာရှိတဲ့ မဏ္ဍပ်အားလုံးနီးပါး ရေကစားမှာမဟုတ်ဘူးလို့ထင်ထားတာ။ ဒီဘက်ရောက်တော့ မဏ္ဍပ်တွေ တချို့ဖွင့်နေတယ်ပြောလို့ ၀င်ကြည့်တာပါ။ မဏ္ဍပ် နှစ်ခု၊ သုံးခုလောက်ကတော့ ရေကစားတာရပ်ပြီး စက်တွေသိမ်းနေတာတွေ့ရတယ်။ ဖွင့်တဲ့ တချို့မဏ္ဍပ်တွေကျတော့လဲ ရေကစားတဲ့သူ မပြောပလောက်တဲ့ အရေအတွက်ပဲရှိတာတွေ့ရတယ်။ ဒီလမ်းထဲရေပက်ခံလာတဲ့ ကားလဲ သိသိသာသာကို မရှိသလောက်နည်းသွားတယ်''ဟု သင်္ကြန်အတက်နေ့(ဧပြီလ ၁၆ ရက်နေ့) ကန်တော်ကြီးပတ်လမ်းအတွင်း ၀င်ရောက်လည်ပတ်သူတစ်ဦးက ရှင်းပြခဲ့သည်။



ယခုနှစ်သင်္ကြန်ကာလတွင် ယခင်နှစ်များကကဲ့သို့ အင်းယားလမ်းအတွင်း မဏ္ဍပ်ဆောက်လုပ်ခြင်းကို ခွင့်မပြုခဲ့ဘဲ ရန်ကုန်တစ်မြို့လုံးတွင် မဏ္ဍပ်အကြီးဆောက်လုပ်ခွင့် ၄၆ ခု ခွင့်ပြုခဲ့ရာတွင် ကန်တော်ကြီးပတ်လမ်းတွင် ရေကစားမဏ္ဍပ် အကြီး ၁၆ ခုဖြင့် အများဆုံးဖြစ်ကြောင်း သိရသည်။ ကန်တော်ကြီးပတ်လမ်းအတွင်းရှိ မဏ္ဍပ်အကြီးများမှာ ပေ ၆၀ နှင့် ပေ ၁၀၀ ကြားရှိသော ရေကစားမဏ္ဍပ်များဖြစ်ကြောင်း သိရသည်။



သင်္ကြန်နောက်ဆုံးနေ့တွင် ရန်ကုန်မြို့ရှိကမ္ဘာအေးစေတီလမ်း၊ ပြည်လမ်းနှင့် မြို့တွင်းဧရိယာများရှိ ရေကစားမဏ္ဍပ်များတွင် ပုံမှန်အတိုင်း ရေကစားနေကြသော်လည်း ရန်ကုန်မြို့ရှိ လမ်းမကြီးများပေါ်တွင်မူ ရေပက်ခံထွက်သည့်ကားများ သိသိသာသာ နည်းပါးသွားကြောင်း တွေ့ရှိရပါသည်။



ရင်းမြစ်....weeklyeleven