13 April 2010

မင်္ဂလာဒုံ လေယာဉ်ကွင်းထဲက ဝတ်စုံပြည့်အေးဓားပြများ(သို့) ခွေးစားတောင်းခံကြသူများ



သိပြီးသားအကြောင်းအရာတစ်ခုကို ထပ်ပြီးပြောပြနေရတာတွေ၊ လုပ်ပြနေရတာတွေဟာ တကယ်တော့ ကျုပ်စိတ်ကို မနှစ်မြို့စေတာ အမှန်ပါ။ ဒါပေမဲ့ အကြောင်းတိုက်ဆိုင်လာလို့၊ ဒီထက်ပိုမို တိကျအောင် ပြောရရင်တော့ ကိုယ်နဲ့ တိုက်ရိုက်ပတ်သက်လာလို့ ပြောပြရပါဦးမယ်။ အများသိပြီးသားဖြစ်တဲ့အတိုင်း၊ အထူးသဖြင့် နိုင်ငံခြားကို ကိစ္စတစ်ခုခုရှိလို့ ထွက်ကြရတဲ့ သာမန်အရပ်သူအရပ်သား ကိုရွှေမြန်မာတို့ကြုံဖူးဆုံဖူးကြပြီး ဖြစ်တဲ့အတိုင်း၊ ကိစ္စလေးတစ်ခုကို ပြောပြမလို့ပါ။ မထူးဆန်းတော့ပေမဲ့ ထပ်တလဲလဲကြုံနေ ကြားနေရတော့ အရုပ်ဆိုးလွန်း အကျည်းတန်လွန်းတယ်လို့ ကိုယ်ကိုယ်တိုင်ကြုံစဉ်က ခံစားရသလို ကိုယ့်မိတ်ဆွေအပေါင်းအသင်းတွေလည်း ကိုယ့်လိုပဲကြုံလာလို့ ပြောပြတဲ့အခါ အရင်ကရှိနှင့်ပြီးသား ခံစားချက်တွေဟာ ရေစီးကမ်းပြိုဖြစ်ပြီး အောင့်အီးမရ အံထွက်လာရပါတော့တယ်။


ကျမ်းမာရေးမကောင်းလို့နိုင်ငံခြားသွားပြီး ဆေးကုသမှုခံယူနေရတဲ့ သူငယ်ချင်းတစ်ယောက်နဲ့ ဒီမနက်မှာပဲ အွန်လိုင်းမှာတွေ့လို့ စကားပြောဖြစ်ပါတယ်။ ဘန်ကောက်ဆေးရုံမှာ အထူးကုဆရာဝန်ကြီးတွေနဲ့ ဆေးစစ်ဖို့ ထွက်လာတဲ့သူတစ်ယောက်ပါ။ ငယ်ငယ်ကတည်းက အတူစား၊ အတူသွား၊ နိုင်ငံခြားရောက်ပြန်တော့လည်း အချိန်အတန်ကြာသည်အထိ အတူနေမို့ ကိုယ်နဲ့ သူက အမွှာပူးလိုကို တွဲမိနေတာပါ။ ဒါပေမဲ့ သူက အလွန့်အလွန်အလုပ်များရတဲ့အထဲ ကျမ်းမာရေးချူချာသူမို့၊ အထူးသဖြင့် နှလုံးသွေးကြောကျဉ်းရောဂါ နှစ်ရှည်လများ ခံစားနေရတာကြောင့် ဆေးရုံဆေးခန်းတွေနဲ့ ဖက်လက်တကင်းနေပြီး အသက်ရှင်နေရသူရယ်ပါ။ အခုလည်း မြန်မာပြည်ထဲမှာ ဆေးရုံအစုံ၊ ဆေးခန်းအကုန်သွားပြခဲ့ပြီးဖြစ်ပေမဲ့ ခံစားနေရတဲ့ ဝေဒနာ မသာတာကြောင့် ဘန်ကောက်ထွက်လာရခြင်း ဖြစ်ပါတယ်။


ဘန်ကောက်ထွက်မည့်မနက်၊ ရန်ကုန်လေဆိပ်မှာ သူကြုံခဲ့ရတာကို ပြောပြမလို့ပါ။ သူနဲ့အတူ၊ သူ့အဒေါ်ရယ်၊ ညီမလေးရယ်၊ တူလေးရယ် စုစုပေါင်းလေးယောက် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ထဲ နိုင်ငံခြားယူဆောင်သွားမည့် ပစ္စည်းတွေ ဘာတွေကို သက်ဆိုင်ရာတာဝန်ကျ ၀န်ထမ်းတွေက စစ်ဆေးအခါ သူ့အဒေါ်အိပ်ထဲမှာ ပိုက်ဆံတွေ အများကြီးတွေ့လို့ ဆိုပြီး ရစ်ပါသတဲ့။ ရစ်တဲ့လူတွေ ဘယ်သူတွေလဲ လို့မေးကြည့်တော့ ရဲလေးယောက်လို့ သူငယ်ချင်းကပြောပါတယ်။ ရဲဆိုတာနဲ့ပဲ ကိုယ့်စိတ်ထဲမှာတော့ တော်တော်လေးကို အချဉ်ပေါက်နေပါပြီ။ ရစ်ပုံကတော့ အော့ကြောလံပါပဲ။


ဒီလောက်ပိုက်ဆံတွေ အများကြီး ဘာဖြစ်လို့ ယူသွားရတာလဲ၊ ဘယ်ကရတာလဲ စတဲ့ သူတို့နဲ့ ဘာမှ မပတ်သက်တဲ့ မေးခွန်းတွေ မေးပြီး ရစ်နေတာ။ သူငယ်ချင်းက ဆေးစစ်သွားမလို့ပါ လို့ပြောပေမဲ့ နားမ၀င်ပဲ ရစ်မြဲရစ်နေတာနဲ့ စိတ်ဆိုးပြီးတော့ “ဒီလိုဖြစ်တာ ခင်ဗျားတို့ သောက်သုံးမကျလို့ ဖြစ်ရတာ၊ ခင်ဗျားတို့ အသုံးကျရင် ကျုပ်တို့ သူများနိုင်ငံထွက်ပြီး တပင်တပန်းရှာထား၊ ဖွေထားတဲ့ ပိုက်ဆံတွေ သွားအကုန်ခံနေစရာတောင်မလိုဘူး၊ အခုဒီလောက်ပိုက်ဆံတွေ ယူသွားတယ်ဆိုတာလည်း ဟိုမှာအခြေအနေက နာရီနဲ့အမျှ ပိုက်ဆံပေးပြီး ရက်ရှည်နေရမှာ၊ ဘယ်သူမှ ကျုပ်တို့လေးယောက်လုံးကို အလကားဆေးကုပေးမှာ မဟုတ်သလို၊ ဘယ်သူမှလည်း အိမ်ပေါ်အလကားတင်ကျွေးထားမှာ မဟုတ်ဘူး၊ အခုယူသွားတဲ့ ပိုက်ဆံတွေက တကယ်ဆို နည်းတောင်နည်းသေးတယ်၊ ဘာမှဆက်မေးမနေနဲ့တော့” လို့ သူငယ်ချင်းက ပြောခဲ့ရတယ်။


အဲလိုလည်းပြောလိုက်ရော အဲဒီရစ်နေတဲ့ ရဲဝတ်နဲ့ ဒမြလေးကောင်ထဲက တစ်ကောင်က ဘာပြောလည်းဆိုတော့ “ဒါဆိုလည်း ပြီးတာပါပဲ၊ ဒါပေမဲ့ ပိုက်ဆံတော့ ပေးခဲ့ကြပါဦး”လို့ ပြောပြန်ရောဗျား။ ဘယ်လောက်များ စက်ဆုတ်စရာ၊ ရှက်စရာကောင်းလဲ အရပ်ကတို့။ သူငယ်ချင်းကလည်း အေးရာအေးကြောင်းဖြစ်အောင် ဒေါ်လာ (၂၀) ထုတ်ပေးလိုက်ရသေးတယ်။ သူငယ်ချင်းတို့အဖွဲ့ရဲ့ရှေ့က လူကိုလည်း အဲလိုပဲ ရစ်ပြီး ပိုက်ဆံတောင်းနေလို့ မြန်မာငွေငါးထောင်ထုတ်ပေးတော့ “ဒီပိုက်ဆံ နည်းနည်းလေးနဲ့ ဘာလုပ်လို့ ရမှာလဲ” လို့ ပြောသေးတယ်။ အဲဒီတော့ အဲဒီမှာတာဝန်ကျတဲ့ ရဲတွေဟာ ဘာကောင်တွေတုန်းဗျား။ သူတို့စိတ်ထဲမှာ သူတို့ကို ဒီနေရာမှာထားတာဟာ နိုင်ငံခြားထွက်မည့်လူတွေကို စိတ်ဆင်းရဲ၊ ကိုယ်ဆင်းရဲဖြစ်အောင်လုပ်ပြီး ငွေညှစ်ဖို့ ထားတယ်လို့များ တရားဝင်အောင့်မေ့နေလေရော့သလား။


ဒီလိုအကျင့်ပျက်၊ ချစားတဲ့ ၀န်ထမ်းတွေဟာ နိုင်ငံအနှံ့အပြားပါပဲ။ အားလုံးမကောင်းဘူးလို့ ၀ါးလုံးသိမ်းမပြောလိုပါဘူး။ ဒါပေမဲ့ စစ်ဝတ်စစ်စားနဲ့လူတွေ၊ ရဲဝတ်ရဲစားနဲ့လူတွေကတော့ ရာခိုင်နှုန်းအတော်များများကို ပျက်စီးနေတာ တွေ့ရပါတယ်။ ဒီလိုဖြစ်ရတာဟာ သူတို့ကို ပြည်သူတွေက ကြောက်ရွံ့ကြတယ် လို့ အခြေခံအယူအဆရှိနေလို့လို့ ကျုပ်ကတော့ ပြောချင်တယ်။ ဒီလိုရှိအောင်လည်း ဆရာ့ဆရာကြီးတွေက လုပ်ခွင့်ပေးထား ပေတာကိုး။ အထက်အရာရှိအဆင့်ဆင့်တွေဟာ အောက်ကလူတွေ ဒီလိုလုပ်တာ သိကြပေမဲ့၊ သူတို့ကိုယ်တိုင်လည်း ဒီလမ်းကြောင်းကို လျှောက်ခဲ့ရတာရယ်၊ အောက်ကလူတွေက ပြည်သူတွေဆီမှ တောင်းလို့တိုက်လို့လုလို့ရသမျှတွေထဲက နှုတ်ပိတ်ခကန်တော့တာတွေရယ်ကြောင့် မသိကျိုးကျွံပြုနေကြတာဖြစ်ပါတယ်။ တစ်ခါတစ်လေ မဖြစ်မနေအရေးယူရတဲ့ အဆင့်ရောက်လာတဲ့ ချစားမှုတွေ ရှိပေမဲ့ အဲဒါတွေကလည်း ဘယ်လိုမှကို ဖုံးလို့ဖိလို့မရလောက်အောင် လူထုနား ပေါက်ကြားသွားရတဲ့အမှုတွေက များပါတယ်။


မြန်မာပြည်မှာ လက်ရှိစစ်တပ်အုပ်ချုပ်နေစဉ်ကာလမှာရော၊ နောင်တစ်ချိန် တိုင်းပြည်ကံမကောင်းလို့ စစ်တပ်လက်ထဲ အာဏာရှိနေတဲ့အခါမျိုးမှာပါ (ဖွဟဲ့ လွဲပါစေ၊ ပယ်ပါစေဗျား) ဒီအကျည်းတန်ချစားတဲ့ အကျင့်ဆိုးကြီးဟာ ပျောက်ဖို့ လမ်းမရှိပါဘူး။ ဒီလိုဖြစ်ရတာဟာ ဒီမိုကရေစီဆိပ်သိုးခြင်းရဲ့ ပုံရိပ်တွေလို့ ဆိုချင်ပါတယ်။


အင်္ဂလန်မှာ ကျုပ်နဲ့ အတူနေတဲ့ မိတ်ဆွေတစ်ယောက် ရောက်စမှာ အိပ်နေရာလျှောက်ထားရေးတွေ ဘာတွေနဲ့ အလုပ်များပြီး ရုံးတွေဘာတွေ သွားရတဲ့အထိ ကြုံခဲ့ရတာလေးတစ်ခုရှိတယ်။ အင်္ဂလိပ်စာလည်းမတတ်၊ စကားလည်းမပြောတတ်တော့ တရားရုံးမှာ ပြောဖို့ မြန်မာစကားပြန်ကောင်လေးတွေကို သက်ဆိုင်ရာက ရှာပေးထားတယ်။ အဲဒီကောင်လေးတွေ အကူအညီနဲ့ပဲ သူ့ကိစ္စတွေ အကုန်လုံးလောက်နီးပါး အေးအေးဆေးဆေးပြီးသွားတယ်။ အခုတော့ ပိုက်ဆံတစ်ပြားမှမပေးရပဲ အစိုးရကချပေးထားတဲ့ အိပ်မှာ ဇိမ်ကျနေလေရဲ့။ ( ဒါပေမဲ့ လောလောဆယ် ရန်ကုန်က မိန်းမကိုခေါ်ထားတာ ရောက်မလာသေးလို့ အိပ်ယာထဲ ပုတီးပဲ လှိမ့်စိပ်နေရရှာတယ်၊ ရှလွတ်။) ပြောချင်တာက သူဇိမ်ကျ/မကျမဟုတ်ပါဘူး။ သူ့ကို အကူအညီအများကြီးပေးတဲ့ မြန်မာကောင်လေးတွေကို မြန်မာပီပီ ကျေးဇူးတင်လွန်းလို့ဆိုပြီး သူ့ရှိတဲ့ပိုက်ဆံတွေကို ထုတ်ပေးတော့ ကောင်လေးတွေက ဘာပြောမှတ်လဲ။ “မပေးပါနဲ့ အကိုရာ၊ ပေးဖို့မလိုပါဘူး၊ ကျနော်တို့အလုပ်က ဒီလို အမှုသည်တွေကို အကူအညီပေးဖို့ သက်သက်ပါပဲ၊ ဒီအတွက် သက်ဆိုင်ရာက ပြည့်စုံအောင် စီစဉ်ပေးထားပြီးသားပါ၊ အခုအကို့အတွက် အကူညီပေးလိုက်ရလို့ အဆင်ပြေသွားတယ်ဆိုရင်ပဲ ကျနော့်အတွက်လည်း ဒီလုပ်ငန်းမှာဆက်ပြီး အလားအလာကောင်းဖို့ရှိပါတယ်၊ ဒီမှာတော့ ဘယ်ဝန်ထမ်းမှ ပေးဖို့မလိုပါဘူး၊ ဒီက ၀န်ထမ်းတွေကတော့ ကာစတမ်မာတွေကို ကူညီဖို့ သက်သက်ပါပဲ” တဲ့။ ကဲကြည့်စမ်း၊ ဘယ်လောက် ကွာခြားလဲ၊ ကျုပ်တို့ဆီကနဲ့။ အဲဒါဒီမိုကရေစီရဲ့ ပုံရိပ်ပေါ့ဗျာ့။


မြန်မာလူမျိုးဖြစ်တာချင်း တူပေမဲ့ တစ်ယောက်က အာဏာရှင်အုပ်ချုပ်တဲ့တိုင်းပြည်ထဲနေရလို့ စိတ်ဓာတ်တွေ အောက်တန်းနောက်တန်း ကျပြီး အတော့်ကို ကျက်သရေယုတ်တယ်။ တစ်ယောက်က ဒီမိုကရေစီဝါဒကျင့်သုံးတဲ့ နိုင်ငံထဲနေရလို့ စိတ်ဓာတ်တွေလဲ အလိုလိုကို အထက်တန်းကျသွားတယ်။ ဒီလိုပြောလို့ ဒီမိုကရေစီနိုင်ငံသားတွေမှန်သမျှ ဒီလိုချည်းပဲလို့တော့ ဆိုလိုလိမ့်မည် မထင်လိုက်နဲ့။ မကောင်းတဲ့လူတွေလည်း ရှိနေတာ တွေ့နေရတာပဲ။ ဒါပေမဲ့ သိပ်နည်းတယ်။ သိပ်နည်းဆို မရှိသလောက်ကို နည်းတာပါ။ ကျုပ် အင်္ဂလန်မှာနေတာ သုံးနှစ်ထဲရောက်ပြီ။ အဲလိုကိစ္စမျိုး တစ်ခါမှ မကြုံဖူးသလို၊ ကြားလည်း မကြားဖူးဘူး။ ဒီလောက်မီဒီယာထွန်းကားတဲ့ တိုင်းပြည်မှာ အဲလိုဟာမျိုးတစ်ခါလောက်တွေ့လိုက်လို့ကတော့ သတင်းစာတွေ၊ တီဗွီတွေက ပြောလို့ရေးလို့ကို ဆုံးမှာမဟုတ်ဘူး။


ဒီမှာက မီဒီယာကို အကြောက်ရဆုံးပဲ။ မီဒီယာကလွတ်လပ်တဲ့အတွက် ဘယ်ချစားမှုမျိုးကိုမဆို မညှာမတာ ဖေါ်ပြကြတယ်။ ဒီကရဲတွေလည်း မကောင်းအပြောခံရတာတွေ ရှိတော့ရှိတာပါပဲ။ ဒါပေမဲ့ ချစားတဲ့ကိစ္စတွေကြောင့်အပြောခံရတာမျိုး တစ်ခါမှ မကြားဖူးဘူး။ သူတို့အပြောခံရတာက လမ်းပေါ် တ၀ီဝီနဲ့ အရေးပေါ်မီးဖွင့်ပြီး အတင်းမောင်းနေလို့ ကားသမားအချင်းချင်း အမြင်ကပ်တာပဲ ရှိတာ။ အဲဒါလည်း သူတို့ကိစ္စနဲ့ သူတို့ အလုပ်ရှိလို့ ပြေးလွှားနေရတာမို့ လူထုအများစုကတော့ ဘယ်သူမှ မကောင်းမမြင်ကြပါဘူး။ ကျုပ်တို့ မြန်မာပြည်က ရဲတွေကတော့ဗျာ-----------------------သယ်----ပြောလိုက်ရ။


ကိုမင်းထက်