17 April 2010

သွေးနီစွန်းသော သင်္ကြန်နေ့  (၂၀၁၀) အတွက် ဆုတောင်းမေတ္တာပို့ ပေးကြပါရန် မြန်မာပြည်သူပြည်သားအပေါင်းအား အလေးအနက် နူးညွှတ်စွာ ပန်ကြားအပ်ပါတယ်။



၂၀၁၀ ခုနှစ်၊ သင်္ကြန်အကြတ်နေ့  (ဧပြီလ ၁၅ ရက်နေ့ ) တွင် ရန်ကုန်မြို့  ကန်တော်ကြီးပန်းခြံအတွင်း ကျင်းပသော နှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်အတွင်း ရေပက်လောင်းကာ ပျော်ရွှင်ကြည်နူးကြသော ပြည်သူအပေါင်းတို့  သွေးမြေကျခဲ့ရသည့် ဗုံးပေါက်ကွဲမှုကြောင့် မြန်မာ့ရိုးရာ အတာသင်္ကြန်ယဉ်ကျေးမှုအစဉ်အလာသမိုင်းကြောင်းအား အကျဉ်းတန်စေခဲ့ရုံသာမက အသက်ဆုံးရှုံးခဲ့ရသူများအတွက် ကြေကွဲဝမ်းနည်းဖွယ်နေ့ တစ်နေ့  ဖြစ်ခဲ့ရပါတယ်။

အပြစ်မဲ့ပြည်သူတို့ ၏ အသက်သွေးဆုံးရှုံးစေခဲ့သော ဤနေ့ အား မြန်မာရိုးရာသင်္ကြန် အစဉ်အလာသမိုင်းတွင် သွေးနီစွန်းသော သင်္ကြန်နေ့  (၂၀၁၀) အဖြစ် နှစ်စဉ်နှစ်တိုင်း အောက်မေ့ဖွယ် ဖြစ်စေရန် မှတ်တမ်းထားအပ်ပါတယ်။

မနက်ဖြန်ကျရောက်မည့် မြန်မာနှစ်သစ်ကူး နှစ်ဆန်းတစ်ရက်နေ့ မှ စ၍ (၃) ရက်တိုင်တိုင် ဘုရားကျောင်းကန်စေတီပုထိုးများတွင်လည်းကောင်း၊ မိမိတို့  ကိုးကွယ်ရာဘာသာများအလိုက် ဆုတောင်းမှုပြုရာ နေရာဌာနများတွင်လည်းကောင်း၊ မိမိတို့  နေအိမ်များတွင်လည်းကောင်း မြန်မာပြည်သူပြည်သားအပေါင်းတို့ မှ အပြစ်မဲ့စွာ သေဆုံးသွားကြရသူများနှင့် ထိခိုက်ဒဏ်ရာရသူများအတွက် မေတ္တ၁ပို့ ဆုတောင်းပေးကြပါရန် အလေးအနက် နူးညွတ်စွာ ပန်ကြားအပ်ပါတယ်။ မိမိတို့ မိသားစုများ ဆွေမျိုးသင်္ဂဟများ မိတ်ဆွေအပေါင်းအသင်းများ နီးစပ်ရာ သိကွမ်းသူများအား ယခုဆုတောင်းမှုအား စုပေါင်း ပြုလုပ်ပေးကြပါရန်ကိုလည်း လက်ဆင့်ကမ်း အသိပေး မေတ္တာရပ်ခံပေးကြပါရန် တိုက်တွန်းအပ်ပါတယ်။

- ၂၀၁၀ ခုနှစ်၊ သင်္ကြန်အကြတ်နေ့  (ဧပြီလ ၁၅ ရက်နေ့ ) တွင် ရန်ကုန်မြို့  ကန်တော်ကြီးပန်းခြံအတွင်း ကျင်းပသော နှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်အတွင်း ဗုံးပေါက်ကွဲမှုကြောင့် အသက်ဆုံးရှုံးခဲ့ကြရသော ပြည်သူများ ကောင်းရာမွန်ရာ ဘုံဘ၀သို့ ရောက်ရှိကြပါစေ။ ဤကဲ့သို့  ကြေကွဲဖွယ် ဖြစ်ရပ်ဆိုးများ မည်သည့်ဘ၀တစ်လျှောက်တွင်မှ ထပ်မံ မကြုံတွေ့  မခံစားကြရပါစေသား။

- ၂၀၁၀ ခုနှစ်၊ သင်္ကြန်အကြတ်နေ့  (ဧပြီလ ၁၅ ရက်နေ့ ) တွင် ရန်ကုန်မြို့  ကန်တော်ကြီးပန်းခြံအတွင်း ကျင်းပသော နှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်အတွင်း ဗုံးပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူများ အသက်ဘေးအန္တရာယ်မှ ကင်းဝေးကြပါစေ။ ဤကဲ့သို့  ကြေကွဲဖွယ် ဖြစ်ရပ်ဆိုးများ မည်သည့် အချိန်အခါတွင်မှ ထပ်မံ မကြုံတွေ့  မခံစားကြရပါစေသား။

- မြန်မာပြည်သူလူထုအပေါင်းတို့  ဘေးအန္တရာယ်အသွယ်သွယ်မှ အစဉ်အမြဲ ကင်းဝေးကြပါစေသား။

အသက်ဆုံးရှုံးခဲ့ကြရသောသူများ၏ မိသားစုများနှင့်အတူ ထပ်တူထပ်မျှ အထူးကြေကွဲဝမ်းနည်းရပါကြောင်း လေးနက်စွာ ပြောကြားလိုပါတယ်။