12 September 2011

လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်အား အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းအနားအား ဖိတ်ကြားခြင်းမရှိ

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော်တွင် ကျင်းပမည့် ဒီမိုကရေစီနေ့ အခမ်းအနားအား ဖိတ်ကြားထားခြင်း မရှိကြောင်း သိရသည်။

“အခုထိတော့ ဖိတ်ကြားထားတာ မရှိသေးဘူး။ ဖိတ်ရင်လည်း အန်တီအနေနဲ့ တက်ဖို့ စဉ်းစားရအုံးမှာပါ”ဟု စက်တင်ဘာ ၁၀ ရက်နေ့က ယင်း၏ နေအိမ်တွင် ဆိုသည်။

စက်တင်ဘာ ၁၅ ရက်နေ့တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ကို မြန်မာနိုင်ငံက ပထမဆုံးအကြိမ် ကျင်းပရန် ပြင်ဆင်ထား ကြောင်း ပြည်ထောင်စုလွှတ်တော် နာယက ဦးခင်အောင်မြင့်က လူ့အခွင့်အရေး အစီရင်ခံစာ တင်သွင်းသူ မစ္စတာ ကွင်တားနားအား သြဂုတ်လက ပြောကြားခဲ့သည်။

ယင်းအခမ်းအနားကို လွှတ်တော်အဆောက်အဦးတွင် အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော် နှစ်ရပ်ပေါင်း ကျင်းပမည်ဖြစ်ပြီး၊ ရွေးကောက်ပွဲအနိုင်ရပါတီများ အနေဖြင့် ပါတီတစ်ခုလျှင် ဒီမိုကရေစီနှင့်ပတ်သက်သည့် စာတမ်းများအား ဖတ်ကြားရမည် ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ၏ စမ်းချောင်းမြို့နယ်ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးစိုးဝင်းက ဆိုသည်။

“စာတမ်းကတော့ A4 နှစ်မျက်နှာစာပါ။ ရေးလို့လည်း ပြီးပါပြီ။ ဒီလိုနေ့တွေလုပ်ပေးတာကို ကြိုဆိုပါတယ်။ လွှတ်တော်ထဲမှာသာမက အပြင်မှာလည်း သက်ဆိုင်ရာ တာဝန်ရှိသူတွေ ဦးစီးပြီးလုပ်ပေးရင် ကောင်းပါတယ်”ဟု ယင်းကဆိုသည်။

ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံများတွင် ဒီမိုကရေစီစနစ် ထွန်းကားစေရန် ရည်ရွယ်၍ စက်တင်ဘာ ၁၅ ရက်နေ့ကို ဒီမိုကရေစီနေ့အဖြစ် သတ်မှတ်ရန် ကုလသမဂ္ဂမှ ၂၀၀၇ ခုနှစ်တွင် ဆုံးဖြတ်ခဲ့သည်။

သတင်း...... YC(KS)