11 September 2011

မြန်မာနိုင်ငံရှိ ULFA စခန်းအား မြန်မာစစ်တပ် တိုက်ခိုက်

( 7 September 2011 ရက်စွဲပါ Times of Assam မှ ULFA bases at Myanmar attacked, pressure on Paresh Baruah ကို Y C မှဘာသာပြန်ဆိုသည်)

C – in – C Paresh Baruah ခေါင်းဆောင်သော United Liberation Front of Asom ( ULFA ) ၏ သဘောထားတင်းမာသော အုပ်စုမှ အတည်ပြုပြောကြားရာတွင် ၎င်းတို့၏ မြန်မာနိုင်ငံတွင် ရှိသော အခြေစိုက်စခန်းအား မြန်မာစစ်တပ်မှ တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

အဖွဲ့၏ ပြန်ကြားရေးခေါင်းဆောင် Arunudoy Dahotiya က email ကြေညာချက်တွင် မြန်မာစစ်တပ်သည် တောနက်ထဲရှိ ULFA စခန်းများအား တိုက်ခိုက်ရုံသာမက အခြားအရှေ့မြောက်သူပုန်စခန်းများကိုပါ တိုက်ခိုက်ကြောင်း ULFA က ဖော်ပြသည်ဟု ရေးသားထားသည်။ အာသံမှ ပြည်သူများကိုလည်း ၎င်းတို့အဖွဲ့များအား အကူအညီပေးကြရန် ပန်ကြားထားသည်။ ကြေညာချက်တွင် မြန်မာစစ်တပ်တွင် အိန္ဒိယမှ အကူအညီ ပေးထားသော လက်နက်ကြီးများနှင့် ခဲယမ်းများ ရှိသောကြောင့် တိုက်ပွဲသည် ပြင်းထန်နိုင်သည်ဟု ဆိုသည်။

ဇွန်လ (၁၆) ရက်နေ့က Times of Assam တွင် ပုံနှိပ်ဖော်ပြထားရာ၌ အိန္ဒိယထောက်လှမ်းရေးသည် ULFA ၏ သဘောထားတင်းမာသော အုပ်စုခေါင်းဆောင် Paresh baruah အား နှိမ်နှင်းနိုင်ရန် ခေတ်မီဂြိုလ်တုနည်းစနစ်များ အသုံးပြုရှာဖွေနေသည်ဟု ယုံကြည်ရကြောင်း ရေးသားထားသည်။ သတင်းရင်းမြစ်များက Times of Assam သို့ သတင်းများပေးပို့ရာတွင် အိန္ဒိယထောက်လှမ်းရေးသည် GPS စနစ်ကို အသုံးပြု၍ တရုတ်- မြန်မာ နယ်စပ်ရှိ Paresh Baruah ပုန်းအောင်းနေသော Taka ဒေသ၏ ဂြိုလ်တု မြေပုံကို ရေးဆွဲထားသည်ဟု ဆိုသည်။

လွန်ခဲ့သော လအနည်းငယ်က ပြည်ထဲရေးဝန်ကြီးဌာနမှ (အရှေ့မြောက်) တွဲဖက်အတွင်းဝန် Shambhu Singh သည် မဏိပူရအစိုးရ ကိုယ်စားလှယ်များနှင့် အတူ မြန်မာအစိုးရတာဝန်ရှိသူများနှင့် မြန်မာနိုင်ငံ ကလေးဝတွင် တွေ့ဆုံဆွေးနွေးခဲ့သည်။ ထိုသို့ ဆွေးနွေးစဉ်က အိန္ဒိယ ကိုယ်စားလှယ်သည် မြန်မာအစိုးရအား မြန်မာ့မြေပေါ်ရှိ ULFA စခန်းများအား ချက်ခြင်း အရေးယူဆောင်ရွက်ပေးရန် ဖိအားပေးခဲ့သည်။

ယခု ULFA အား မြန်မာစစ်တပ်က တိုက်ခိုက်နေခြင်းကြောင့် Paresh baruah သည် ရွေးစရာလမ်းမရှိပဲ တရုတ်နိုင်ငံသို့ ထွက်ပြေးရမည် ဖြစ်သည်။ တဖန် ၎င်းသည် တရုတ်နိုင်ငံတွင် ပိတ်မိနေနိုင်သည်။ အဘယ်ကြောင့်ဆိုသော် မြန်မာနိုင်ငံသို့ အဝင်အထွက် ပြုလုပ်ရန် မလွယ်ကူတော့ သောကြောင့် ဖြစ်သည်။