16 September 2011

မြန်မာအတွက် ပြုပြင်ပြောင်းလဲမှုက အပြောလား။ အလုပ်လား။

(13 September 2011 ရက်စွဲပါ The Huffington Post မှ Simon Roughneer ရေးသားသော “Burma and Reform: All talk and no work?” ကို Y C မှဘာသာပြန်ဆိုသည်)

မြန်မာ စစ်တပ်အုပ်ချုပ်သူများ လက်အောက်တွင် သတင်းစာဆရာ တစ်ဦးအဖြစ် လုပ်ကိုင်ရသည်မှာ မလွယ်လှပေ။ စစ်တပ်က မြန်မာနိုင်ငံကို ၁၉၆၂ ကတည်းက အုပ်ချုပ်ခဲ့ပြီး၊ ၂၀၁၀ နိုဝင်ဘာလတွင် နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံး ရွေးကောက်ပွဲ ကျင်းပပေးခဲ့ပြီး စစ်တပ်ပါတီ အလွယ်တကူ အနိုင်ရခဲ့ကာ ယခင် ဝန်ကြီးချုပ်ဟောင်း ဦးသိန်းစိန်က အစိုးရသစ် အကြီးအကဲအဖြစ် တာဝန်ယူခဲ့သည်။

ထို အခြေအနေတွင် ခေါင်းဆောင်သစ်သည် ပြုပြင်ပြောင်းလဲရေးများ လုပ်ရန် ကြိုးပမ်းလာသည်။ ယင်းသည် မကြာသေးမီက ဒေါ်အောင်ဆန်း စုကြည် နှင့် တွေ့ဆုံခဲ့ပြီး၊ သူမကလည်း ဦးသိန်းစိန်အား ပြန်လည် ချီးကျူး ပြောဆိုခဲ့သည်။ အချို့က သမ္မတသစ်သည် သတိကြီးစွာထားသော ပြုပြင် ပြောင်းလဲရေး ဝါဒီဟု ဆိုကြပြီး မြန်မာ အစိုးရ အတွင်းရှိ သဘောထား တင်းမာသူများနှင့် စစ်ခင်းနေရကြောင်း သတင်းများက ဆိုသည်။ အချို့ကလည်း ယခု ယှဉ်ပြိုင်မှုမှာ ကပြနေခြင်းသာ ဖြစ်ပြီး စစ် အာဏာရှင် သန်းရွှေက နောက်ကွယ်မှ ကြိုးကိုင်နေသည်ဟု ဆိုကြသည်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် ၁၉၉၂ ကတည်းက အာဏာ ရယူခဲ့ရာ အမေရိကန် သံတမန် ကေဘယ်များအရ မြန်မာနိုင်ငံ၏ အာဏာ တည်ဆောက်ပုံမှာ ရှင်းရှင်းလင်းလင်း မရှိပဲ အားလုံးသည် သန်းရွှေ အပေါ်တွင်သာ မူတည်သည်ဟု ဆိုသည်။

ပြုပြင်ပြောင်းလဲရေး အတွက် ပြောကြားမှုများကို အသာထား မြန်မာအစိုးရသည် နိုင်ငံရေး အကျဉ်းသား ၂၀၀၀ ခန့်ကို ထိန်းသိမ်းထားဆဲ ဖြစ်ပြီး၊ အစိုးရကမူ ရာဇဝတ်သားများအဖြစ်သာ ပြောဆိုနေသည်။ အဆိုပါ အကျဉ်းသားများတွင် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး ရာပေါင်းများစွာ ပါဝင်ပြီး၊ သတင်းစာ ဆရာ ၂၀ ကျော် ပါဝင်သည်။ ပြီးခဲ့သည့် ဧပြီလ ဦးသိန်းစိန် မိန့်ခွန်း မပြောမီကပင် DVB သတင်းထောက် တစ်ဦး ထောင်ဒဏ် ၁၃ နှစ် အပြစ် ပေးခံခဲ့ရပြီး ထိန်းသိမ်းခံရသော ၁၇ ဦးမြောက် DVB သတင်းထောက် ဖြစ်လာသည်။

မြန်မာနိုင်ငံတွင် ပုဂ္ဂလိက မီဒီယာကဏ္ဍ တိုးတက်လျက် ရှိသော်လည်း အစိုးရ ဆင်ဆာ ပြုသမျှ ခံကြရသည်။ အစိုးရ အာဏာပိုင်များသည် သတင်းများ၊ နိုင်ငံရေးများ မပါသော မီဒီယာအား ဆင်ဆာ ကင်းလွတ်ခွင့်ပြုခဲ့သည်။

Committee to Project Journalists (CPJ) မှ အာရှကိုယ်စားလှယ် Shawn Crispin ၏ အဆိုအရ အထက်ပါ ဖြေလျော့ပေးမှုသည် အဓိပ္ပာယ် မရှိကြောင်း ဆိုသည်။ "တကယ်လို့ အစိုးရသစ်ဟာ သတင်းစာ လွတ်လပ်ခွင့်ကို အလေးပေးတယ်ဆိုရင် စာပေ စိစစ်ရေး ဌာနကို ဖျက်ပစ် ရပါမယ်။ ပုဂ္ဂလိက မီဒီယာတွေကို စောင့်ကြည့်တဲ့ ကဏ္ဍ (watchdog role) ကနေ လှုပ်ရှားခွင့် ပြုပြီး တကယ့် ဒီမိုကရေစီမှာလို ကျင့်သုံးရပါမယ်" ဟု ယင်းက ပြောသည်။

Crispin က ပြောဆိုရာတွင် "ဦးသိန်းစိန် ရဲ့ စစ်တပ် အုပ်ချုပ်သူတွေဟာ တကယ် လုပ်ရဲ ကိုင်ရဲ ရှိပါ့မလားဆိုတာ သံသယရှိနေပါတယ်" ဟု ဆိုသည်။