ရွှေဝါရောင်တော်လှန်ရေး (၄)နှစ်ပြည့်ပြီလို့ ပြောလိုက်တာနဲ့ ဘာကို ပြေးမြင်လိုက်လဲဆိုရင် အော်ငါနဲ့အတူတူသွား အတူတူစား အတူတူအစည်းအဝေးပွဲထိုင် အတူတူ ငြိမ်းချမ်းရေး လမ်းလျှောက်ပွဲတွေ ဆင်နွဲခဲ့ကြတဲ့ သူငယ်ချင်း ရဟန်းသံဃာတွေ ကြံ့ဖွတ်စစ် အစိုးရရဲ့ အကျဉ်းထောင်တွေထဲမှာ အနှိပ်စက်ခံ အကျဉ်းကျခံနေရတာ (၄) နှစ်ကြီးများတောင် ရှိသွားပါပြီလားလို့ ပြေးမြင်မိပါတယ်။ မြတ်စွာဘုရားရှင်၏ မေတ္တာသုတ် ပရိတ်တရားတော်များကို မေတ္တာပို့ရွတ်ဆိုကာ ငြိမ်းချမ်းစွာလမ်းလျှောက် ရုံဖြင့် ၀ါးရင်းတုတ်နှင့် အရိုက်ခံကြရ၊ သေနတ်နှင့် အပစ်ခံကြရ၊ ကျောင်းတိုက်များကို ညစဉ် သူပုန်စခန်းစီးသလို ၀င်ရောက်ရိုက်နှက် သတ်ဖြတ်ကာ ဖမ်းဆီး ခေါ်ဆောင်သွားပြီး နှစ်ရှည်ထောင်ဒဏ်တွေ ချပစ်ကြတယ်။ အလုပ်ကြမ်းနှင့် ရဲဘက်စခန်းတွေကို ပို့ပစ်ကြတယ်။ ကျောင်းတိုက်ပေါင်း (၆၀) ကျော်ကို ချိတ်ပိတ်ပစ်ကြတယ်။
အရှင်ဣဿရိယနှင့် သူငယ်ချင်းများ ရဟန်းသံဃာအဖြစ်နဲ့ ငယ်စဉ်ကလေး ဘ၀ကတည်းက နေလာခဲ့ကြတာ အလုပ်ကြမ်းလည်း မလုပ်ဖူးဘူး၊ မြတ်စွာဘုရားရှင်ရဲ့ တရားဒေသနာတော်တွေကို သင်ယူပို့ချ ဟောပြောဆုံးမပြီး နေခဲ့ကြတာ၊ အခုသူတို့ ဘ၀တွေအလုပ်ကြမ်းနဲ့ ထောင်ဒဏ်တွေကျ တစ်ချို့ထောင်ထဲမှာ ပျံလွန်တော်မူကြရတယ်။သူငယ်ချင်းဖြစ်သူ ဦးဂမ္ဘီရ ဆိုရင် ထောင်ဒဏ် (၆၃)နှစ်နှင့် သူငယ်ချင်းဖြစ်သူ ဦးခေမိန္ဒ(ဦးကေသရ)ဆိုရင် ထောင်ဒဏ်(၃၅)နှစ် ကျခံနေရတယ်။
ဦးခေမိန္ဒ (ထောင်ဒဏ် ၃၅ နှစ်) ဦးခေမိန္ဒ ဟာစာရေး သူတို့ထက် ၀ါကြီးပါတယ်။ မန္တလေးမြို့ ၁၉၉၀ ပြည့် ဆွမ်းလောင်းပွဲကြီးမှာ အေးဆေးစွာ ဆွမ်းခံကြွနေတဲ့သံဃာတော်တွေကို စစ်အစိုးရက သေနတ်နှင့်ပစ် စစ်ဖိနပ်နဲ့ ကန်ကျောက် ထောင်ထဲပို့ခဲ့တာမို့ ဒီလောက်ကြမ်းကြုတ် စော်ကားတဲ့ စစ်အစိုးရကို မြတ်စွာဘုရားရှင် ဓမ္မစက်နဲ့ ဆုံးမမှသာလျှင်ရမယ်ဆိုပြီး ဆရာတော်ကြီးများကိုယ်တိုင် ဦးဆောင်၍ ပတ္တနိက္ကုဇ္ဖန ကမ္မ၀ါရွတ်ဆိုကာ စစ်အစိုးရကို မည်သည့်သံဃာမှ အပေါင်းဖေါ်မပြုရ ပစ္စည်းလေးပါး အလှူမခံရ စသည်ဖြင့် အမိန့်ထုတ်ကာ ရဲရဲရင့်ရင့် သပိတ်မှောက်ခဲ့ကြပါတယ်။ ဒီလို သပိတ်မှောက်ထားတဲ့အတွက် စစ်အစိုးရ အုပ်စုတွေဘက်က ဆွမ်းစား သာရေး နာရေးပင့်တဲ့အခါ မည်သည့် သံဃာမှမလိုက်ကြပါ။ အလှူမခံကြပါ။ ဒီပြင်းထန်မှုဟာ တနိုင်ငံလုံးထိ ပျံ့နှံလာပါတယ်။ ဒါကို အင်မတန်ကြောက်သွားတဲ့ စစ်အုပ်စုဟာ သူတို့ရဲ့ မ ဟ န ဆရာတော်ကြီးများကို သေနတ်နဲ့ထောက် အမိန့်ထုတ်ခိုင်းကာ သံဃာဖမ်းပွဲ စတင်ကျင်းပပါတော့တယ်။
သံဃာဖမ်းပွဲမှာ တနိုင်ငံလုံးက လေးစားရသော သံဃာအပါး တစ်ထောင်ကျော်ကို စာချပေးနေတဲ့ နာယက ဆရာတော်ကြီးတွေ၊ တိပိဋ္ဋကဓရ ဆရာတော်ကြီးတွေ၊သကျသီဟ ဓမ္မာစရိယဘွဲ့ရ ဘိဝံသ ဆရာတော်ကြီးတွေ မြောက်များစွာ ထောင်ကျ ခံနှိပ်စက်ခံခဲ့ကြရပါတယ်။ တချို့ဆရာတော်ကြီးတွေ ထောင်ထဲမှာ ပျံလွန်တော်မူကြပါတယ်။ တချို့ ဆရာတော်ကြီးများ ထောင်ကလွတ်ပြီး မကြာမီမှာ ထောင်ထဲက ဒဏ်တွေကြောင့်ပျံလွန်တော်မူခဲ့ကြရပါတယ်။ ၁၉၉၀ ပြည့် သပိတ်မှာ ရှေ့တန်းကနေ မားမားမတ်မတ် ပါဝင်ခဲ့လို့ ထောင်ကျသွားတဲ့အထဲမှာ အခု ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးမှာ ထပ်မံထောင်ဒဏ် (၃၅)နှစ်အကျခံရတဲ့ သူငယ်ချင်းဖြစ်သူ ဦးခေမိန္ဒ(ဦးကေသရ)ဟာ တစ်ပါး အပါအ၀င်ဖြစ်ခဲ့ပါတယ်။ ဦးခေမိန္ဒဟာ အင်မတန် သတ္တိပြောင်မြောက်သူ တစ်ပါးဖြစ်ပါတယ်။
မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာသမ္မဂ္ဂီအဖွဲ့ (မန္တလေး)အရှင်ဣဿရိယ၊ အရှင်သြဘာသ၊ အရှင်ခေမိန္ဒ၊ အရှင်ပညာသီရီ စာရေးသူတို့ မန္တလေးမှာ မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာသမဂ္ဂီ ကိုပြန်လည် ဖွဲ့စည်းတော့ ရှေ့တန်းကနေ မားမားမတ်မတ် ဦးဆောင် ပါဝင်ခဲ့ပါတယ်။ သံဃာသမဂ္ဂီအသင်းဖွဲ့စဉ်မှာ သူပြောသွားတဲ့ စကားလေးကို ယနေ့ထက်ထိ ကြားယောင်နေမိပါတယ်။’’ ဒို့တတွေသတ္တိရှိရမယ်.. ဒို့နိုင်ငံသူ၊ နိုင်ငံသားတွေအတွက် ဒို့ဘ၀ကို စတေးရမယ် အရင်ကလည်း စတေးခဲ့တယ်။ အခုလည်းပဲ စတေးအုံးမယ်တဲ့’’ သူပြောတဲ့အတိုင်း ပြတ်ပြတ်သားသား လုပ်ခဲ့ပါတယ်။
၂၀၀၇ စက်တင်ဘာ ၂ ရက်နေ့မှာ ဦးဂမ္ဘီရ မန္တလေးကိုရောက်လာတော့ ဦးခေမိန္ဒ၊ ဦးပညာသီရိ၊ ဦးလင်း အပါအ၀င် သံဃာတော် ၁၀ ပါးနှင့် စာရေးသူတို့ ထပ်မံအစည်းအဝေး လုပ်ကြပါတယ်။ ဦးဂမ္ဘီရ ရန်ကုန်မှပါလာသော သံဃာတော်များ ပန်ကြားလွှာနှင့် စာရေးသူတို့ ထုတ်ဝေထားသော သံဃာတော်များသို့ ပန်ကြားလွှာများကို ဆက်လက်ဖြန့်ဝေရေးများကို ညှိနိုင်းတိုင်ပင်ကြပါတယ်။ ၂၀၀၇ စက်တင်ဘာ ၅ ရက်နေ့မှာ ပခုက္ကူမြို့တွင် သံဃာတော် အပါး ၅၀၀ ကျော် ငြိမ်းချမ်းစွာ မေတ္တာပို့ လမ်းလျှောက်စဉ် စစ်အုပ်စုမှ သံဃာတော်များကို တိရိစ္ဆာန်များဖမ်းသလို ကြိုးကွင်းနဲ့ပစ်ဖမ်း ဓါတ်တိုင်မှာ ကြိုးနဲ့တုတ် သေနတ်ဒင်နဲ့ထု စစ်ဖိနပ်နဲ့ ကန်ကျောက် လုပ်ခဲ့တဲ့အတွက် သံဃာနဲ့ န အ ဖ ကြားပြင်းထန်မှု ဖြစ် ခဲ့ပါတယ်။ ဒီသတင်းကြားကြားချင်း နောက်တစ်နေ့မှာ စာရေးသူ၊ ဦးဂမ္ဘီရ၊ ဦးခေမိန္ဒ၊ ဦးလင်း နဲ့အခြားသူငယ်ချင်းများ ပခုက္ကူအရေးအခင်းနှင့် ပက်သတ်ပြီး အစည်းအဝေး ထိုင်ခဲ့ကြပါတယ်။
အစည်းအဝေး သဘောတူညီချက်အရ ငြိမ်းချမ်းစွာ မေတ္တာပို့ လမ်းလျှောက်ကြသော သံဃာတော်များကို စစ်အုပ်စုမှ ယခုလို အကြမ်းဖက် စော်ကားသည့်အတွက် သံဃာတော်များကို ပြန်လည်တောင်းပန်ရန် တောင်းပန်ခြင်းမပြုပါက မန္တလေး သံဃာသမ္မဂ္ဂီအသင်းကြီးမှ ဦးဆောင်ကာ သပိတ်မှောက်ပါမည်ဆိုတဲ့ စတိတ်မင့်တစ်စောင်ကို စာရေးသူကိုယ်တိုင် ရေးသားခဲ့ပါတယ်။ ဒီစတိတ်မင့်ကီု ဦးခေမိန္ဒမှ ဘီဘီစီ သတင်းဌာနသို့ အင်တာဗျူးကာ အသံလွှင့် ဖတ်ကြားခဲ့ပါတယ်။ စာရေးသူနဲ့ ဦးဂမ္ဘီရက အီးမေးလ်များမှတဆင့် သူငယ်ချင်းများဆီသို့ ဖြန့်ဝေပေးပါတယ်။ ထိုစတိတ်မင့်များကို ကော်ပီစွဲကာ စာရေးသူရဲ့ တပည့်များနှင့် သူငယ်ချင်းများမှ ကျောင်းတိုက်များသို့ လိုက်လံဖြန့်ဝေပေးခြင်း၊ နံရံများတွင် လိုက်လံကပ်ခြင်းများကို ပြုခဲ့ကြပါတယ်။ မန္တလေးမှာ စတိတ်မင့် စာရွက်ပျံ့နှံလာမှု ကြောင့် တချို့အင်ဖေါ်မာများ က စာရေးသူကို သံသယဖြစ်ကာ နောက်ယောင်ခံ လိုက်လာကြပါတယ်။ စာရေးသူကမန်းမှာ စာကြည့်တိုက်နှင့် ဘာသာဗေဒ သင်တန်း၊ ကွန်ပျူတာသင်တန်းများ ဖွင့်ထားသည့်အတွက် စာရေးသူကို သံသယရှိကြပါတယ်။ စာရေးသူမှ သူငယ်ချင်းများကို ရှင်းပြကာ ရန်ကုန်ကိုသွားမည် ရန်ကုန်မှာလည်း အရေးကြီးသည်။ ဒီစတိတ်မင့်စာရွက်များကို ရန်ကုန်မှာသွား ဖြန့်ဝေပေးပါမည်။ အကြောင်းရှိက ဖုန်း၊ အင်တာနက်၊ မက်ဆင်ချာများဖြင့် ဆက်သွယ်ပါမည်။ အကယ်၍ အဆက်အသွယ်မရပဲ ဆုံးဖြတ်စရာများရှိပါက မန္တလေးအဖွဲ့က လုပ်တာကို ရန်ကုန်က သဘောတူပါသည်။ ရန်ကုန်ကလုပ်တာကို မန္တလေးကလည်း သဘောတူပါဟု ပြောဆိုညှိနှိုင်းကြကာ စာရေးသူ ရန်ကုန်ကို ဆင်းသွားပြီး စတိတ်မင့် စာရွက်များ မိတ္တူကူးကာ သူငယ်ချင်းများနှင့် တိုင်ပင်လျက် ကျောင်းတိုက်များ အသီးသီးသို့ လိုက်လံဖြန့်ဝေ ပေးခဲ့ကြပါသည်။
မန္တလေးမှ ဦးပညာသီရီ ရန်ကုန်သို့ လိုက်လာပါသည်။ ရန်ကုန်မှာ စတိတ်မင့် စာရွက်များကို သူ၏မိတ်ဆွေများနှင့် တိုင်ပင်ကာ ၀ိုင်းဝန်းဖြန့်ဝေ ပေးခဲ့ပါသည်။ မန္တလေးမှ ဦးဂမ္ဘီရက ဖုန်းဆက်ခေါ်သဖြင့် ဦးပညာသီရီ မန္တလေးသို့ ပြန်ကြွသွားရသည်။ ပထမ စတိတ်မင့်မှာ စက်တင်ဘာ ၁၁ ရက်နေ့ထိအချိန်ပေးခဲ့သည်မှာ အချိန်နည်းနေသေးသဖြင့် နောက်စတိတ်မင့်တွင် ၁၇ရက်နေ့ထိ နောက်ဆုံးထား တောင်းပန်ရန် ရက်ရွေ့ပေးခဲ့ပါသည်။ သို့ပါသော်လည်း စစ်အစိုးရမှ လုံးဝမတောင်းပန်သဖြင့် ဦးဂမ္ဘီရမှ စာရေးသူထံ ပတ္တနိက္ကူဇ္ဖနကမ္မ၀ါစာကို အီးမေးလ်ဖြင့် ပို့ပေးခဲ့ပါသည်။ စာရေးသူသည် အီးမေလ်းမှ စတစ်ဖြင့်ကူးလာကာ ပရင့်ထုတ်၍ ဦးသြဘာသကိုလည်း ၀ိုင်းဖြန့် ဝေပေးပါရန် ပြောခဲ့ပါသည်။ စာရေးသူတို့လည်း ကျောင်းတိုက်များသို့ ကမ္မ၀ါစာ ရွတ်ဖတ်နိုင်ရန် လိုက်လံ ဝေပေးခဲ့ကြပါသည်။
၁၈ရက် စက်တင်ဘာ ၂၀၀၇ နံနက်၉ နာရီအချိန်တွင် သံဃာတော် ၁၅ ပါး ရွှေတိဂုံဘုရားအနီးရှိ သူငယ်ချင်းရဲ့ ဆရာတော်ကြီးကျောင်းတွင် ကမ္မ၀ါ စုပေါင်း ရွတ်ဖတ်ကြပါသည်။ ထိုအသံ ဖမ်းထားသောဖိုင်ကို သူငယ်ချင်းဖြစ်သူ ဦးသောပါက (ဂျာမဏီ)ထံသို့ မီဒီယာများမှ တဆင့်ဖြန့်ဝေပေးပါရန် အီးမေးလ်မှတဆင့် ပို့ပေးခဲ့ပါသည်။ အခြားကျောင်းတိုက် တော်တော် များများတွင်လည်း ကမ္မ၀ါစာများ ရွတ်ဖတ်ကြပါသည်။ ထိုနေ့မှစတင်ကာ သံဃာတော်များ မေတ္တာပို့ရင်း လမ်းလျှောက်ပွဲများ ဆင်နွဲခဲ့ကြပါသည်။ သံဃာတော်များ ငြိမ်းချမ်းရေး လမ်းလျှောက်ပွဲသည် တနေ့ထက်တနေ့ သံဃာတော်များ၊ သီလရှင်ဆရာလေးများ၊ ကျောင်းသားပြည်သူများ ပူးပေါင်း ပါဝင်လာမှုမှာ များသည်ထက် များလာပါသည်။ သံဃာထုနှင့် လူထုအားမှာ သိန်းချီများပြား လာပါသည်။ မြို့နယ်တိုင်းမှာ သံဃာတော်များ ပြည်သူလူထုများ လမ်းလျှောက် ဆန္ဒပြလာကြပါသည်။ ဒါကိုကြောက်တဲ့ နအဖ စစ်အုပ်စုဟာ သူ့အာဏာ မစွန့်ရရေးအတွက်တနိုင်ငံလုံး၊ ကိုးကွယ်ဆည်းကပ်နေသော သံဃာတော်များကိုပင် ၂၆ ရက်စက်တင်ဘာမှ စတင်ကာ ၀ါးရင်းတုတ်နှင့်ရိုက် သေနတ်နှင့်ပစ်သတ် ဖမ်းဆီး ထောင်ချခြင်းများကို စတင်ပြုလုပ်လာပါတော့ သည်။ ညစဉ်ကျောင်းတိုက်များသို့ သူပုန်စခန်းစီး သလိုဝင်စီးကာ သေနတ်နှင့်ပစ်သတ် ကားပေါ်ပစ်တင့် ထောင်ထဲပို့ပါတော့သည်။
သံဃာတော်ကြီးများကိုလည်း မိမိကျောင်းတိုက်မှ သံဃာတော်များကို ရွာပြန်ပို့ရန် အမိန့်ထုတ်ခဲ့ပါသည်။ ပြန်မပို့သော ကျောင်းတိုက်များကို ညစဉ်သူပုန်စခန်း စီးသလိုဝင်စီးကာ ဖမ်းဆီး ခေါ်ဆောင်သွားကာ ထောင်ထဲကို ပို့ခဲ့ကြပါသည်။ ထောင်ထဲမှာ အနှိပ်စက်ခံ အညှင်းပန်းခံ နေကြရပါသည်။ ဦးဣဿရိယ၊ ဦးသြဘာသ၊ ဦးပညာသီရိ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ သဃာ့သမ္မဂ္ဂီအသင်း(မန္တလေး) ဒါကို စာရေးသူရဲ့ သူငယ်ချင်း ထောင်ထဲမှ ထွက်ပြေး လွတ်မြောက်လာသူ ဦးပညာသီရီ ပြောပြလို့ သိခဲ့ရပါသည်။ စာရေးသူက သူငယ်ချင်းကိုမေးပါတယ်။ …သူငယ်ချင်း မင်းထောင်က ထွက်ပြေးလွတ်မြောက်ပြီး နယူးဒေလီမြို့ အိန္ဒိယနိုင်ငံကို ရောက်တော့ နေ့တိုင်း တပည့်တော်ဆီကို အီးမေးလ်ပို့တယ်…။ သူငယ်ချင်းအထဲမှာ မနေနဲ့တော့ အပြင်ကိုထွက်တော့နဲ့ ဘာဖြစ်လို့ အဲဒီလိုပို့တာလဲ မေးတော့ အရှင်ဘုရား ထောင်အကြောင်း မသိဘူးတဲ့…။ ထောင်ထဲမှာ နေတိုင်း တပည့်တော်ကို နည်းမျိုးစုံ နှိပ်စက်ပြီးမေးတယ်။ ဦးဂမ္ဘီရဘယ်မှာလဲ... အရှင်ဘုရား(မင်းသုည) ဘယ်မှာလဲ..။ ဦးလင်းဘယ်မှာလဲနဲ့ အမြဲတမ်းရိုက်ပြီး မေးတယ်ဘုရား။ စစ်ဖိနပ်နဲ့ ရင်ဘက်ကို စောင့်ကန်တယ်။ နားရင်းရိုက်တယ်။ ပါးရိုက်တယ်။ နည်းမျိုးစုံ နှိပ်စက်တယ်ဘုရား နောက်ဆုံး မခံနိုင်တော့လို့ သေတာက ကောင်းသေးတယ်ဆိုပြီး တပည့်တော် အုတ်နံရံကို ခေါင်းနဲ့ ပြေးစောင့်တာ ရဲတစ်ယောက်က လှမ်းဖမ်းဆွဲတာ မြန်လိုက်လို့ဘုရား.. ဒါမှမဟုတ်ရင် တပည့်တော်သေပြီဘုရား။ တပည့်တော် အနှိပ်စက် ခံရတာတွေများတော့ စိတ်တွေလည်း ပုံမှန်မဖြစ်ဘူးဘုရား။ တပည်တော်အပြင်ရောက်လို့ ကြည့်လိုက်တော့ အရှင်ဘုရားကို အင်တာနက်မှာ တွေ့လိုက် တာ့ အရှင်ဘုရားက ရန်ကုန်မှာ နိုင်ငံရေး ဆက်လုပ်နေတုန်း ဆိုတာကို သိရတော့ တပည့်တော် အရမ်းစိုးရိမ်သွားတာနဲ့ အမြဲအီးမေးလ် ပို့ပေးတာပါလို့ ဖြေခဲ့ပါတယ်။
တချို့သံဃာတွေလည်း အလုပ်ကြမ်းဒဏ်ကို မခံနိုင်လို့ ထောင်ထဲမှာ ပျံလွန်တော်မူ သွားတာတွေရှိတယ်လို့ ပြောပြခဲ့ပါတယ်။ ဒါကြောင့် ယနေ့ရွှေဝါရောင် တော်လှန်ရေးဟာ (၄)နှစ်ပြည့်ခဲ့သလို ရွှေဝါရောင် တော်လှန်ရေးမှာ အသက်စွန့်ကာ ပါဝင်ဦးဆောင်ခဲ့ကြတဲ့ သံဃာတော်တွေ ထောင်ကျခံ အနှိပ်စက် ခံနေရတာလည်း (၄)ပြည့်ပါပြီ။ မိမိတို့နိုင်ငံသူ၊ နိုင်ငံသားအားလုံး စစ်ကျွန်ဘ၀မှ လွတ်မြောက်ရေးအတွက် တိုက်ပွဲဝင် အကျဉ်းကျခံ အနှိပ်စက်ခံနေကြတဲ့ သာသနာ့အာဇာနည်များလွတ်မြောက်ရေးအတွက် ပြည်တွင်းပြည်ပ မှာရှိကြတဲ့ မြန်မာပြည်သားတိုင်းမှာ တာဝန်ရှိပါတယ်။ သံဃာတော်များနှင့် သီလရှင် ဆရာလေးများ လွတ်မြောက်ရေးသည် တစ်နိုင်ငံလုံး လှည်းနေလှေအောင်း မြင်းဇောင်းမကျန် လမ်းပေါ်ထွက် ဆန္ဒပြကာ တောင်းဆိုမှသာလျှင် လွတ်မြောက်နိုင်ပေမည်။ ဒီတာဝန်ကို အားလုံး တက်ညီလက်ညီ တာဝန်သိသိ သစ္စာရှိရှိဖြင့် ထမ်းဆောင်ပေးကြပါဟု တိုက်တွန်း နှိုးဆော်လိုက်ပါသည်။………..
ဆောင်းပါးရှင် မင်းသုည(ဗုဒ္ဓတက္ကသိုလ်)