11 September 2011

စိုးရိမ်ပူပန်မှု ကြီးထွားစေသည့် မြန်မာနိုင်ငံမှ တရုတ် စီမံကိန်းများ

(Press TV မှ 8 Sept 2011 ရက်စွဲပါ “ Chinese projects in Myanmar raising concerns” ဆောင်းပါးကို Y C မှဘာသာ ပြန်ဆိုသည်)

မြန်မာနိုင်ငံ၏ ကာလရှည်ကြာ ရှုတ်ထွေးနေသော လက်နက်ကိုင် တိုက်ပွဲများ ဖြစ်ပွားရာ “အညိုရောင်နယ်မြေ”များတွင် တရုတ်တို့ တည်ဆောက်နေသော စွမ်းအင်စီမံကိန်းများက ပတ်ဝန်းကျင်ထိန်းသိမ်းရေး လှုပ်ရှားသူများ၊ လူ့အခွင့်အရေး လှုပ်ရှားသူများနှင့် သုတေသန ပညာရှင်များ အကြား စိုးရိမ်ပူပန်မှုများ ကြီးထွားလာစေသည်။

ထိုင်းနိုင်ငံအခြေစိုက် Shwe Gas Movement အုပ်စုက တရုတ်ပိုက်လိုင်းစီမံကိန်း တည်ဆောက်မှုအပေါ် နောက်ဆုံးထုတ်ပြန်သော အစီရင်ခံစာတွင် “၎င်းနယ်မြေများရှိ တိုင်းရင်းသား လူ့အဖွဲ့အစည်းအတွင်း လူ့အခွင့်အရေး ညှင်းပန်းနှိပ်စက်မှုများ ဆက်လက်ဆိုးဝါးလာလိမ့်မည်” ဟု ကောက်ချက်ချ သုံးသပ်ထားသည်။

၂၈၀၀ ကီလိုမီတာအရှည်ရှိ ပိုက်လိုင်းကို ဖြတ်သန်းသွားမည့် သဘာဝဓါတ်ငွေ့ ကုဗမီတာ ၁၂ သန်းသည် လျှပ်စစ်ဓါတ်အား ထုတ်လုပ် ပေးရန်အတွက် တရုတ်ပြည်အတွင်းပိုင်းအထိ ရောက်ရှိသွားလိမ့်မည်ဟု အထက်ပါ အစီရင်ခံစာ ရေးသားသူများက ဆိုသည်။

ပိုက်လိုင်း စီမံကိန်းကို ဦးဆောင်သည့် တရုတ်နိုင်ငံပိုင် China National Petroleum Corporation CNPC ရွှေဓါတ်ငွေ့ စီမံကိန်း ဦးဆောင်သူ တောင်ကိုးရီးယား Daewoo ကုမ္ပဏီကို ရှယ်ယာခေါ်ထားသည့်အပြင် ဘေးမှ ပါးစပ်အဟောင်းသားဖြင့် ကျန်ရစ်တော့မည့် အိန္ဒိယတို့၏ ONGC Videsh ကုမ္ပဏီကိုလည်း ရှယ်ယာအနည်းငယ် ပေး၍ ထည့်စေပြီး အချိုသတ် စည်းရုံးခဲ့သည်။

အဆိုပါ ပိုက်လိုင်းများဖြတ်သန်း သွယ်တန်းမည့် ဒေသများမှာ မြန်မာနိုင်ငံတွင် တိုက်ပွဲများ၊ ရွာလုံးကျွတ်ဖျက်သိမ်းမှုများ ဆက်လက် ဖြစ်ပွား နေမှုကြောင့် စိုးရိမ်ပူပန်စရာဖြစ်နေ သည့် ပြည်တွင်းစစ်မက်ဖြစ်ပွား တင်းမာနေသော တိုင်းရင်းသားနယ်မြေများပင်ဖြစ်သည်။

စီမံကိန်းလုပ်ငန်းခွင်တွင် အလုပ်ရှင် တရုတ်ကုမ္ပဏီ ဝန်ထမ်းများအား ပေးထားသော အိမ်ရာများနှင့် အလွန့်အလွန် ကွဲပြားခြားနားစွာပင် နေထိုင်နေကြရသော ဒေသခံ အလုပ်သမားများ၏ ဆင်းရဲစုတ်ပြတ်လွန်းသော အခြေအနေများကို NGO လုပ်သားများ တိတ်တဆိတ် မှတ်တမ်းတင် လာခဲ့သော ဗီဒီယိုများ ဓါတ်ပုံများက အထင်အရှားပြသနေသည်။

မြန်မာအစိုးရနှင့် တရုတ်အစိုးရအကြားမှ အလိုတူအလိုပါ သဘောတူညီချက်များထဲတွင် ရေလှောင်တမံ စီမံကိန်းများလည်း ပါဝင်သည်။ တရုတ်တို့ အမြတ်ထုတ်ရန်ကြိုးစားနေသော အခြားအရေးကြီးသည့် သယံဇာတတစ်ခုဖြစ်သည့် ‘ရေ’ ကိစ္စသည်လည်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအုပ်စုများနှင့် လူ့အခွင့်အရေးအုပ်စုများကို တပ်လှန့်သတိပေးသည့်အဆင့်သို့ ရောက်ရှိနေသည်။ ရုပ်သံသတင်းများ တွင် တွေ့ရှိကြရသည့် အတိုင်း ကချင်ပြည်နယ်ဒေသများတွင် တရုတ်ကုမ္ပဏီများက ရေလှောင်တမံများ ဆက်လက်တည်ဆောက်လျက် ရှိသည်။ ယင်းဒေသတွင် ပြီးခဲ့သော လ အနည်းငယ် အတွင်း မြန်မာအစိုးရတပ်များနှင့် ကချင်နယ်ခံ KIA တပ်များအကြား တိုက်ပွဲများ ပြန် လည် ဖြစ်ပွားခဲ့သည်။

တိုက်ပွဲများ ဖြစ်ပွားရာ စီမံကိန်းလုပ်ငန်းခွင်တစ်ဝိုက်နယ်မြေဒေသများမှ အိမ်မဲ့ယာမဲ့ ဖြစ် ရသော ဒေသခံအရပ်သားများအား ရိက္ခာနှင့် နေစရာ ထောက်ပံ့ပေးရမည့် တရုတ်တို့၏ တာဝန်ယူမှုအနေအထားကို The Burma Rivers Network က ထောက်ပြဝေဖန်ထားသည်။

ထိုအတောအတွင်း မြန်မာနိုင်ငံ၏ နေရာများစွာကို ရေနှင့် လျှပ်စစ်မီး မလုံလောက်မှု ပြဿနာက ဆက်၍ ဒုက္ခပေးနေဆဲ ဖြစ်ကြောင်း တွေမြင် နေရသည်။ ထို့အပြင် တရုတ် ဦးဆောင်စီမံကိန်းများက စီမံကိန်းဒေသများရှိ လယ်သမားများနှင့် ရေလုပ်သားများ၏ သက်မွေးဝမ်းကျောင်းလုပ်ငန်းများကို ခြိမ်းခြောက် လာမှုကြောင့် ဒေသခံအရပ်သားများ၏ ဒေါသမီးကို လှုံ့ဆော်ပေးလျက်ရှိသည်။

မြန်မာအစိုးရက ၎င်းစီမံကိန်းများသည် နိုင်ငံအတွက် များစွာလိုအပ်နေသော ဝင်ငွေကို ရှာဖွေပေးလိမ့်မည်ဟု ပြောဆိုနေသော်ငြားလည်း မြန်မာ ပြည်သူများအနေနှင့် သူတို့၏ ဘဝနှင့် တိုးတက်မှုအတွက် အသက်သွေးကြောဖြစ်သည့် ဒေါ်လာ ဘီလီယံနှင့်ချီ၍ တန်ဘိုးရှိသော သယံဇာတများ ခေါင်းပုံဖြတ်ခံနေရခြင်းသာ ဖြစ်ကြောင်း ယုံကြည်နေကြသည်။