11 September 2011

အမေရိကန်အစိုးရ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မြန်မာနိုင်ငံရောက်ရှိ

အမေရိကန်အစိုးရ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်နှင့် မူဝါဒရေးရာ ညှိနှိုင်းရေးမှူး Mr. Derek Mitchell နှင့် အဖွဲ့သည် စက်တင်ဘာလ (၉) ရက် သောကြာနေ့တွင် မြန်မာနိုင်ငံသို့ ရောက်ရှိလာပြီး ပြည်ထောင်စုလွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနှင့် အစိုးရတာဝန်ရှိသူများကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံခဲ့သည်။

Mr. Derek Mitchell သည် ပြည်ထောင်စုလွှတ်တော် နာယက၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်နှင့် ပထမဆုံး တွေ့ဆုံပြီးနောက် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ ပြန်ကြားရေးဝန်ကြီးဌာနနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်း၊ နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် မြန်မာ့စက်မှု ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေးတို့အား ဆက်လက် တွေ့ဆုံခဲ့သည်။

Mr. Derek Mitchell အား တွေ့ဆုံခဲ့သူများမှ တစ်ဦးဖြစ်သူ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်မှ “သူက လွှတ်တော်ရဲ့ ဥပဒေပြုရေးအဆင့်ဆင့်ကို သိလိုတယ်လို့ မေးပါတယ်။ အဲဒါကို ဒီဘက်က ဥပဒေပြုပုံ အဆင့်ဆင့်ကို ရှင်းပြပါတယ်။ နောက် မြန်မာနဲ့ အမေရိကန်ရဲ့ တရင်းတနှီး ဆက်ဆံလိုတဲ့ကိစ္စတွေ ရှိကြတယ်ပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ဒါက အာရှပစိဖိတ်ဒေသမှာ အရေးကြီးကြောင်းလည်း သူတို့က သိပါတယ်။ အဲဒီတော့ မြန်မာပြည်ရဲ့ အခုလက်ရှိ ပြုပြင်ပြောင်းလဲလာတဲ့ အခြေအနေတွေကို သူတို့ တော်တော်လေး စိတ်ဝင်စားတယ်။ ထဲထဲဝင်ဝင် ဆက်ဆံလိုတဲ့ သဘောကိုလည်း ပြပါတယ်။ သူတို့ဘက်ကလည်း လွှတ်တော်ရဲ့ ဥပဒေပြုမှုဟာ အားကောင်းနေမှ ပါလီမန် ဒီမိုကရေစီ စနစ်မှာ ဒီဥစ္စာက အရေးကြီးတယ် ဆိုတာ ပြောပြပါတယ်။ သူကတော့ အပြုသဘောတွေ့တယ်၊ နောက်လည်း တွေ့ချင်တယ်။ အခုလိုတွေ့ရတာ ၀မ်းသာတယ်။ ဒါကို ဆက်ဆံရေးအသစ် စတဲ့ သဘောပါပေါ့ဗျာ။ ဟိုတုန်းကထက် အပြုသဘောနဲ့ ဒီကာလလေးမှာ အပြောင်းအလဲတွေ ဖြစ်လာတယ်။ အပြုသဘောဆောင်တဲ့ဘက်ကို ပိုဦးတည် လာတယ် ဆိုတဲ့အခါကျတော့ သူလာရတဲ့ အကြောင်းရင်းကလည်း အဲဒါတွေပါ။ ဟိုတုန်းကနဲ့ အခုဟာ မတူခဲ့ဘူး။ အတိတ်ဟာ အတိတ်မှာ ကျန်ခဲ့ပြီလေ။ အဲဒီသဘောတွေလည်း ပါတာပေါ့။ ကျနော်တို့ ဆက်ပြီး လုပ်သွားနိုင်တဲ့ အခြေအနေက ရှေ့မှာရှိလာမယ်ဆိုတဲ့ သဘောပါ။ သူအကြံပြုချက်တွေကိုလည်း တလေးတစား နားထောင်ကြတယ်” ဟု တွေ့ဆုံပွဲ အခြေအနေများအား ပြောကြားသွားသည်။

Mr. Derek Mitchell သည် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ်အဖြစ် သမ္မတ ဘားရက် အိုဘားမားက အဆိုပြုထားသူ တစ်ဦးဖြစ်ပြီး အာရှနှင့်ပစိဖိရေးရာ ဒုတိယလက်ထောက် ကာကွယ်ရေးဝန်ကြီးလည်း ဖြစ်သည်။

Mr. Derek Mitchell သည် လာမည့် တနင်္လာနေ့တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန် စီစဉ်ထားပြီး၊ နိုင်ငံရေးပါတီများ၊ တိုင်းရင်းသား ခေါင်းဆောင်များ၊ NGO အဖွဲ့များနှင့်လည်းတွေ့ဆုံရန် စီစဉ်ထားသည်။

သတင်း.. Y C