02 December 2011

နားလည်မှုစွမ်းအားဖြည့်၍ PLHIVကို အားလုံးနှင့်အတူတူပဲဟု မြင်သင့်ကြောင်း World AIDS Day အခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည်မှ ပြောကြား



PLHIV ( HIV နှင့်အတူနေထိုင်သူများ)ကို နားလည်မှုစွမ်းအားတွေကိုဖြည့်၍ သီးခြားမမြင်ပဲ အားလုံးနှင့်အတူတူပဲဟု၍သာ မြင်သင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည် က ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့ တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံး၌ ပြုလုပ်သော World AIDS Day အခမ်းအနားတွင် ပြောကြားခဲ့သည်။

̏ အဓိကကတော့ ကိုယ်ခံစွမ်းအားကျခြင်းလို့ ဆိုတယ်။ ငါ့မှာဒီရောဂါရှိလို့ဆိုပြီးတော့ အားနည်းတဲ့စိတ်တွေမရှိပါနဲ့။ ဒါဟာ အပြစ်ကြီးလဲမဟုတ်ဘူး။ ကိုယ့်မှာဒီရောဂါရှိပါတယ်ဆိုပြီးတော့ သူများတွေကို အားငယ်နေစရာလဲ မလိုဘူး။ နားလည်တဲ့ လူတွေအားလုံးဟာ ဒီရောဂါရဲ့အခြေအနေကို သဘောပေါက်တယ်။ ဘယ်လိုမြင်ရမလဲဆိုတာကို သိတယ်။ နားမလည်တဲ့ သူတွေက သူတို့ကိုယ်တိုင် စွမ်းအားနည်းနေတဲ့သူတွေပဲ။ အဲတော့ ကျမတို့အားလုံးဟာ နားလည်မှုစွမ်းအားတွေကိုဖြည့်ပြီး အားလုံးဟာအတူတူပဲဆိုပြီးတော့ လက်တွဲပြီးဆောင်ရွက်သွားရမယ်။ အမှန်ပြောရရင် အမေ့အနေနဲ့ ဘာမှထူးထူးခြားခြား မမြင်ပါဘူး။ အားလုံးဟာ အတူတူပဲလို့ပဲမြင်တယ် ̋ ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့သည်။

လူတိုင်းသည် အသက်အရွယ်တစ်ခုသို့ရောက်လာပါက ရောဂါတစ်ခုမဟုတ်တစ်ခုရှိတတ်ကြောင်း လူသားဆိုသည်မှာ ပြီးပြည့်စုံခြင်း မရှိကြောင်း အဓိကအရေးကြီးသည်မှာ စိတ်ဓာတ်ပင်ဖြစ်ကြောင်း စိတ်ဓာတ်မှန်ကန်ပါက အရာအားလုံးကို ကျော်ဖြတ်နိုင်မည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆက်လက် အားပေးစကားပြောကြားခဲ့သည်။

̏လူတိုင်းလူတိုင်းဟာ အသက်အရွယ်ရောက်လာလို့ရှိရင်ရောဂါလေးတွေဟာ ရှိတတ်တာပဲ။ အမေတို့လဲရှိတာပဲ လူတိုင်း လူတိုင်းမှာ ဟိုဟာလေးချို့ယွင်းတာ ဒီဟာလေးချို့ယွင်းတာ ပေါ့နော်။ အဲတော့ ရောဂါဝေဒနာဆိုတာ ချို့ယွင်းချက် တစ်ခုပဲ။ လူသားများဆိုတာ ပြီးပြည့်စုံတယ်လို့မရှိပါဘူး။ အပြစ်အနာကင်းရှင်းတယ်လို့မရှိပါဘူး။ အရေးကြီးတာက စိတ်ဓာတ်ပဲ စိတ်ဓာတ်ကမှန်ကန်လို့ရှိရင် တခြားဟာတွေအားလုံးကို ကျော်ဖြတ်နိုင်တယ်။ အဲတော့ စိတ်ဓာတ်မှာ ဝေဒနာရှင်တွေရဲ့စိတ်ဓာတ်နဲ့ ဝေဒနာရှင်တွေအပေါ်မှာ ဂရုဏာသက်တဲ့သူတွေ နားလည်မှုရှိတဲ့သူတွေရဲ့ စိတ်ဓာတ် ဒီနှစ်ခုနဲ့ ပေါင်းပြီးတော့ ဆက်သွားမယ်ဆိုလို့ရှိရင် ဘာမှအားငယ်စရာမရှိဘူး ̋ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

အဓိကအားဖြင့် PLHIV ကလေးငယ်များကို ဝိုင်းဝန်း၍ ပံ့ပိုးစေချင်ကြောင်း ထိုကလေးငယ်များတွင် မျှော်လင့်ချက်များ ရှိကြောင်း ထိုမျှော်လင့်ချက်များအားလုံးကို ဖြည့်စည်းနိုင်ရန် ၎င်းနှင့်အတူ ဝိုင်းဝန်းရုန်းကန်ရမည်ဖြစ်ကြောင်း ဆက်လက် ပြောကြားသည်။

အရင်နှစ်တွေကဆိုရင် ကျမတို့တွေဟာ အနှေက်အယှက်တွေ အမျိုးမျိုးကိုခံခဲ့ရတယ်။ လူနာတွေကို နှင်ထုတ်တာတွေ ဘာတွေပေါ့။ အဲဒီ့မှာဘာတွေ့ရလဲဆိုရင် ကျမတို့အခက်အခဲတွေ့လာတိုင်း အမြဲတမ်းဝိုင်းဝန်းဖြေရှင်းပေးနေတဲ့ ကျမတို့ မြန်မာနိုင်ငံတွေထဲမှာ ရှိနေတဲ့ ပြည်သူပြည်သားတွေက အမြဲတမ်းဝိုင်းဝန်းဖြေရှင်းပေးနေတာကို တွေ့ရတယ် ̋ ဟု PLHIV (HIV နှင့် အတူနေထိုင်သူများ) ဂေဟာကို ဦးဆောင်ဖွင့်လှစ်ခဲ့သူ မဖြူဖြူသင်းကပြောသည်။

၂၀၁၁ ခုနှစ်တွင် လူငယ်များအနေနှင့် လူမှုရေးလုပ်ငန်းများတွင် ပါဝင်ပတ်သတ်မှုအခြေအနေသည် ၂၀၁၀ အရှေ့ပိုင်းနှစ် များထက်စာလျှင် ထူးထူးခြားခြား တိုးတက်လာသည်ဟု မြင်ကြောင်း မဖြူဖြူသင်းကပြောသည်။

ဒီနေ့ World AIDS Day အခမ်းးအနားကို လာရောက်ရတဲ့အတွက် ဝမ်းသာပါတယ်။ အခုလိုမျိုးပွဲလေးတွေလုပ်ပေးတော့ တစ်ခြားဝေဒနာရှင်တွေနဲ့ တွေ့ရတဲ့အခါ တစ်ယောက်နဲ့ တစ်ယောက် မိသားစုဝင်တွေလိုဖြစ်ရတယ်လေ။ အဲဒါကြောင့် ဒီလိုပွဲမျိုးလေးတွေ များများ လုပ်ပေးပါလို့ ပြောချင်ပါတယ် ̋ ဟု World AIDS Day အခမ်းအနားသို့ တက်ရောက် လာ သောPLHIV (HIV နှင့် အတူနေထိုင်သူ) တစ်ဦးကပြောသည်။

ယနေ့အခမ်းအနားသို့ ရုပ်ရှင်သရုပ်ဆောင်နှင့်အဆိုတော်ချစ်သုဝေ၊ အဆိုတော် စံလင်း၊ လင်းလင်း၊ ကိုရဲလွင်၊ ထက်ထက် စတဲ့အနုပညာရှင်များအပါအ၀င် အနုပညာရှင် ရဦးခန့်တက်ရောက်လာခဲ့ပြီး အခမ်းအနားတွင် သီဆိုဖျော်ဖြေသွားကြောင်း သိရှိရသည်။

သတင်းများ ပြန်လည်ဝေမျှ ပေးသော မြစ်မခ မီဒီယာအားကျေးဇူးတင်ရှိပါသည်။